NEWS

၁၀ စုနှစ်အတွင်း အဆိုးဝါးဆုံးထိ နိမ့်ကျသွားတဲ့ စစ်အာဏာသိမ်းမှုအောက်က အလုပ်သမားရေးရာအခြေအနေများ

CoverLogo
385 Views

စစ်တပ်က အာဏာသိမ်းမှုကို ကြေညာလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ စက်မှုဇုန်မြို့နယ်တစ်ခုဖြစ်တဲ့ လှိုင်သာယာမြို့ရဲ့ မနက်ခင်းဟာ တိတ်ဆိတ် ခြောက်ကပ် သွားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ တနင်္လာနေ့ဖြစ်တာကြောင့် ပုံမှန်ဆိုရင် ရုံးပိတ်ရက် ပြီးတဲ့ နောက် ပျားပန်းခတ်မျှ သွားလာလှုပ်ရှားနေကြတဲ့ စက်မှုဇုန်အလုပ်သမားတွေနဲ့ အနယ်နယ်အရပ်ရပ်ကနေ ရောက်လာပြီး စီးပွားရေးလုပ်ကိုင်ကြတဲ့ပြည်သူတွေ အုံးအုံး ကျက်ကျက် ရှိနေကြမှာပါ။

 

အဲ့ဒီနေ့မှာတော့ အရာအားလုံးဟာ ပုံမှန်လိုမဟုတ်ဘဲ တိတ်ဆိတ်လို့သွားပါတယ်။ အလုပ်သွားရမဲ့သူတွေက အလုပ်ကို တိတ်တဆိတ်သွားကြသလို ဈေးဝယ်သူတွေကလည်း အဓိပ္ပါယ်ကင်းမဲ့နေတဲ့ မျက်နှာထားတွေနဲ့ ဝယ်စရာရှိတာကို ဝယ်ခြမ်းနေကြပါတယ်။  

 

ရက်အနည်းငယ်အကြာမှာတော့ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင် ကန့်ကွက်ကြောင်း နယ်ပယ်ကဏ္ဍအသီးသီးက အလုပ်သမားတွေ စက်ရုံ အလုပ်သမားတွေ နဲ့ အလုပ်သမားသမဂ္ဂတွေ အလုပ်သမားအဖွဲ့အစည်းတွေပါဝင်တဲ့ အစုအဖွဲ့တွေဟာ အုံနဲ့ကျင်းနဲ့ဆန္ဒထုတ်ဖော် ကြပါတယ်။

ဖဲကြိုးနီကမ်ပိန်းလို လှုပ်ရှားမှုတွေမှာ ပုဂ္ဂလိက လုပ်ငန်းကဏ္ဍတင်မဟုတ်ဘဲ အစိုးရ ဌာက ဝန်ထမ်းတွေပါ တခဲနက်ပါဝင်ကြတာပါ။

 

နောက်ပိုင်းမှာ လမ်းမပေါ်ထွက်ပြီး တရားမဝင်အာဏာသိမ်းထားတဲ့ စစ်တပ်ကို အလိုမရှိကြောင်းနဲ့ တရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ကိုသာ လက်ခံတယ်လို့ သန်းနဲ့ချီတဲ့ပြည်သူတွေနဲ့အတူ အလုပ်သမားထုတစ်ရပ်လုံးကလည်း တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာတော့ အာဏာသိမ်းစစ်တပ်က ပြည်တွင်း အလုပ်သမားရေးရာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်း ၁၆ ဖွဲ့ကို တရားမဝင်အဖွဲ့အစည်းတွေအဖြစ် ကြေညာ ခဲ့ပါတယ်။ 

 

တရားမဝင်အသင်းအဖြစ်ကြေညာလိုက်တဲ့ အလုပ် သမားရေးရာ အရပ်ဖက်အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ အစိုးရသက်တမ်းတွေမှာ စက်မှုဇုန်၊ စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားများ ရင်ဆိုင်နေရတဲ့ အလုပ် သမား အခွင့်အရေးတွေအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ အခုလို လုပ်ဆောင်တာဟာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ဖို့ လမ်းမပေါ်ထွက်နေတဲ့ အလုပ်သမားထုကို ဖြိုခွဲချင်တာလို့လည်း အဖွဲ့အစည်းကိုယ်စားပြုသူတွေက မှတ်ချက် ပြုကြပါတယ်။

 

