ARTICLE

ကုန်ဈေးနှုန်းနဲ့ လုပ်ခလစာကြားက ခက်ခဲနေတဲ့ ဘဝများ

CoverLogo
1.2K Views

“ဆန်တစ်ပြည်ဈေးက ကျွန်မတို့ တစ်ရက်လုပ်အားခထက် ပိုမြင့်နေတော့ ရှေ့လျှောက်ကို မတွေးရဲတော့ဘူး” လို့ အထည်ချုပ်စက်ရုံတစ်ခုမှာ လုပ်ကိုင်နေတဲ့ မစန်းစန်း (အမည်လွှဲ) က ပြောပါတယ်။

မစန်းစန်း လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံကတော့ ရွှေပြည်သာမြို့နယ်မှာ ရှိတာဖြစ်ပြီး လက်ရှိမှာတော့ အချိန်ပိုခေါ်ယူတာတွေလည်း လျော့နည်းလာတယ်လို့ သူကဆိုပါတယ်။

အာဏာမသိမ်းခင် ကာလတွေက ရန်ကုန်မြို့ရဲ့ နေထိုင်စားသောက်စရိတ်က အထည်ချုပ်အလုပ်သမားတစ်ဦးရဲ့ ဝင်ငွေနဲ့ လည်ပတ်နိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ စားဝတ်နေရေး ကုန်ကျစရိတ်တွေက ပိုမိုမြင့်တက်လာတာကြောင့် ရှေ့ဆက်ရပ်တည်ဖို့ ခက်ခဲနေပြီလို့ ဆိုပါတယ်။

အရင်က ဆန်ကြမ်းတစ်ပြည်ဈေးနှုန်းက ကျပ်(၁၅၀၀)ဝန်းကျင်သာရှိခဲ့ပေမယ့်  လက်ရှိမှာတော့ ကျပ်(၃၅၀၀) ကနေ (၄၀၀၀) အထိ မြင့်တက်လာနေပြီဖြစ်ပါတယ်။

အရင်က တစ်ပြည်ကို ကျပ်(၂၄၀၀)ဝန်းကျင်သာရှိခဲ့တဲ့ ဆန်ချောကတော့ လက်ရှိအချိန်မှာ တစ်ပြည်ကိုကျပ်(၄၀၀၀) ကနေ (၆၀၀၀) ဝန်းကျင်အထိ ရှိနေပါတယ်။

တစ်ရက်ကို အခြေခံလုပ်အားခ(၄၈၀၀)သာ သတ်မှတ်ထားတဲ့ဒီနိုင်ငံမှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ကတောင် အခြေခံလုပ်အားခထက် မြင့်တက်နေတာဖြစ်တဲ့အတွက် အလုပ်သမားတွေ ရှေ့ဆက်ပြီးရပ်တည်နိုင်ဖို့က မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အနည်းဆုံးအခကြေးငွေ ဥပဒေကို ပြီးခဲ့တဲ့ (၂၀၁၃)ခုနှစ်၊ မတ်လမှာ ပြဌာန်းခဲ့တာဖြစ်ပြီး ပြည်တွင်းအလုပ်သမား တွေအတွက် မဖြစ်မနေ အနည်းဆုံးပေးရမယ့် လစာနှုန်းထားတစ်ခုကိုတော့ ၂၀၁၅ ခုနှစ်၊ ဇွန်လ၂၉ရက်မှာ သတ်မှတ်ပြဌာန်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပြဌာန်းခဲ့တဲ့ အဆိုပြုနှုန်းထားကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေအတွက် နေရာဒေသနဲ့ လုပ်ငန်း အမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီကို ကျပ်(၄၅ဝ)နှုန်းနဲ့ အလုပ်ချိန် ၈နာရီအတွက် တစ်ရက်ကို (၃၆ဝဝ)ပေးရမယ်လို့ သတ်မှတ်ခဲ့တာပါ။

အဲဒီလို သတ်မှတ်ရာမှာ အလုပ်သမား (၁၅)ယောက်ထက်နည်းတဲ့ လုပ်ငန်းငယ်တွေ၊ မိသားစု တစ်နိုင်တစ်ပိုင် လုပ်ငန်းတွေနဲ့ သက်ဆိုင်မှု မရှိဘူးလို့လည်း ဝန်ကြီးဌာနကပြဌာန်းခဲ့ပါတယ်။

