ARTICLE

"ဒစ်ဂျစ်တယ် ကျည်ကာအင်္ကျီ"

CoverLogo
58 Views

ကျည်ကာအင်္ကျီ ဆိုတာ ကိုယ့်အသက်အန္တရာယ် ပေးနိုင်တဲ့ လက်နက်တွေကနေကာကွယ်ဖို့ ခန္ဓာကိုယ် မှာ ဝတ်ဆင်ရတဲ့ အဝတ်အထည် ပုံစံတစ်မျိုးပါ။ 

ဒစ်ဂျစ်တယ် ကျည်ကာအင်္ကျီ လို့ခေါ်ဆိုရခြင်းက အွန်လိုင်းကနေ ခြိမ်းခြောက်မှုတွေကနေ ကာကွယ်နိုင်ဖို့ လူတိုင်းသိထားရမယ့် အခြေအနေ ကို ဆိုလိုတာပါ။ 

ဒီလို သိထားရင် ကျည်ကာအင်္ကျီ ဝတ်ထားသလိုအွန်လိုင်းကနေ ခြိမ်းခြောက်ခံရတဲ့ အခြေအနေကို ဖြေရှင်းကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ 

ကျည်ကာအင်္ကျီ ဆိုတာ ဝတ်ဆင်ထိတွေ့ရတာ ဖြစ်ပေမယ့် ဒစ်ဂျစ်တယ် ကျည်ကာအင်္ကျီ ဆိုတာကတော့အွန်လိုင်းကနေ ခြိမ်းခြောက်မှုတွေ ကြုံရပြီ ဆိုရင် ဘယ်လိုရင်ဆိုင်ရမယ်၊ ဘာတွေ သတိပြုရမယ်၊ ဘာတွေကို ပြင်ဆင်ရမယ် ဆိုတဲ့ ဒစ်ဂျစ်တယ် လုံခြုံရေးအသိနဲ့ ကြိုတင်လေ့လာ ကာကွယ်ထားဖို့ ဖြစ်ပါတယ်။ 

ဒစ်ဂျစ်တယ် ခေတ်မှာ AI( ဉာဏ်ရည်တု နည်းပညာ ) နဲ့ အလျင်အမြန် သွားနေတဲ့အခြေအနေမှာ လူမှုကွန်ယက်တွေကနေ လူတစ်ယောက်က တစ်ယောက်ကို ခြိမ်းခြောက်ဖို့ လွယ်ကူလာပါတယ်။ 

ကမ္ဘာပေါ်မှာ ဆယ်ကျော်သက်မိန်းကလေးနဲ့ အမျိုးသမီး သုံးဦးမှာ တစ်ဦး က အကြမ်းဖက်မှု ခံစား နေရတဲ့အခြေအနေရှိနေတယ်လို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ UN Women က ဖော်ပြထားချက်အရ သိရပါ တယ်။ 

အကြမ်းဖက်ခံရမှုမှာ ခန္ဓာကိုယ်ကိုတိုက်ရိုက် အကြမ်းဖက်ခံရမှုတွေအပြင် အွန်လိုင်းက နေခြိမ်းခြောက်၊အကြမ်းဖက်ခံရမှုတွေလည်း တိုးလာနေပါတယ်။ 

အွန်လိုင်းကနေ နှောင့်ယှက်ခြင်း၊ စောင့်ကြည့်နောက်ယောင်ခံနေရခြင်း နဲ့ ခြိမ်းခြောက်မှုတွေကို ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးများ အားလုံးရဲ့ ၃၈ ရာခိုင်နှုန်းက ကိုယ်တိုင်ခံစား ကြုံတွေ့နေရတယ် လို့ UN ကလည်း ထုတ်ပြန်ထားပါ တယ်။ 

အွန်လိုင်းကနေ ထိပါးနှောင့်ယှက်မှုတွေ၊ ‌ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဖန်တီးထားတဲ့ ရုပ်သံ၊ ဓာတ်ပုံ အတုတွေ (deepfakes) နဲ့ အမုန်းစကားတွေဟာ နေ့စဥ်ပြန့်ပွားလာနေပါတယ်။ 