အဲ့ဒီနောက်မှာတော့ အာဏာသိမ်းစစ်တပ်က လူထုသပိတ်ကို အကြမ်းဖက်ဖြိုခွင်းခဲ့ပါတော့တယ်။ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ သွေးမြေကျခဲ့ပါတယ်။ ဖမ်းဆီးအကျဉ်းချခံလိုက်ရတဲ့ အလုပ်သမားတွေ ရာနဲ့ချီရှိခဲ့ပါတယ်။ 

 

ဒါကတော့ မြန်မာနိုင်ငံက အလုပ်သမားထုဟာ စစ်အာဏာရှင်လက်အောက်ကို တစ်ဖြည်းဖြည်းနိမ့်ဆင်းသွားရင်း ကနဦးမှာကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ 

 

လက်ရှိမှာတော့ စစ်တပ်က အာဏာသိမ်းပြီးလို့ ၂၈ လ (၂ နှစ်ကျော်) ကြာခဲ့ပြီဖြစ်ပါတယ်။ ပြည်တွင်းက စက်မှုဇုန်အသီးသီးနဲ့ နယ်ပယ်ကဏ္ဍပေါင်းစုံက အလုပ်သမားအရေး အခြေအနေတွေက ၁၀ စုနှစ်အတွင်းမှာ အတော်လေးကို ဆိုးဆိုးဝါးဝါး အခြေ အနေနဲ့ ကြုံတွေ့နေရပြီလို့ အလုပ်သမားသမဂ္ဂနဲ့ အလုပ်သမားအရေး လေ့လာစောင့်ကြည့် သူတွေက သုံးသပ်ပါတယ်။

 

အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာရရှိမှု၊ အလုပ်သမားရေးရာ ဖြေရှင်းရေး ယန္တရားအခြေ အနေ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု၊ လူမှုဖူလုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ သမဂ္ဂတွေရဲ့ လုပ်ငန်းစဉ်တွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားဆောင်ရွက်မှု အခြေနေအနေတွေက ယခင် ဒီမိုကရေစီ အစိုးရလက်ထက်မှာထက် ပိုမို 

ဆိုးရွားလာတာကိုလည်း တွေ့ရပါတယ်။ 

 

▪️အခြေခံလုပ်ခလစာ 

 

အခြေခံလုပ်ခလစာ ရရှိမှုအနေနဲ့ လုပ်ခလစာအခြေအနေက အာဏာမသိမ်းခင်က နှုန်းထားတွေအတိုင်းသာရရှိနေပြီး အချို့လုပ်ငန်းတွေမှာ ယခင်ရရှိခဲ့တဲ့နှုန်း ထားတွေထက် လျော့နည်းသွားတာတွေရှိနေတာကိုတွေ့ရတယ်လို့ အလုပ်သမားရေးရာ လှုပ်ရှားဆောင်ရွက်သူတွေထံကသိရပါတယ်။ 

 

   “အခုလို အချိန်ပိုလျော့သွားတာ လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲသွားတာကြောင့် ယာယီပိတ်သိမ်းမှုတွေ မကြာခဏ ပြုလုပ်တဲ့အတွက် ဝင်ငွေလျော့နည်းသွားတာ အလုပ်အကိုင်ရှားပါးလာမှုအပေါ် အခွင့်အရေးယူပြီး ခေါင်းပုံဖြတ်ခံရတာ စတဲ့အချက် တွေကြောင့်ဖြစ်တယ်” လို့ အလုပ်သမားအင်အားစုများအဖွဲ့ တာဝန်ရှိသူက သုံးသပ်ပြောဆိုပါတယ်။

 

လုပ်ခလစာတွေဟာ ယခင်ရရှိနေတဲ့နှုန်းထားနဲ့ ယင်းရဲ့အောက်ကို ကျဆင်းသွားချိန်မှာ အခြေခံစားသောက်ကုန်နဲ့ တကိုယ်ရေသုံး မရှိမဖြစ်ပစ္စည်းတွေရဲ့ ဈေးနှုန်းက အာဏာမသိမ်းခင်ကထက် ၃ ဆလောက်တက်သွားပြီး ဒီအခြေအနေမှာ အလုပ်သမား တွေက မိမိတို့ရတဲ့လစာကို မိမိတို့တစ်ကိုယ်ရည်မငတ်ရုံသုံးစွဲနေရပြီး မိသားစုကို ထောက်ပံ့ပေးနိုင်ခြင်း မရှိတော့တာကို တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။

 