ဒါ့အပြင် အနည်းဆုံးလုပ်ခလစာကို ပုံသေမသတ်မှတ်ဘဲ မြင့်တက်လာမယ့်ကုန်ဈေးနှုန်းနဲ့ ကိုက်ညီစေဖို့ (၂)နှစ်ကိုတစ်ကြိမ် ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ကိုလည်း ဉပဒေမှာရေးဆွဲပြဌာန်းထားပါတယ်။

ဒါ့ကြောင့်(၂၀၁၈)ခုနှစ်မှာတော့ အနည်းဆုံး လုပ်ခလစာနှုန်းထားကို ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်ခဲ့ပြီး အလုပ်ချိန်(၈)နာရီစာ(တစ်ရက်) လုပ်အားခကို ကျပ်(၄၈၀၀)အထိ တိုးမြှင့်ခဲ့ပါတယ်။

လက်ရှိမှာတော့ တတိယအကြိမ်ပြန်လည်သုံးသပ်ရမယ့်အချိန်ကာလကို ကျော်လွန်နေပြီဖြစ်ပေမယ့် အဲဒီလုပ်ငန်းစဉ်ကို စတင်နိုင်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမားဥပဒေပါ ရပိုင်ခွင့် အခွင့်အရေးတွေ ချိုးဖောက်ခံရတာကို အလုပ်သမားတိုင်းလိုလို ကြုံတွေ့နေရပြီး လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုရေးတွေဟာလည်း ယိုင်နဲ့နဲ့ အခြေအနေသာ ရှိနေပါတယ်။

နိုင်ငံတကာ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတဲ့ စက်ရုံတစ်ချို့မှာ အနည်းဆုံးလုပ်ခလစာနှုန်းထားကို ကျပ်(၅၀၀၀) အထက်တိုးပေးနေမယ့် စက်ရုံအများစုမှာတော့ ကျပ်(၄၈၀၀)နဲ့ပဲ ပေးချေနေတယ်လို့ အလုပ်သမား အခွင့်အရေး လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။

“တိုးပေးတယ်ဆိုတာက အကုန်လုံးရနေတာလည်း မဟုတ်ဘူး။ လက်ရှိစားဝတ်နေရေးနဲ့ဆိုလည်း တိုးပေးတဲ့နှုန်းက မကိုက်ညီဘူး။ အရင်(၄၈၀၀)နဲ့စာရင် မဆိုးတဲ့အနေအထားပါပဲ”လို့ အလုပ်သမားအရေး ဆောင်ရွက်သူတစ်ယောက်က ပြောပါတယ်။

စက်ရုံတစ်ချို့မှာ တိုးမြှင့်ပေးတယ်ဆိုတဲ့ အနည်းဆုံးအခကြေးငွေနှုန်းထားဟာလည်း တူညီမှု မရှိသလို ကျပ်(၅၂၀၀)ကနေ (၅၆၀၀)ကျော်အထိပေးနေပြီး အချိန်ပိုလုပ်အားခကိုလည်း ကျပ်(၁၃၀၀) ကနေ (၁၅၀၀) အတွင်း ပေးချေနေတယ်လို့ သိရပါတယ်။

ဒီအခြေအနေမှာ လုပ်ခလစာ တိုးမြှင့် မရရှိသေးတဲ့ စက်ရုံတစ်ချို့ကအလုပ်သမားတွေဟာ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုမှုတွေစတင်လုပ်ဆောင်လာပြီး လက်မှတ်ထိုး တောင်းဆိုတာတွေ၊ လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်မှု ယာယီရပ်နားတာတွေ ရှိနေတယ်လို့ တောင်းဆိုမှု လုပ်ဆောင်နေတဲ့ အလုပ်သမားတွေဆီက သိရပါတယ်။

“ကျွန်တော်တို့ကတော့ တစ်နေ့လုပ်ခ (၅၆၀၀)ရတဲ့အထိ တောင်းဆိုသွားမှာပါ။ အခုပေးနေတဲ့ လစာနဲ့ ဘယ်လိုမှ အဆင်မပြေပါဘူး။ သူများစက်ရုံတွေမှာလည်း ပေးနေတော့ ကျွန်တော်တို့ကိုလည်း တိုးပေးဖို့ တောင်းဆိုတာပါ” လို့ H&M အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတစ်ခုက အလုပ်သမားတစ်ဦး က ပြောပါတယ်။