အွန်လိုင်းကနေ အကြမ်းဖမ်းခံရတာကလည်း အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေပြီး လက်တွေ့ဘဝမှာ နှုတ်ပိတ်နေရတာ ၊ ဖယ်ကျဉ်ခံရတာ နဲ့ စိတ်ဒဏ်ရာတွေရတာ စတဲ့ ရိုက်ခတ်မှုတွေကြုံတွေ့ရပါတယ်။ 

ဒါ့အပြင်အွန်လိုင်းကနေ နှောက်ယှက်ခံနေရမှုက ကိုယ့်ကို တိုက်ရိုက်လာမထိဘူးလို့ မှတ်ယူလို့မ ရနေဘဲ အွန်လိုင်းခြိမ်းခြောက်မှုကနေ လက်ရှိကိုယ်နေထိုင်တဲ့ နေရာအထိ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရ နိုင်ပါတယ်။ 

အွန်လိုင်းမှာ ကျူးလွန်သူက အမည်မဖော်ဘဲ ကျူးလွန်နေနိုင်ပြီး ပြန့်နှံ့မှုပိုအားကောင်းခြင်းတို့ကြောင့် ပိုမိုဆိုးရွားစေနိုင်တယ်လို့လည်း ကမ္ဘာကျန်းမာရေးအဖွဲ့က အသိပေးထားပါတယ်။ 

အဲဒီလိုအခြေအနေတွေ အမျိုးသမီးနဲ့ ဆယ်ကျော်သက်ကလေးငယ်တွေ ကြုံတွေ့နေရပေမယ့် ထိရောက်တဲ့ကာကွယ်မှုမျိုးမရှိသေးပါဘူး။ 

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအနက် သုံးပုံတစ်ပုံ ကျော် အရေအတွက် ကသာ ဆိုက်ဘာနှောင့်ယှက်မှု (cyber harassment) နဲ့ ဆိုက်ဘာနောက်ယောင်ခံလိုက် ခြင်း (cyberstalking) ကို ကိုင်တွယ်ဖြေရှင်းဖို့ ဥပဒေတွေ ပြဋ္ဌာန်းထားတယ်လို့ UN ကထုတ်ပြန်ထား ပါတယ်။ 

အဲဒီအခြေအနေကြောင့် ကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူနိုင်ခြင်း မရှိသလို၊ ထိခိုက်ခံစားရသူများ အနေနဲ့လည်း တရားမျှတမှု ရရှိရန် အခက်အခဲများ ရှိနေပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့လည်း လက်ရှိအခြေအနေအရ တရားဥပဒေစိုးမိုးမှု အားနည်းနေတဲ့အချိန်မှာ အွန်လိုင်းကနေ အကြမ်းဖက်ခံရမှုတွေကို ထိထိရောက်ရောက် မဖြေရှင်းနိုင်သေးပါဘူး။ 

ဒါကြောင့် အင်တာနက်သုံးစွဲနေသူ အမျိုးသမီးတွေ၊ ကလေးငယ်တွေ ကိုယ်ကိုယ်တိုင် ကာကွယ်ဖို့ ဒစ်ဂျစ်တယ် ကျည်ကာအင်္ကျီကို ဝတ်ဆင်ထားသင့်ပါတယ်။ 

အွန်လိုင်းကနေခြိမ်းခြောက်မှုတွေကို ဥပဒေနဲ့ ထိန်းချုပ်နိုင်မှု အားနည်းနေတဲ့ အချိန်မှာ ကိုယ်တိုင်ပဲ တိကျတဲ့ ထိန်းချုပ်ကာကွယ် ရေးနည်း လမ်းတွေ သိထားဖို့ လိုနေပြီဖြစ်ပါတယ်။ 

အွန်လိုင်းကနေ ခြိမ်းခြောက်မှုတွေကို ဘယ်လို ဖြေရှင်းမလဲ မစဉ်းစားခင် ကိုယ်ကြုံတွေ့ရတဲ့ ခြိမ်းခြောက်ခံရမှု အခြေအနေကို ခွဲခြမ်းစိတ်ဖြာ ပြီး အသေးစိတ်သိဖို့ လိုအပ်ပါတယ်။ အွန်လိုင်းကနေ ခြိမ်းခြောက်ခံရမှု တစ်ခု ကြုံတွေ့လာရတာနဲ့ တိကျတဲ့ အချက်အလက်ရရှိဖို့ ဒီမေးခွန်းတွေ အရင်မေး နိုင်ပါတယ်။ 

