ARTICLE

Pad သည် စစ်လက်နက်မဟုတ်သလို၊ ဇိမ်ခံပစ္စည်းလည်း မဟုတ်ပါ

CoverLogo
76 Views
 
(အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့(IWD) ဆောင်းပါး)
 
"မြို့ပြစက်ရုံတွေမှာ Pad ကို 'ဇိမ်ခံပစ္စည်း' လို သဘောထားပြီး ဝယ်ယူဖို့ ရုန်းကန်နေရချိန်မှာ၊ စစ်ရေး ပစ်မှတ် ဒေသတွေမှာတော့ Pad ဟာ အသက်အန္တရာယ်နဲ့ လဲလှယ်နေရတဲ့ တားမြစ်ကုန်စည် ဖြစ်နေရ တာ "…
 
မတ်လ(၈)ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့(IWD)ရောက်တိုင်း ကမ္ဘာကြီးရဲ့ အခြား တစ် ဖက်မှာ "အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ရေး"၊ နည်းပညာနှင့် အခွင့်အရေးများအကြောင်း ဟောပြောဆွေးနွေးနေကြပေမဲ့ မြန်မာအမျိုးသမီးတွေအတွက်တော့ ခန္ဓာကိုယ် သဘာဝဖြစ်စဉ် (ဓမ္မတာ) ကို ကျော်ဖြတ်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
 
ဒါက မြန်မာနိုင်ငံက အမျိုးသမီးတွေ အတွက် "သွေးစွန်းသော အမှန်တရား" တစ်ခု ဖြစ်နေပါတယ်။ ဒီကနေ့ခေတ်မှာ ရာသီသွေးက သဘာဝဖြစ်စဉ်တစ်ခုထက်ပိုပြီး "အကြောက်တရား" တစ်ခုလို ဘုံအဖြစ်ဆိုးနဲ့ မြန်မာနိုင်ငံ နေရာအနှံ့က အမျိုးသမီးအများစု ကြုံတွေ့နေရပါတယ်။
 
ရန်ကုန် လို မြို့ကြီးက အထည်ချုပ်အလုပ်သမားတွေ ၊ စစ်ဘေးသင့် ဒေသ အသီးသီး ခိုလုံရေး စခန်းတွေထဲက အမျိုးသမီးတွေနဲ့ စစ်ရေးပစ်မှတ် (ဥပမာ- စစ်ကိုင်း၊ ပုလဲ စတဲ့) ဒေသတွေက အမျိုးသမီး တွေက နေရာဒေသကွဲပြားပေမဲ့ "လက်လှမ်းမမီခြင်း" ဆိုတဲ့ တံတိုင်းကြီးကိုတော့ တူညီစွာ ရင်ဆိုင်နေ ကြရပါတယ်။
 
မြို့ပြမှာ အရင်က ၈၀၀၊ ၉၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့တဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်း (Pad) ဈေးနှုန်း တွေက လက်ရှိ ၃၅၀၀ (ကျပ်) ကနေ ၄၅၀၀ ကျပ်အထိ အဆမတန် မြင့်တက်သွားပါပြီ။
 
ဒီအခြေအနေတွေက မြန်မာအမျိုးသမီးရဲ ဂုဏ်သိက္ခာကို ထမီစုတ်၊ ပုဆိုးစုတ်နဲ့ အဝတ်စုတ်ဟောင်းတွေ ကြားမှာ ဖုံးအုပ်ထိန်းချုပ်နေရပါပြီ။
 
" Pad တစ်ထုပ်က လက်လှမ်းမမီတဲ့ အဖိုးတန် ဇိမ်ခံပစ္စည်းလို ဖြစ်နေပြီ" ဟု အထည်ချုပ်စက်ရုံက အလုပ်သမား အမျိုး သမီးတစ်ဦးက ရင်နာစရာကောင်းလောက်အောင် ဖွင့်ဟခဲ့ပါသည်။
 
ဒါက အမျိုးသမီးတစ်ဦးရဲ့ အသံမဟုတ်ပါဘူး။ ကုန်ဈေးနှုန်းနဲ့ စစ်ဘေးဒဏ်တွေကြောင့် အခြေခံလိုအပ်ချက်တွေကိုတောင် လက်လှမ်း မမီနိုင်တော့ တဲ့ ည့် မြန်မာအမျိုးသမီးတွေရဲ ကိုယ်စားပြုအသံလည်း ဖြစ်ပါတယ်။
 
မြို့ပြမှာတော့ Pad က "ငွေရှိမှ ဝယ်ယူနိုင်သည့် ရတနာ" ဖြစ်နေသလို မြန်မာပြည်အနှံ့က စစ်ဘေးသင့် ဒေသတွေနဲ့ စစ်ရှောင်စခန်းတွေမှာတော့ ပိုက်ဆံရှိခဲ့လည်း ဝယ်ယူမရနိုင်တဲ့ "အသက်အန္တရာယ် ရှိ မှောင်ခိုကုန်စည်" ဖြစ်နေပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ "ဖြတ်လေးဖြတ်" စနစ် ဖိနှိပ်မှုအောက်မှာ Pad ကို ဆေးဝါးလို ၊ ရိက္ခာ လို တားမြစ်ပစ္စည်း စာရင်းမှာ ထည့်သွင်း ပိတ်ပင်ထားပါတယ်။
 