ပြီးခဲ့တဲ့ကာလတွေမှာ အနည်းဆုံး အခကြေးငွေနှုန်းထားကို ပြဌာန်းထားတဲ့ ဉပဒေအတိုင်း နှစ်နှစ်တစ်ကြိမ် တိုးမြှင့်ပေးဖို့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ အလုပ်သမား ကိုယ်စားလှယ်တွေ၊ အလုပ်ရှင် ကိုယ်စားလှယ်တွေ ပုံမှန်အစည်းအဝေး လုပ်ဆောင်တာ၊ မြေပြင်အခြေအနေတွေကို ကွင်းဆင်းပြီး စစ်တမ်းကောက်ယူတာတွေ လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိမှာတော့ အကောင်အထည်ဖော်ဆောင်တာ မရှိသေးပါဘူး။

တတိယအကြိမ်မြောက် ပြန်လည်ပြင်ဆင်ရမယ့် လုပ်ခလစာနှုန်းထား သတ်မှတ်ချိန်ဟာ ဥပဒေပါ ပြဌာန်းချိန် ထက် ကျော်လွန်နေပေမယ့် တာဝန်ရှိသူတွေဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမရှိသလို လုပ်ငန်းရှင်တွေဘက်ကလည်း အသိပေးပြောဆိုတာ မရှိသေးပါဘူး။

“အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကိုယ်တိုင် နိုင်ငံရေးမကောင်းလို့ ပြေးနေရတော့  စကစဝန်ကြီးဌာနနဲ့ အလုပ်ရှင်က သဘောကျတာပေါ့။ ကုန်ဈေးနှုန်းတွေ တက်လာတာ သူတို့လည်း သိနေတာပဲ။ ပေးနေတဲ့ လုပ်ခလစာနဲ့ လောက်၊ မလောက် အကုန်သိနေတဲ့အချိန်မှာ လစာတိုးပေးဖို့ မသိချင်ယောင်ဆောင် နေကြတယ်” လို့ လုပ်ခလစာတိုးမြှင့်ရရှိရေးတောင်းဆိုနေတဲ့ အလုပ်သမားတစ်ယောက်က ပြောပါတယ်။

ခေတ်ကာလနဲ့ ကိုက်ညီတဲ့ လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် အလုပ်သမားတွေက တောင်းဆိုတာတွေဟာ စတင်လာပြီ ဖြစ်ပေမယ့် အလုပ်ရှင်နဲ့ တာဝန်ရှိသူတွေ ကိုင်တွယ်ဖြေရှင်းမယ့်ပုံစံကိုတော့ စောင့်ကြည့်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားတွေရဲ့ တောင်းဆိုမှုတိုင်းကို စစ်တပ်အင်အား အသုံးပြုပြီးဖြေရှင်းခဲ့တဲ့ လုပ်ငန်းရှင်တစ်ချို့ရဲ့ လုပ်ရပ်တွေလည်း ရှိနေတာကြောင့် ဒီအခြေအနေကို ထိန်းညှိပေးမယ့် ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်ဟာလည်း အလုပ်သမားထုအတွက် အမှန်တကယ် သက်ရောက်မှု ရှိ၊ မရှိ ဆက်လက်စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။

#MyanmarLabourNews
 


Related posts

Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ဗီနိုင်းထက်က ILO နှင့် မြေပြင်က ဖိနှိပ်မှုများ- Bontech စက်ရုံဖြစ်စဉ် ဆန်းစစ်ခြင်း
Mar 23, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026
Cover
လုပ်သားတွေ စားဝတ်နေရေး ပြေလည်မှ နိုင်ငံစီးပွား လည်ပတ်မယ် (အတွေးအမြင်)
Mar 15, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
"မေတ္တာနဲ့ အသိအမှတ်ပြုမှု တောင်းဆိုခြင်း - လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်နဲ့ လူမှုဝန်းကျင်တစ်ခု"
Mar 08, 2026
Cover
Pad သည် စစ်လက်နက်မဟုတ်သလို၊ ဇိမ်ခံပစ္စည်းလည်း မဟုတ်ပါ
Mar 06, 2026
Cover
၁၂,၀၀၀ ကျပ်က ဇိမ်ခံဖို့ မဟုတ်၊ အသက်ဆက်ဖို့
Feb 26, 2026