ဇွန်လ ၅ ရက်နေ့ဟာ ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်နေ့ (World Environment Day) ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲက ရွှေနဲ့ သတ္တု တူးဖော်မှုတွေကြောင့် ထိုင်း-မြန်မာနယ်စပ် ထိုင်းမြောက်ဒေသက မြစ်ချောင်းတွေ အတွင်းမှာ ဓါတု အဆိပ်သင့်ရပြီး သဘာ၀ပတ်ဝန်းကျင်နဲ့ လူမှုဘ၀တွေ အကြီးအကျယ်ထိခိုက်စေတာကြောင့် ထိုင်းသံဃာတော်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းကာ ဒေသခံပြည်သူများ အစိုးရများသတိပြုမိစေရန်နှင့် လူမှုပတ်ဝန်းကျင်က ဂေဟစနစ်ပြဿနာကို အလေးထားလာစေရန်အတွက် ကီလိုမီတာ ၆၀ (၃၇ မိုင်ခန့်) ခရီးကို လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
၆ ရက်တိုင် ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်းနဲ့အတူ မြန်မာနိုင်ငံက သတ္တုတွင်းလုပ်ငန်းများမှ ထွက်ရှိသော အဆိပ်သင့်ဓာတုပစ္စည်းများကြောင့် ဂေဟစနစ် ပျက်စီးပြီး ဒေသခံပြည်သူများ၏ လူနေမှုဘဝကို ထိခိုက်နေသည့် အကျပ်အတည်းကို ဖော်ထုတ်ခဲ့ကြပြီး၊ အခြေအနေများ နောက်ကျမသွားမီ အစိုးရအနေဖြင့် နိုင်ငံတကာယန္တရားများကို အသုံးပြုကာ အရေးပေါ် ဖြေရှင်းပေးရန် ထောက်ပြတောင်းဆိုထားပါတယ်။
သက်ဆိုင်ရာကွန်ရက်အဖွဲ့က အစိုးရအနေဖြင့် သံတမန်ရေးရာနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ယန္တရားများကို အသုံးပြုကာ အရင်းအမြစ်ဖြစ်သော သတ္တုတွင်း ပြဿနာကို ထိရောက်စွာ ဖြေရှင်းပေးရန်၊ ပြည်သူများအတွက် ကုစားမှုများ ပြုလုပ်ပေးရန်နှင့် ဂေဟစနစ်ကို အမြန်ဆုံး ပြန်လည်သက်ဝင်လာအောင် ဆောင်ရွက်ပေးရန် တောင်းဆိုထားပါတယ်။
ချင်းမိုင်ခရိုင်၊ မယ်အိုင်မြို့နယ်၊ ဝပ်ထာတွန် (Watthatorn) တိုက်အုပ်ဆရာတော်နှင့် ဝပ်ဘာဝနာနိမိတ် (ဝပ်နမ်ယွန်) ကျောင်းထိုင်ဆရာတော် (Phra Maha Nikhom Mahabhinikkhamano) နှင်သံဃာတော်များ၊ အရပ်ဘက်ပြည်သူ့ကွန်ရက်များနှင့်အတူ"Peace walk for rivers" လှုပ်ရှားမှုကို ၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်မှ ဇွန်လ ၅ ရက်နေ့အထိ စုစုပေါင်း ၆ ရက်တိုင် ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း အဆိပ်သင့်ပစ္စည်းများ စုပုံလာပြီး မြစ် ၅ သွယ် (ကော့မြစ်၊ ရောက်မြစ်၊ မဲခေါင်မြစ်၊ သံလွင်မြစ်နှင့် ဆိုင်မြစ်) တွင် အာဆင်းနစ် ပါ၀င်မှု အဆမတန် မြင့်တက်ကာ သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းစေတာကြောင့် ဒေသခံများမှာ ရေကို ဘေးကင်းစွာ အသုံးပြုနိုင်ခြင်း မရှိတော့ပေ။