ယခင်အခြေအနေထက် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အလူးအလဲခံနေရတဲ့အပြင် ရပ်ကွက်ကျေးရွာတွေမှာ ဧည့်စားရင်းနဲ့အခြားစာရွက်စာတမ်း ဓါတ်ပုံ စတာတွေ မကြာမဏတောင်းခံနေတာတွေအတွက်လည်း ငွေကုန်ကြေးကျများနေရတာတွေ ထပ်မံကြုံတွေ့နေရတာပါ။ 

 

  “မီးမမှန်တဲ့အတွက် ချက်ပြုတ်စားသောက်ဖို့ ဂတ်စ်၊ မီးသွေး စတာတွေ ထပ်မံဝယ်ယူရတဲ့အတွက်လည်း ငွေပိုကုန်ကြရတယ်၊ နောက်တစ်ချက်က အလုခံရတာ၊ ခါးပိုက်နှိုက်ခံရတာ၊ အဆောင်တွေအတွင်း ခိုးယူခံရတာတွေကလည်း အာဏာသိမ်းပြီးနောက်ပိုင်း အရမ်းကိုမြင့်တက်လာတဲ့အတွက် အလုပ်သမားတွေ အပါအဝင် လူထုရဲ့အခြေအနေဟာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး၊ အနိမ့်ကျဆုံး အခြေအနေကို ရောက်ရှိနေပြီလို့ သုံးသပ်ရပါတယ်”လို့ အလုပ်သမားအင်အားစုများအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။ 

 

“စစ်အာဏာမသိမ်းခင်တုန်းကတော့ လစာတွေလည်း ကောင်းတယ်။ ကုန်ဈေးနှုန်းကလည်း မတက်သေးဘူး။ အာဏာသိမ်းပြီးနောက်ပိုင်းမှာကျတော့ လစာတွေနည်းသွားတယ်။ ကုန်ဈေးနှုန်းတွေက ထိုးတက်သွားတယ်။ ကိုဗစ်လည်းဖြစ်သွားတာဆို‌တော့ တချို့အလုပ်သမားတွေဆို အဆောင်လခတွေ ဈေးကြီးလို့ မပေးနိုင်လို့ ရွာတွေပဲ ပြန်ကြရတာတွေရှိတယ်။ အခက်အခဲတွေ အများကြီးရင်ဆိုင်ရတယ်။ အခုချိန်အထိပဲ ။ စက်ရုံတွေမှာ အော်ဒါနည်းတော့ ရသလောက်နဲ့ လုပ်နေရတာပေါ့” ရွှေပေါက္ကံစက်မှုဇုန်မှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ 

 

ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှု အခြေအနေကြောင့် အလုပ်လုပ်ကိုင်နေရသူတွေအနေနဲ့ စားဖို့ ထက် နေ့ဖို့အဆောင်လခကို အရင်ဆုံးပေးချေပြီးမှ ကျန်တဲ့အသုံးစရိတ်ကို လောက်ငှအောင် စီမံကာ သုံးစွဲနေရလို့ ပိုလျှံတာမရှိဘဲ လုပ်ကိုင်စားသောက် နေရတယ်လို့ဆိုပါတယ်။

 

 “အိမ်လခက တစ်လကို ၈၀၀၀၀ ကျပ် ပေးရပြီးမှ နေစရာအတွက် အရင်ပေးပြီး ကျန်တာကို ဆီးလေးဝယ်၊ ဆန်လေးဝယ်၊ ဆီကတော့ တက်လိုက်ကျလိုက်ပေါ့၊ ကြက်သွန်ဆို ၂၅၀၀ အသေးတွေပဲရတယ်၊ ငါးဆို အရင်တုန်းက ၁၀၀၀ ဖိုးဆို ညမနက် စားရတယ်၊ ခုကျ ၂၀၀၀ ဖိုးဆိုတောင် မလောက်ဘူး၊ ချွေတာနေရတာ ချေးငှားနေရတာပေါ့” လို့ အလုပ်သမားကပြောပါတယ်။ 

 

လက်ရှိလုပ်ငန်းခွင်မှာ ဖယ်ရီစီစဉ်ပေးထားပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကာလမှာ ဓါတ်ဆီဈေးနှုန်း မြင့်တက်မှုကလည်း အလုပ်သမားတွေရဲ့ အသုံးစရိတ်ကို ထပ်မံဖဲ့ယူသွားပြန်ပါတယ်။

 

