တာချီလိတ်မြို့ မှ တစ်ဆင့် ပြည်ပထွက်မယ့် လူငယ်တွေ ကိုစစ်အစိုးရလက်အောက်ခံ အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတဲ့ အတွက် ပြည်ပကို Plan B လမ်းကြောင်း နဲ့ သွားရောက်ရန် လုပ်ဆောင်ထားသူတွေ စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက် က တာချီလိတ်လေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေး၊ လေကြောင်းရဲ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက တရားမဝင် ခရီးသွားလာခြင်း ရှိ၊ မရှိကို အရှိန်အဟုန်မြှင့် စစ်ဆေးခဲ့ကြပြီးအမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၂၉ ဦး၊ စုစုပေါင်း ၄၂ ဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရသိရပါတယ်။
ပြည်တွင်း မှာ နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းများ၊ အလုပ်အကိုင် ရှားပါးမှုများနှင့် စစ်မှုထမ်းဥပဒေဆိုင်ရာ အသက်ကန့်သတ်ချက်တွေကြောင့် လူငယ်တွေဟာ အခုလို ပြည်ပကို ထွက်ဖို့ လုပ်ဆောင်လာကြတာဖြစ်တယ်လို့ သိရပါတယ်။
""စစ်မှုထမ်း အသက်နဲ့ ညိနေလို့ ပြည်ပထွက်လို့မရတဲ့သူတွေ တချို့ တရားဝင် ပြည်ပထွက်ဖို့ လုပ်ထားပေမယ့် အချိန်အလွန်ကြန့်ကြာတာတွေဖြစ်တော့ အခုလို အာမခံချက်မရှိတဲ့ plan B လမ်းကြောင်းကို ရွေးကြရတာပေါ့ဒီအတိုင်း ဖြတ်ကူးလို့ရတာ မဟုတ်ဘူး လမ်းကြောင်းကြေးတွေ သိန်းဆယ်ချီ ပေးရတာ အခု စစ်ဆေး ဖမ်းဆီးတာကလည်း ရက် ၁၀၀ စီမံချက်ကြောင့် ဖြစ်မယ် အခု ကြားတာတော့ ၆ရက်နေ့ က ဖမ်းခံရတဲ့ ကလေးတွေကို စာအုပ်တွေသိမ်းလိုက်ပြီး နေရပ်ကို ပြန်ပို့ပေးမယ်လို့ သိရတယ်""လို့ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အခုလို စစ်ဆေး ဖမ်းဆီးတာတွေကြောင့် Plan B အစီစဉ် နဲ့ ပြည်ပထွက်ဖို့ လုပ်ဆောင်ထားတဲ့ လူငယ်တွေ မှာ စိုးရိမ်မှု တွေ ဖြစ်နေသလို ပြည်ပအလုပ်သမားအရေး ကူညီသူတွေကလည်း ယခုလပိုင်းအတွင်း Plan B လမ်းကြောင်းဖြင့် ပြည်ပထွက်မယ့် အစီစဉ် ကို ရှောင်ရှားဖို့ သတိပေးထားပါတယ်။
""ပြည်တွင်းမှာကျတော့ လူငယ်တွေကို စစ်မှုထမ်းအတွက် အဓမ္မ ဖမ်းဆီးတယ် အလုပ်အကိုင်အခွင့်လမ်းကအလွန်နည်း ပြည်ပကိုတရားဝင်ထွက်ဖို့ကျတော့လည်း တကယ်လုပ်နိုင်မယ့်အရွယ် အသက် ၃၅ နှစ်အထိ ပေးမထွက်ဘူး အဲ့တော့ အာမခံချက်မရှိပေမယ့် ဒီလမ်းကြောင်းကို ရွေးရတာပေါ့ အခုက ထိုင်ဘက်ခြမ်းတောင်မရောက်သေးဘူး ပြည်တွင်းမှာတင် ဖမ်းနေတော့ လူငယ်တွေအတွက် တကယ့်ကို လမ်းပျောက်နေပြီ""လို့ ပြည်ပသွားရောက်လိုတဲ့လူငယ်တစ်ဦးကပြောပါတယ်။
စစ်အစိုးရ အနေနဲ့ စစ်မှုထမ်း ဥပဒေ ပြဌာန်း ပြီးနောက်တွင် လူငယ်များကို ပြည်ပထွက်ခွင့် နည်းအမျိုးမျိုးနဲ့ ကန့်သတ်ပိတ်ပင် လာရာ လက်ရှိမှာ ရက် ၁၀၀ စီမံချက် အကြောင်းပြကာ ပြည်ပထွက်ခွာမယ့်သူတွေကို စစ်ဆေးမှုတွေ ပိုမိုတင်းကျပ်လာကြောင်း သိရပါတယ်။









