ဇူလိုင် ၁၇၊ ၂၀၂၆
ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင် က ပွဲစားအမျိုးသမီး တစ်ဦး ပြုလုပ်ပေးတဲ့ မြန်မာလုပ်သား ၁၉ ဦးရဲ့ အထောက်အထားစာရွက်စာတမ်းတွေကို မင်္သကာသဖြင့် မြို့နယ် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး(ကျဟာငန်ရုံး) မှာ စစ်ကြည့်ရာ စာရွက်စာတမ်းအတုတွေ ဖြစ်နေတယ်လို့ မြန်မာလုပ်သားအရေးကူညီပေးတဲ့ WAGအလုပ်သမားမဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။
မြန်မာလုပ်သား တွေဟာ ပွဲစား အမျိုးသမီး ကို အထောက်အထားစာရွက်စာတမ်း ပြုလုပ်ခ အဖြစ် အလုပ်သမား တစ်ဦးလျင် ထိုင်းဘတ်ငွေ ၉၀၀၀ မှ ၁၂၀၀၀ အထိ ပေးခဲ့ရတယ်လို့ သိရပါတယ်။
""ပွဲစားလုပ်ပေးတဲ့စာရွက် တွေက မစုံသလို Scan လည်းဖတ်မရဘူး ဖတ်ရတဲ့ဟာတွေကလည်း မိန်းကလေးပုံဘဲ ပေါ်တယ် ဒီလို ဖြစ်နေတာတွေကို ပွဲစားကို အကြိမ်ကြိမ်တွေ့ပြီး ပြောပြတယ် ပွဲစားဘက်က ပြန်လဲပေးမယ်ဆိုပြီး ရက်တွေချိန်းလာတာ လနဲ့ချီလာတော့ နောက်ဆုံး WAGအဖွဲ့ထံ အကူညီ တောင်းခဲ့ရတာ လို့ ""နစ်နာသူ မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
မြန်မာအလုပ်သမားတွေရဲ့ အကူညီတောင်းခံမှုကြောင့် WAGအလုပ်သမားမဟာမိတ်အဖွဲ့က ဇူလိုင် ၁၅ရက် မှာ အလုပ်သမားတွေကို မြို့နယ်ကျဟာငန်ရုံးသို့ခေါ်ဆောင် သွားရောက်စစ်ဆေးခဲ့ရာစာရွက်စာတမ်းများမှာအတုများဖြစ်နေတဲ့ အတွက် ပွဲစားအမျိုးသမီးကိုတိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
""အလုပ်သမားတွေက မင်္သကာလို့ ကျဟာငန်ရုံးမှာ စစ်လိုက်တော့ စာရွက်တွေက အတုတွေဖြစ်နေတယ် ဒီတော့မှ ပွဲစားအမျိုးသမီးကသူယူထားခဲ့တဲ့ စာရွက်စာတမ်းဖိုးတွေကို စနေ့နေ့နေလည်ခင်းမှာ ပိုက်ဆံအကုန်ပြန်ပေးမယ်လို့ ကတိပြုလက်မှတ်ထိုးခဲ့တယ်""လို့ WAGအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ပွဲစားပြုလုပ်ပေးလိုက်တဲ့ စာရွက်စာတမ်း အတုတွေ ကြောင့် မြန်မာလုပ်သား ၁၉ဦးမှာ နေထိုင် အလုပ်လုပ်ကိုင်ရေးအတွက် အခက်ခဲ များစွာ ဖြစ်ပေါ်ခဲ့တဲ့အတွက် ၎င်းတို့လို မနစ်နာစေဖို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ စာရွက်စာတမ်း ပြုလုပ်ပါက သေချာစွာ လုပ်ကိုင်ပေးပြီး ယုံကြည်ရတဲ့ ပွဲစား များနဲ့သာ လုပ်ဆောင်ကြဖို့ နစ်နာသူမြန်မာလုပ်သားတွေက အသိပေးထားပါတယ်။