“ဖယ်ရီက တစ်လကို ၆၀၀၀ ကနေ ၈၀၀၀ ထိပေးရတယ်၊ ကားဆီဈေးတွေ အရမ်းကြီးနေတော့ အလုပ်သမားတွေဆီက ကားခကောက်တော့ ထပ်ပေးရတယ်၊ ၁ နှစ်ကျော်ပါပြီ ပေးနေရတာ မုန့်ဖိုးတောင်မကျန်တော့ဘူး” လို့ အလုပ်သမားက ဆိုပါတယ်။ 

 

▪️ အလုပ်သမားရေးရာ တိုင်ကြားမှု ယန္တရား 

 

အလုပ်သမားရေးရာ တိုင်ကြားမှုယန္တရားနဲ့ပတ်သက်လို့ အလုပ်သမားဦးစီးဌာနတွေက ပုံမှန်အတိုင်းဆက်လက်လည်ပတ်နေတာ တွေ့ရပါတယ်။ တိုင်ကြားရင်တော့ လက်ခံ ဆောင်ရွက်ပေးတာ ရှိတယ်လို့ သိရပါတယ်။

  

 “ယခင် ဒီမိုကရေစီအစိုးရလက်ထက်မှာတောင် နစ်နာမှုတွေကို တိုင်ကြားရင် အလုပ်သမားအတွက် အလုပ်အကိုင် အာမခံချက်မရှိနေခဲ့ဘူး ဆိုတော့ လက်ရှိမှာ ပိုမိုဆိုးရွားပါတယ်၊ တိုင်ကြားမှုယန္တရားတွေ ရှိနေပေမယ့် ခုနောက်ပိုင်း အလုပ်သမားတွေက အသုံးမပြုသလောက် နည်းပါးလာတာကိုတွေ့ရတယ်” လို့ အလုပ်သမားရေးရာ လေ့လာစောင့်ကြည့်သူက သုံးသပ်ပြောဆိုပါတယ်။

 

အဲ့ဒီလို ဌာနဆိုင်ရာတွေကို တိုင်ကြားမှု နည်းပါးလာတာက အလုပ်အကိုင်ရှားပါးလာတာ၊ အကြောက်တရားတွေ ပိုမိုဖိစီးလာတာ၊ ကူညီဆောင်ရွက်ပေးမဲ့ အဖွဲ့အစည်းတွေ မရှိ‌တော့တာ၊ ဦးစီးဌာနတွေရဲ့ အဂတိလိုက်စားမှု မြင့်တက်လာတာ၊ တရားဥပဒေစိုးမိုးမှုအပေါ် အယုံအကြည်မဲ့လာတာ စတဲ့အချက်တွေ အချိုးကျပါဝင်နေတယ်လို့ ဆိုပါတယ်။

 

ဒါကြောင့် လက်ရှိအခြေအနေဟာ ချိုးဖောက်မှုတွေ အားလုံးကို ခါးစည်းခံနေကြရတဲ့ အခြေအနေလည်း ဖြစ်တယ် လို့ သုံးသပ်ထားပါတယ်။ 

 

“အာဏာသိမ်းပြီးနောက်ပိုင်း ဌာနဆိုင်ရာကို အလုပ်သမားတွေက အယုံအကြည်မရှိဘူး ဘာလို့ အယုံအကြည်မရှိတာလဲဆိုရင် အလုပ်သမားတွေကသွားတိုင်လို့ ရှိရင် 'စက်ရုံမှာအခြေအနေက ကောင်းမှမကောင်းတာ သည်းခံပြီးတော့ အလုပ်လုပ်ရမှာပေါ့၊ လောလောဆယ်တော့ ဒီအတိုင်းလေးပဲ နေလိုက်ကြပါအုံး၊ ဆန္ဒပြတာတွေဘာတွေ မလုပ်ကြပါနဲ့ သူတို့ပေးတာလေးနဲ့ပဲ နေကြပါ' အဲ့လိုပြောတော့ အလုပ်သမားတွေက တစ်ခုခုဆို သူတို့ဆီတိုင်ဖို့ လုံးဝဆန္ဒမရှိတော့ဘူး" လို့ အလုပ်သမားသမဂ္ဂ ခေါင်း ဆောင်တစ်ဦးက သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ပြန်လည်ပြောဆိုပါတယ်။ 

 

လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ကြုံတွေ့ရတဲ့အခါမှာ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးအဆင့်ကနေ ဌာနဆိုင်ရာထိ အဆင့်ဆင့် ညှိနှိုင်းဖြေရှင်းဖို့ ဥပဒေမှာ ဖော်ပြထားပေမယ့် လက်တွေ့မှာတော့ ဌာနဆိုင်ရာရဲ့ အမည်ခံဖြေရှင်း ပေးမှုတွေကြောင့် တကယ်တမ်း အဆင်ပြေမှုမရှိဘဲ လက်ပိုက်ကြည့်နေရတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ ဆိုပါတယ်။

 

“အလုပ်သမားတွေကလဲ ဌာနဆိုင်ရာကို သွားတိုင်လည်း မတိုင်ရဲကြဘူး၊ ဌာနဆိုင်ရာကလည်း စက်ရုံကိုလာရင် ပေးတာယူပြီး လက်မှတ်ထိုးပြီး ပြန်သွားတယ်၊ ကြီးကြပ်မှုက လျော့နည်းတယ်။ အလုပ် သမားတွေအတွက် ဘာမှ မလုပ်ပေးကြဘူး” လို့ သမဂ္ဂခေါင်းဆောင်ဖြစ်သူက ဆိုပါတယ်။

  

“ဘာလို့ ဆန္ဒမရှိတော့လဲဆို သူတို့က အဲ့လိုနှစ်သိမ့် နှစ်သိမ့်ပြီးတော့ ပြန်ပြန်လွှတ်လိုက်တော့ မသွားချင်ကြတော့ဘူး၊ အလုပ်သမားတွေက စစ်အာဏာသိမ်းပြီး နောက်ပိုင်းနဲ့ပတ်သက်လို့ အလုပ်သမားအခွင့်အရေးဆို ဘာမှမရတော့ဘူး၊ မရတဲ့ အပြင် စည်းကြပ်တာတွေက အရမ်းလျှော့နည်းတဲ့အခါကျတော့ ဒီစက်ရုံက သူတို့ လုပ်ချင်သလို လုပ်နေတော့တာပေါ့၊ ပေးချင်သလောက်ပဲပေးတယ်၊ လုပ်ချင်လုပ် မလုပ်ချင် ထွက်သွား၊ နောက်လူခေါ်မယ်၊ အဲ့လိုပဲသွားနေတာဆိုတော့ အလုပ်သမားတွေက ဌာနဆိုင်ရာကို သိပ်အားမကိုးတော့ဘူး၊ ဆန္ဒပြမယ်ဆို တစ်စုတစ်စည်းထဲဆန္ဒပြတယ်၊ ဌာနဆိုင်ရာဆိုလို့ ကတော့ တစ်ယောက်မှ မလိုက်ကြတော့ဘူး” လို့ ပြောပါတယ်။ 

 

▪️ လူမှုဖူလုံရေး 

 

လူမှုဖူလုံရေးကတော့ ယခင်အတိုင်းဆက်လက်လည်ပတ်နေတာကိုတွေ့ရပါတယ်။ တချို့မြို့နယ်တွေမှာဆိုရင် ဖူလုံရေးဆေးခန်းတွေဟာ ယခင်ကာလထက်တောင် ဆက်ဆံရေး ပိုမိုပြေပြစ် ကောင်းမွန်နေတာကို လေ့လာတွေ့ရှိရတယ်လို့ ဆိုပါတယ်။ 

 

ဆေးခန်းတွေမှာ လူများလို့ စောင့်ရတာ ငွေကြေးခံစားခွင့်တွေ ပြန်လည်ထုတ်ယူတဲ့အခါ အချိန်ကြာ မြင့်စွာစောင့် ရတာတွေကတော့ ယခင်အစိုးရလက်ထက်မှာလည်း ဖြစ်နေကြ ကိစ္စတွေလို့ ဆိုရမှာပါ။ 

 

“တခြားခွင့်တွေ မရတာများတယ်၊ ဖူလုံရေးကတ်ရှိတဲ့သူတွေ ဖူလုံရေးကတ်သုံးဖို့ ပြောထားတော့ ကလေးတွေက အဲ့လိုပဲ ယူကြတယ်၊ ဒီတိုင်း နားလည်မှုနဲ့ ပျက်ရင် ခံစားခွင့်မရဘူး၊ လကုန်ရင် ဖြတ်ခံရတယ်၊ ဖူလုံရေးကတ်နဲ့ ခွင့်ယူတာတွေ လုပ်ရင် တော့ဖြတ်မခံရဘူးပေါ့” လို့ သမဂ္ဂခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။

