ARTICLE

လုပ်သားတွေ စားဝတ်နေရေး ပြေလည်မှ နိုင်ငံစီးပွား လည်ပတ်မယ် (အတွေးအမြင်)

CoverLogo
30 Views
 
နိုင်ငံတစ်ခုရဲ့ စီးပွားရေးအဆောက်အအုံကို စက်ယန္တရားကြီးတစ်ခုအဖြစ် တင်စားမယ်ဆိုရင် အစိုးရဝန်ထမ်းတွေနဲ့ CMP လုပ်သားတွေဟာ အဲဒီစက်ယန္တရားကြီး လည်ပတ်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ "အင်ဂျင် အစိတ်အပိုင်း တွေ" ပဲ ဖြစ်ပါတယ်။
 
ဒီအင်ဂျင်အစိတ်အပိုင်းတွေ ချောမွေ့စွာ လည်ပတ်နိုင်ဖို့အတွက် ဆီနဲ့ ရေ မှန်ကန်စွာ ဖြည့်တင်းပေးရသလိုပဲ၊ နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍတွေ အရှိန်ရဖို့ဆိုရင် အဓိကမောင်းနှင်အားဖြစ်တဲ့ လုပ်သားထုရဲ့ "စားဝတ်နေရေး" ဟာ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး လိုအပ်ချက် ဖြစ်ပါတယ်။
 
လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြင်ကွင်းမှာတော့ ထိုအခြေခံအုတ်မြစ်ဟာ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကုန်ဈေးနှုန်းက ကောင်းကင်ဘုံမှာ ရောက်နေချိန်မှာ လုပ်သားတွေရဲ့ ဝင်ငွေကတော့ မြေပြင်မှာပဲ ရပ်တန့်နေတဲ့အတွက် "စားဝတ်နေရေး မပြေလည်ခြင်း" ဆိုတဲ့ ပြဿနာဟာ လူတစ်ဦးချင်းစီရဲ့ ဒုက္ခတင်မကတော့ဘဲ တစ်နိုင်ငံလုံးရဲ့ စီးပွားရေးလည်ပတ်မှုကို ဟန့်တားနေတဲ့ အဟန့်အတားကြီး ဖြစ်လာပါတယ်။
 
မြန်မာ့စီးပွားရေး အဆောက်အအုံအတွင်းမှာ အဓိကမောင်းနှင်အားဖြစ်တဲ့ အစိုးရဝန်ထမ်း ၁ သန်းကျော်နဲ့ CMP လုပ်သား ၇ သိန်းဝန်းကျင်ဟာ လက်ရှိမှာတော့ "ဝင်ငွေနှင့် ထွက်ငွေ မမျှတမှု" ဆိုတဲ့ ကြောက်မက်ဖွယ် သံသရာ စက်ကွင်းထဲမှာ ပိတ်မိနေကြပါတယ်။
 
မူဝါဒအမှား၏ ဓားစာခံများ
 
အစဉ်အလာအရ အစိုးရက ဝန်ထမ်းလစာ တိုးမြှင့်ပေးလိုက်ရင် ငွေကြေးဖောင်းပွမှု တက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ လစာကို ထိန်းချုပ်ထားလေ့ရှိပါတယ်။
 
ဒီ Logic က အပြင်ပန်းကြည့်ရင် မှန်သယောင်ရှိပေမဲ့ လက်တွေ့မှာတော့ မှားယွင်းနေပါတယ်။ အစိုးရဝန်ထမ်းလစာကို အသေသတ်ထားပေမဲ့ ပြင်ပဈေးကွက်မှာ ကုန်ဈေးနှုန်းကတော့ အဆမတန် တက်နေလို့ ဝန်ထမ်းတွေရဲ့ ဝယ်ယူနိုင်စွမ်းဟာ ပျောက်ဆုံးနေပါပြီ။
 
ပိုဆိုးတာက ဒီလိုအစိုးရဝန်ထမ်းလစာ မတိုးရင် ပြဿနာတွေရှိလာနိုင်တဲ့ ဆိုတာကို အကြောင်းပြပြီး CMP ကဏ္ဍက အလုပ်သမားတွေကို အခြေခံလုပ်ခလစာ (Minimum Wage) ကို တိုးမြှင့်မပေးဘဲ အချိန်ဆွဲထား ကြတာဖြစ်ပါတယ်။ ဒါဟာ အစိုးရဝန်ထမ်းထုကို အတားအဆီးတစ်ခုလို အသုံးချပြီး ပုဂ္ဂလိကလုပ်သားတွေရဲ့ အခွင့်အရေးကိုပါ ပိတ်ပင်ထားသလို ဖြစ်နေပါတယ်။
 