ဒါက စစ်လက်နက်သဖွယ်အသုံးချပြီး ကျူးလွန်မှု ဖြစ်ပါတယ်။ စစ်ဆေးရေးဂိတ်တွေမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို "တားမြစ်ပစ္စည်း" လို့ အကြောင်းပြ အတင်းအဓမ္မ သိမ်းဆည်းတာ၊ ဖျက်ဆီးတာနဲ့ အဆမတန် ဒဏ်ငွေရိုက်ပြီး ပိတ်ပင် ကြပါတယ်။
 
စစ်ဆေးရေးဂိတ်တွေ ဖြစ်သန်း သယ်ဆောင်ရလို Pad ဈေး နှုန်းက ပုံမှန်ထက် (၃) ဆဝန်းကျင် အထိ မြင့်တက်လာပါတယ်။
 
Pad ကို ပိတ်ပင်တာဟာ ရိုးရိုးပစ္စည်းတစ်ခုကို တားမြစ်တာ မဟုတ်ဘဲ "အမျိုးသမီးများ၏ လူသား ဂုဏ်သိက္ခာနဲ့ ကျန်းမာ ရေးပစ္စည်းကို ပိတ်ပင်ရုံတင်မကဘဲ Pad ကို စစ်လက်နက်တစ်ခုလို အသုံးချတာက အမျိုးသမီးထု ဂုဏ်သိက္ခာကို စနစ်တကျ ရိုက်ချိုးဖိနှိပ်နေတဲ့ "စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေး" တစ်ခု ဖြစ်သလို “အခြေခံကျန်းမာရေးကို တိုက်ခိုက်ခြင်း" ဖြစ်ပါတယ်။
 
Pad ကို ဆေးဝါး ရိက္ခာတွေနဲ့အတူ ပိတ်ပင်တာဟာ လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့မှု ဖြစ်ပြီး ကျားမ အခြေခံ ဖိနှိပ်မှု (Gender-based persecution) မြောက်နေပါတယ်။
 
နိုင်ငံတကာ ဥပဒေပညာရှင်အချို့က ဒါကို "နှိမ်ချဆက်ဆံခြင်းဆိုင်ရာ ပြစ်မှု" သို့မဟုတ် အခြေအနေအရ "လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှု" ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားဖို့ တိုက်တွန်းနေကြတာကိုလည်းတွေ့ရပါတယ်။
 
ဒါဟာ လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာဖြစ်ပြီး နိုင်ငံတကာ စံနှုန်းတွေအရဆို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ လုပ်ရပ်တစ်ခုအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။
 
ဝယ်ယူနိုင်ဖို့ လမ်းစတွေကို အကုန်ပိတ်ဆို့ခံထားရတဲ့အခါ အမျိုးသမီးတွေမှာ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ အဖေ၊ အစ်ကို၊ မောင်ဖြစ်သူတို့ရဲ့ ပုဆိုးစုတ်ဟောင်းတွေကို ဖြတ်ညှပ် အစားထိုး အသုံးပြုရပါတော့တယ်။
 
မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ မိသားစုအတွင်းက အမျိုးသားတွေရဲ့ အဝတ်အထည်တွေကို ဓမ္မတာအတွက် အသုံးပြုဖို့ဆိုတာ စိတ်ကူးထဲ မရှိခဲ့ဖူးပေမဲ့ အခုလို ကာလမှာ ရွေးချယ်စရာ လမ်းစလုံးဝမရှိတော့တဲ့ အဆုံး ၊ ပုဆိုးစုတ်အဟောင်းများကြားမှာ အမျိုးသမီးတို့ ဂုဏ်သိက္ခာကို ထိန်းသိမ်း ရပါတော့တယ်။
 
ဒီအခြေအနေက မြန်မာအမျိုးသမီးတို့ ဘဝကို နိမ့်ပါးကျပ်တည်းသွားအောင် စနစ်တကျ အစွမ်းကုန် ဖိနှိပ်ခံနေတဲ့ ခါးသီးတဲ့ အမှန်တရားကို အထင်အရှား သက်သေပြ နေပါတယ် ။
 
ခြုံငုံကြည့်ပါလညး တစ်ဘက်တွင် ကမ္ဘာကျော် Brands တွေကို ချုပ်လုပ်ပေးနေတဲ့ အထည်ချုပ်စက်ရုံ တွေက အမျိုးသမီးတွေမှာ "ဓမ္မတာဆိုင်ရာ ဆင်းရဲမွဲတေမှု" နဲ့ ရင်ဆိုင်နေရပြီး၊ စစ်တပ်ရဲ့ ပိတ်ပင် ထားမှုကြောင့် စစ်ဘေးသင့်ဒေသတွေက အမျိုးသမီးတို့မှာ အဝတ်စုတ်ကိုသာ အားကိုး နေကြရပါတယ်။
 
