ဇူလိုင် ၁၀၊ ၂၀၂၆
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စီလာချာ (Si Racha) မြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁၁ ဦးမှာ လုပ်အားခ ဘတ် ၂ သန်းကျော် မရရှိတဲ့အပြင် အလုပ်ရှင်ရဲ့ အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခြင်းကို ခံခဲ့ရကြောင်း ယင်းအမှုကို ကူညီဆောင်ရွက်ပေးနေသည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
အလုပ်သမား ၁၁၁ ဦးတွင် အမျိုးသား ၈၁ ဦးနှင့် အမျိုးသမီး ၃၀ ဦး ပါဝင်ပြီး၊ အဆိုပါလုပ်ငန်းတွင် အလုပ်ရရှိရန် ၀န (အလုပ်သမားခေါင်းဆောင်) ထံ လူတစ်ဦးလျှင် စမတ်ကြေး ဘတ် ၂,၀၀၀ စီ ပေးဆောင်ခဲ့ရကြောင်း သိရပါတယ်။၎င်းတို့ဟာ အဆိုပါလုပ်ငန်းခွင်တွင် လုပ်သက် ၁ နှစ်မှ ၃ နှစ်အထိ ရှိနေသူများဖြစ်ကြတယ်လို့ဆိုပါတယ်။
WAG အလုပ်သမားမဟာမိတ်အဖွဲ့ရဲ့ ပြောကြားချက်အရ အလုပ်ရှင်ဟာ အလုပ်သမားတစ်ဦးလျှင် ရက် ၄၀ စာ လုပ်အားခ ဘတ် ၂၀,၀၀၀ ဝန်းကျင်ကို ပေးချေရန် ကျန်ရှိနေပြီး၊ အလုပ်သမား ၁၁၁ ဦးအတွက် စုစုပေါင်း လုပ်အားခ ဘတ် ၂,၂၂၀,၀၀၀ ခန့်ကို မရှင်းလင်းဘဲ ဇွန်လ ၂၇ ရက်တွင် လုပ်ငန်းကို ရပ်နားကာ အလုပ်သမားများအား အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။
လုပ်အားခများ မရရှိသေးတဲ့ အပြင် အလုပ်လက်မဲ့ ဖြစ်သွားခြင်းကြောင့် မြန်မာအလုပ်သမား ၁၀၀ ကျော်နှင့် ၎င်းတို့ရဲ့ မိသားစုဝင်များမှာ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာလုပ်သားများက ကျန်ရှိနေတဲ့ လုပ်အားခများ ပြန်လည်ရရှိနိုင်ဖို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အရေးကိစ္စများကို ကူညီဆောင်ရွက်ပေးနေသည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံခဲ့ပြီး၊ WAG ဘက်ကလည်း အမှုကို လက်ခံကာ ဥပဒေလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လုပ်အားခ မရရှိဘဲ အလုပ်ထုတ်ပယ်ခံရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး၊ ၎င်းကဲ့သို့ လုပ်ခလစာ မရရှိခြင်းနှင့် အလုပ်လက်မဲ့ ဖြစ်သွားခြင်းတို့ကြောင့် စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြားလည်း ရှိနေကြောင်း သိရပါတယ်။