ဒီလို အကြောင်းပြတာကို ပြီးခဲ့တဲ့ နှစ်တွေ့မှာ တွေ့ရပါတယ်။
လူမှုကွန်ရက်မှာ လုပ်ခလစာတိုးပေးတဲ့ လုပ်ငန်းရှင်တွေကို အာဏာသိမ်းစစ်တပ် ဖမ်းဆီးထိန်းသိမ်းတာတွေ လုပ်ခဲ့တာပါ၊ ဒီ အဖြစ်အပျက်ရဲ့ သက်ရောက်မှုက CMP ကဏ္ဍက လုပ်ငန်းရှင်တွေကို သက်ရောက်မှုရှိသွားပြီး ခေတ်ကာလနဲ့ လျှော်ညီတဲ့ လုပ်ခလစာတိုးမြှင့်ပေးဖို့ အတားအဆီးကြီးကြီးမား ဖြစ်သွားတာပါ။
 
ဒါကြောင်လည်း CMP အလုပ်သမားတွေဟာ အခုအချိန်အထိ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို အခွင့်အရေးတွေပါ ဆုံးရှုံးခဲ့ရတာ ။ အထင်အရှားဆုံး အခွင့်အရေးဆုံးရှုံးမှုက ထောက်ပံကြေးကို ၃ ကြိမ်တိုးမြှင့်သတ်မှတ်ခဲ့ပေမဲ့ အခြေခံလုပ်ခလစာက ၄၈၀၀ ပဲ သတ်မှတ်ထားသေးတာပါ။
 
ဒါနဲ့ ပတ်သက်တဲ့ အခွင့်အရေး ဆုံးရှုံးမှုက အချိန်ပို ကြေး သတ်မှတ်မှု နစ်နာတာနဲ့ အငြင်းပွားကြတာ၊ အလုပ်ထွက်တဲ့ အခါ လုပ်ခလစာ လျှော့ပေးခံရတာ၊ စက်ရုံပိတ်သိမ်းတဲ့ အချိန် အနည်းဆုံး အနိမ်ဆုံး လုပ်ခလစာနဲ့ တွက်ချက်ပေးလျှော်တာတွေပါ ။
 
နိုင်ငံခြားငွေနှင့် လုပ်သားတို့၏ နစ်နာမှု
 
တကယ်က CMP လုပ်ငန်းတွေဟာ နိုင်ငံခြားပို့ကုန်ကနေ ဒေါ်လာနဲ့ ဝင်ငွေရရှိနေကြတာပါ။ ဒါပေမဲ့ လုပ်သားတွေကတော့ ၂.၅ ဒေါ်လာနဲ့ ၃ ဒေါ်လာကြား မြန်မာကျပ်ငွေကို ဒေးကြေးလစာနေနဲ့သာ ရရှိနေ ကြပါတယ်။ ဒေါ်လာနဲ့ ဝင်ငွေရရှိနေတဲ့ လုပ်ငန်းတွေမှာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး နစ်နာဆုံးရှုံးမှုနဲ့ လုပ်ကိုင်နေကြပေမဲ့ နိုင်ငံခြားငွေဝယ်ယူနေပါတဲ့ စားဆီတောင် ပြင်ပ ဈေးကွက် သတ်မှတ်ဈေးနဲ့ ဝယ်ယူ သုံးစွဲကြရတာပါ။
 
ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းတွေ၊ လောင်စာ ဆီတွေကို CMP ကဏ္ဍက ရတဲ့ နိုင်ငံခြားငွေတွေ ဝယ်ယူနေလို့လည်း အဆောင်ခတွေ ကြီးမြှင့်မှု၊ လူသုံးကုန်နဲ့ စားသောက်ကုန်အတွက် ကုန်ကျငွေကို အမြဲ ဖိစီးနေတာပါ။
လူနေမှု စာရိတ်နဲ့ ကုန်ဈေးနှုန်းမြင့်မားမှုတွေက အလုပ်အကိုင်ရွေးချယ်ခွင့်နဲ့ တည်မြဲရေးကို စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။
 