ဘယ်မှာလဲ၊ ဘယ်အချိန်လဲ၊ ဘာဖြစ်တာလဲ၊ ဘယ်သူတွေပါလဲ၊ ဘာကြောင့်လဲ၊ဘယ်လိုလဲ စတဲ့ “ဘ”ခြောက်လုံးလို့ခေါ်တဲ့ မေးခွန်းတွေနဲ့ အသေးစိတ် ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ 

ခြိမ်းခြောက်မှုတွေ ကို ဘယ်နေရာမှာ လုပ်လေ့ရှိလဲ။ 

နေရာလို့ ပြောတဲ့အခါ အွန်လိုင်း ခြိမ်းခြောက်မှုတွေ ကို ဘယ်ချန်နယ်မှာ၊ ဘယ်အပလီကေးရှင်း မှာ အများဆုံးတွေ့မြင်ရတဲ့ နေရလဲ။ 

ဥပမာ ဖေ့ဘုတ်၊ အင်စတာဂရမ်၊ တယ်လီဂရမ်၊ ဆစ်ဂနယ်၊ ဗိုက်ဘာ။ ဆိုရှယ်လူမှုကွန်ယက်မှာ ကိုယ့်ရဲ့အကောင့် လုံခြုံရေးကို အထူးဂရုစိုက်ပါ။ 

အွန်လိုင်းကနေ ခြိမ်းခြောက်မှုခံရရင် အဲဒီ ခြိမ်းခြောက်မှုက ဘာတွေလဲ၊ ဘယ်လို အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှု ပုံစံလဲ၊ ဥပမာ အုပ်စုဖွဲ့ ခြိမ်းခြောက်တာလား၊ တစ်ဦးချင်း လား၊ ကိုယ်အန္တရာယ်ဖြစ်စေဖို့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်ကို မျှဝေခံရတာလား ဆိုတာမျိုးကို မှတ်သားထားပါ။ 

ခြိမ်းခြောက်ခံရမှုကို ကျော်မသွားပဲ မှတ်တမ်းယူထားပါ၊ ရနိုင်သမျှ သက်သေတွေကို စုထားပါ။ Message အားလုံး နေ့ရက်၊ ပေးပို့သူအမှတ်အသားပါတဲ့ screenshot များယူပြီး လုံခြုံစွာသိမ်းထားပါ။ 

ဘယ်အချိန်တွေမှာ ခြိမ်းခြောက်ခံရလဲ။ ဥပမာ- ရုံးမှာလား၊ အိပ်မှာလား၊ တစ်ယောက်ထဲ ရှိနေတဲ့ အချိန်လား။ ခြိမ်းခြောက်ခံရတဲ့ အခါမှာ ဘယ်သူနဲ့ အတူရှိနေလဲ၊ 

မိသားစု၊သူငယ်ချင်း၊ လုပ်ဖော်ကိုင် ဖက်တွေ နဲ့ရှိနေရတဲ့အချိန်လား။ တကယ်လို့ ကိုယ်တစ်ယောက်ထဲ ရှိနေတဲ့အချိန် ဆိုရင် တစ်ယောက် ထဲ မရင်ဆိုင်ပါနဲ့၊ ခြိမ်းခြောက်ခံရလို့ ကြောက်ရွံ့တာ၊ ဘယ်လို ဖြေရှင်းရမှန်း မသိရင် ရင်းနှီးရသူဆီ ဒါမှမဟုတ် မိသားစုဝင်တွေဆီကို ဖွင့်ပြောပါ၊ တိုင်ပင်ပါ၊ ကျွမ်းကျင်သူတွေဆီက အကြံဉာဏ်ကို ရယူဖို့လိုပါတယ်။ 