ဘဝရှင်သန်မှု နှစ်ခုစလုံးက အမျိုးသမီးတို့ဘဝကို အဝတ်စုတ်တွေကြား တိတ်ဆိတ်သွားအောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။
 
နေရာဒေသ ကွဲပြားပေမဲ့လည်း မြန်မာအမျိုးသမီးထု တစ်ရပ်လုံးမှာ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်ကို ဂုဏ်သိက္ခာရှိရှိ ဖြတ်သန်း ခွင့်မရဘဲ "လက်လှမ်းမမီခြင်း" ဆိုတဲ့ တံတိုင်းကြီးကို တူညီစွာ ရင်ဆိုင်နေရတဲ့ ဘုံဒုက္ခသည်တွေ ဖြစ်ပါတယ်။
နှစ်စဉ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ရောက်တိုင်း အမျိုးသမီးတွေ တောင်းဆိုနေသည်မှာ ကောင်းကင်ဘုံက အထူးအခွင့်အရေးများ မဟုတ်ပါ။
 
လူသားတစ်ယောက်အနေနဲ့ သန့်ရှင်း ဘေးကင်းစွာ ရာသီသွေးကို စီမံထိန်းသိမ်းနိုင်မဲ့ "ဓမ္မတာ ဂုဏ်သိက္ခာ" သာ ဖြစ်ပါသည်။
 
"Pad ဆိုတာ စစ်လက်နက် မဟုတ်သလို၊ ဇိမ်ခံပစ္စည်းလည်း မဟုတ်ပါ။" စစ်ကိုင်းတိုင်း ပုလဲဒေသအပါအဝင် စစ်ရှောင် စခန်းတွေက အမျိုးသမီးတွေဆီ Pad တွေ အတားအဆီးမရှိ ရောက်ရှိဖို့ ပိတ်ပင် ထားတဲ့ ပစ္စည်းစာရင်းကနေ ချက်ချင်းဖယ်ရှားပေးရန် လိုအပ်ပါတယ်။
 
အဝတ်စုတ်တွေကြား သွေးစွန်းနေတဲ့ ဒီခါးသီးတဲ့ အမှန်တရားကို မျက်ကွယ်ပြုထားသရွေ့ "အမျိုးသမီးများနေ့" ဆိုသည်မှာ မြန်မာပြည်အတွက်တော့ အနှစ်သာရ ပြည့်ဝတဲ့နေ့တစ်နေ့ ဖြစ်လာလိမ့်ဦးမည် မဟုတ်ပါ။
 
အမျိုးသမီးတို့ရဲ့ "သွေး" က စစ်ပွဲနဲ့ စီးပွားရေး အမြတ်အစွန်းတွေကြားတွင် အရှက်တကွဲ မဖြစ် သင့်တော့ဘဲ၊ အဝတ်စုတ်တွေကြား ဖုံးကွယ် ထားရတဲ့ အမျိုးသမီးဘဝတွေနဲ့ သူတို့ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူဖို့က အားလုံးမှာ တာဝန်ရှိပါတယ်။
 
ဖိနှိပ်ချုပ်ခြယ်မှုတွေ အမြန်ဆုံး အဆုံးသတ်နိုင်ဖို့၊ အမျိုးသမီးတွေရဲ့ အခြေခံအခွင့်အရေးတွေအတွက် လူတိုင်း တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းအသံထုတ်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။
 
နစ်မွန်းနေရတဲ့ အမျိုးသမီးတို့ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူဖို့ကို အားလုံး အသံတိတ်မနေဘဲ "ဓမ္မတာသည် ရာဇဝတ်မှုမဟုတ်" ကြောင်း ဝိုင်းဝန်း ဟစ်ကြွေးပေးကြဖို့သာ ဖြစ်ပါတော့တယ်။

Related posts

Cover
၁၂,၀၀၀ ကျပ်က ဇိမ်ခံဖို့ မဟုတ်၊ အသက်ဆက်ဖို့
Feb 26, 2026
Cover
တစ် နဲ့ တစ် ပေါင်းပြီး သုည ဖြစ်နေတဲ့ လူသားတန်ဘိုး ဆုံးရှုံးမှု၊ ဆင်းရဲမှု သံသရာ နဲ့ လူမှု တရားမျှတမှု
Feb 20, 2026
Cover
ပျောက်ဆုံးနေသည့် အနာဂတ်များ
Feb 12, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
"ပွဲစားခမှ လွတ်မြောက်ခွင့်အထိ (သို့) Yunnan Xiao Bu Garment စက်ရုံမှ လစာခေါင်းပုံဖြတ်မှု"
Nov 15, 2025
Cover
လာအို FUANLAI စက်ရုံက ငရဲခန်းလား ကျားဖြန့်လား။
Nov 12, 2025
Cover
သမဂ္ဂခေါင်းဆောင်တစ်ဦးလျှောက်ခဲ့တဲ့ "လမ်း"
Oct 30, 2025