စားဝတ်နေရေး ဖိအားနှင့် ရေရှည်အကျိုးဆက်
 
စားသောက်စရိတ်နဲ့ နေထိုင်စရိတ်တွေက တစ်လထက်တစ်လ မြင့်တက်နေချိန်မှာ လစာက ရပ်တန့်နေတဲ့ အတွက် လုပ်သားထုဟာ အဟာရချို့တဲ့မှု၊ ကျန်းမာရေးချို့တဲ့မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ပြင်းထန်စွာ ခံစားနေရပါတယ်။
ဒါက ရေရှည်မှာ - အလုပ်သမားတွေက ပြည်ပကို ထွက်ခွာလို့ ကျွမ်းကျင်လုပ်သားရှားပါးလာတာ၊ စိတ်ဓာတ် ကျနေတဲ့ ဝန်ထမ်းတွေဆီက အရည်အသွေးရှိတဲ့ လုပ်ဆောင်ချက်တွေ မရတော့ဘဲ ထုတ်လုပ်မှု စွမ်းအား ကျဆင်းလာတာနဲ့ ဆင်းရဲမွဲတေမှုကြောင့် ခိုးဆိုးလုယက်မှုနဲ့ လူမှုရေးပြဿနာများ တိုးပွားလာပြီး လူမှုရေး မတည်ငြိမ်မှုကို ဖြစ်ပေါ်စေပါတယ်။
 
ဘယ်လိုအဖြေရှာသင့်သလဲ ဒီအကျပ်အတည်းက ထွက်မြောက်ဖို့ဆိုရင် အစိုးရက ဝန်ထမ်းလစာကို "ငွေကြေးဖောင်းပွမှု" (Inflation) နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ညှိနှိုင်းပေးဖို့ လိုသလို၊ CMP ကဏ္ဍမှာလည်း အနိမ့်ဆုံးလုပ်ခလစာကို လက်ရှိ ပေါက်ဈေးနဲ့ အညီ အမြန်ဆုံး ပြင်ဆင်သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။
 
အလုပ်ရှင်တွေအနေနဲ့လည်း နိုင်ငံခြားငွေကနေရတဲ့ အကျိုးအမြတ်ကို လုပ်သားတွေရဲ့ သက်သာချောင်ချိရေးမှာ ပြန်လည်ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်။
 
အချုပ်အားဖြင့် အစိုးရဝန်ထမ်းဖြစ်စေ၊ CMP လုပ်သားဖြစ်စေ သူတို့ဟာ နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်ပါတယ်။
 
အုတ်မြစ်တွေ ဆွေးမြည့်နေရင် အဆောက်အအုံတစ်ခုလုံး ပြိုကျဖို့ပဲ ရှိပါတယ်။ ဒါကြောင့် "လစာတိုးရင် ကုန်ဈေးနှုန်းတက်မယ်" ဆိုတဲ့ အယူအဆဟောင်းကို စွန့်ခွာပြီး "လုပ်သားတွေ စားဝတ်နေရေး ပြေလည်မှ နိုင်ငံစီးပွားလည်ပတ်မယ်" ဆိုတဲ့ အမြင်သစ်နဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုနေပြီ ဖြစ်ပါတယ်။

Related posts

Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
"မေတ္တာနဲ့ အသိအမှတ်ပြုမှု တောင်းဆိုခြင်း - လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်နဲ့ လူမှုဝန်းကျင်တစ်ခု"
Mar 08, 2026
Cover
Pad သည် စစ်လက်နက်မဟုတ်သလို၊ ဇိမ်ခံပစ္စည်းလည်း မဟုတ်ပါ
Mar 06, 2026
Cover
၁၂,၀၀၀ ကျပ်က ဇိမ်ခံဖို့ မဟုတ်၊ အသက်ဆက်ဖို့
Feb 26, 2026
Cover
တစ် နဲ့ တစ် ပေါင်းပြီး သုည ဖြစ်နေတဲ့ လူသားတန်ဘိုး ဆုံးရှုံးမှု၊ ဆင်းရဲမှု သံသရာ နဲ့ လူမှု တရားမျှတမှု
Feb 20, 2026
Cover
ပျောက်ဆုံးနေသည့် အနာဂတ်များ
Feb 12, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026