ဘာကြောင့်ခြိမ်းခြောက်ခံရတာလဲ ၊ ခြိမ်းခြောက်ခံရမှု ဖြစ်နိုင်ချေ အကြောင်းအရင်း၊ ဥပမာ - မိမိ အလုပ်အကိုင်ကြောင့်လား၊ ကိုယ်ရေးကိုယ်တာ အကြောင်းအရင်းကြောင့်လား ဆိုတာအကြောင်း အရင်းကိုရှာပါ။ 

နောက်ဆုံးအနေနဲ့ ကိုယ်ကြုံတွေ့ခဲ့ရတာကို ဘယ်လိုထိန်းချုပ်ကာကွယ်မလဲ။ 

ဒီနေ့ အခြေအနေမှာ နိုင်ငံရေးမှာ ထင်ရှားကျော်ကြားသူတွေ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ နဲ့ သတင်းသမားတွေ ထဲမှာ အမျိုးသမီးတွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်ခံရမှုတွေ ပိုမိုကြုံတွေ့လာနေရပါတယ်။ 

ဒါတွေ ကြုံတွေ့ရပြီဆိုရင် ဘယ်လိုဖြေရှင်းရမယ် ဆိုတာ ကြိုတင် စဉ်းစားထားသင့်ပါတယ်။ 

ဥပမာ ကိုယ့်ရဲ့ ပုဂ္ဂလိကအချက်အလက်တွေ၊ မိသားစုဝင်အကြောင်းတွေ အွန်လိုင်းမှာ ဖြန့်ဝေခံရပြီဆိုရင် ပျံ့နှံမှု ကိုထိန်းချုပ်ပေးတဲ့ ပလက်ဖောင်းတွေဆီ အကြောင်းကြားပါ။ 

အွန်လိုင်းကနေ ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေကို အွန်လိုင်းအရေးပေါ်ဝန်ဆောင်မှုရဲ့ အကူအညီပေးရေး ချန်နယ်လ်တွေကို တိုင်ကြားပါ။ 

ဥပမာ - Stop Online Harm လိုအဖွဲ့တွေထံ ချိတ်ဆက်အကူအညီတောင်းပါ။ ခြိမ်းခြောက်ခံရမှုကြောင့် စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်တယ် ဆိုရင် ကူညီပေးနေတဲ့အဖွဲ့တွေဆီ ချိတ်ဆက်ရပါမယ်။ 

လူတိုင်း အင်တာနက်သုံးနေတဲ့ ခေတ်မှာအွန်လိုင်းကနေ အမျိုးသမီးတွေကို အကြမ်းဖက်ခွင့်မပေးဖို့ လိုပါတယ်။ 

ကိုယ်တိုင် ဒါမှမဟုတ် ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ အွန်လိုင်းအကြမ်းဖက်မှုတွေကို ဒီအတိုင်း ကျော်မသွားဘဲ၊ ငုံ့မခံဘဲ ပြန်လည်ရင်ဆိုင်နိုင်ဖို့ ဒစ်ဂျစ်တယ် ကျည်ကာအင်္ကျီကို လူတိုင်း ဆောင်ထားဖို့လိုအပ်ပါတယ်။ 

(ယခု ဆောင်းပါးဖြစ်မြောက်ရေးအတွက် CENTER FOR JOURNALISM AND TRAUMA ASIA PACIFIC မှ ပံ့ပိုးကူညီသည်။) 

 


Related posts

Cover
အာဆင်းနစ် မြစ်ဝှမ်းမှ မိခင်များနှင့် မျိုးဆက်သစ်တို့အတွက် ခြိမ်းခြောက်မှု
Sep 01, 2026
Cover
ကျောတခင်းအတွက် ရုန်းကန်နေရသည့် ပြည်တွင်းရွှေ့ပြောင်း အလုပ်သမားများ
Jun 24, 2026
Cover
EC စာချုပ်အရ အလုပ်ထုတ်မှု ဥပဒေ လိုက်နာမှုလား ချိုးဖောက်မှုလား။
May 29, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
ကုန်ကြမ်းမဟုတ်သော နှလုံးသားများ  (မေဒေး အထူးဆောင်းပါး)
May 01, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ဗီနိုင်းထက်က ILO နှင့် မြေပြင်က ဖိနှိပ်မှုများ- Bontech စက်ရုံဖြစ်စဉ် ဆန်းစစ်ခြင်း
Mar 23, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026