 

လုပ်ငန်းခွင်တွေမှာ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ လုပ်သက်ခွင့်တွေ ရှောင်တခင်ခွင့်တွေ ရရှိဖို့ မလွယ်ကူတော့တဲ့အတွက် လူမှုဖူလုံရေးဆိုင်ရာ ဆေးခွင့်ကို အလုပ်သမားတွေ သုံးစွဲလာကြတယ်လို့ ဆိုပါတယ်။

 

▪️ တရားဥပဒေစိုးမိုးရေး 

 

တရားဥပဒေစိုးမိုးရေးအပိုင်းကတော့ အလုပ်သမားများသာမက ပြည်သူတရပ်လုံး ဆိတ်သုဉ်းနေတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

 

“နေ့လည်ခင်း အများပြည်သူဆိုင်ရာနေရာတွေမှာ ရိုက်နှက်လုယက်ခံရတာ၊ ဆိုင်တွေ အိမ်တွေထဲကို ပေါ်တင်ဝင်ပြီး ဓါးပြတိုက်တာ၊ အုပ်ချုပ်ရေးအဖွဲ့တွေ အယောင်ဆောင်ပြီး ဆိုင်ကယ်၊ကားများကို စစ်ဆေးဟန်ပြုပြီး လုယက်တာ၊ စစ်ကောင်စီအဖွဲ့ဝင်များကလည်း ဥပဒေထက်ကျော်လွန်ပြီး ပြည်သူများကို ညည်းပန်းနှိပ်စက် လုယက်သတ်ဖြတ်တာ၊ စကစကို ကျောထောက်နောက်ခံပြုထားတဲ့ လူမိုက်ဂိုဏ်းများရဲ့ အနိုင်ကျင့်ဗိုလ်ကျခံရတာ စသဖြင့် တရားဥပဒေစိုးမိုးမှု လုံးဝပြောက်ကွယ်လုနီးပါး အခြေအနေဖြစ်တယ်” လို့ အလုပ်သမားအင်အာစုများအဖွဲ့ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။ 

 

“အပြင်သွားရင် ကြောက်နေရတာ စိုးရိမ်ထိတ်လန့်နေရတာရှိတယ်။ ပစ္စည်းတွေ လုယက်သွားမှာ စိုးရိမ်နေရတာရှိတယ်။ ပြီးတော့ ဧည့်စာရင်းတိုင်ရတာရှိတယ်။ ၂ ပတ် တခါ တိုင်ရတယ်။ စလုပ်တဲ့လူတွေဆို သောင်းဂဏန်းထိ တောင်းတာရှိတယ်” လို့ စက်မှုဇုန် အလုပ်သမားတစ်ဦးက လက်ရှိအခြေအနေကို ပြောဆိုပါတယ်။ 

 

▪️ သမဂ္ဂများ

 

“၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေကို စစ်ကောင်စီက ဖျက်သိမ်းခြင်းမရှိသေးတဲ့အတွက် ဆက်လက်ဖွဲ့စည်းခွင့် မှတ်ပုံတင်ခွင့်တွေရရှိနေပါသေးတယ်။ သို့သော် အာဏာသိမ်းပြီးနောက်ပိုင်းကာလတွေမှာ လုပ်ငန်းများပိတ်သိမ်းတာ ဝန်ထမ်း လျော့ချခံရတာ ဖမ်းဆီးထိန်းသိမ်းခံရတာ စတဲ့သူတွေထဲမှာ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ အဖွဲ့ဝင်တွေ ပါဝင်ကြတဲ့အတွက် သမဂ္ဂတွေက အမည်သာရှိတော့ပြီး ဖွဲ့စည်းပုံ မပြည့်မီကြတော့တဲ့ အခြေအနေဖြစ်ပါတယ်” လို့ သမဂ္ဂဖွဲ့စည်းတာနဲ့ပတ်သက်လို့ အလုပ်သမားရေးရာ အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

 

ဖွဲ့စည်းပုံပြည့်မီတဲ့ သမဂ္ဂအချို့မှာ အဖွဲ့ရန်ပုံငွေကောက်ခံမှု မရှိတော့တာ၊ သမဂ္ဂရဲ့လုပ်ငန်းစဉ်တွေဖြစ်တဲ့ လစဉ်၊ နှစ်စဉ် အစည်းအဝေးတွေ မလုပ်နိုင်တော့တာ၊ အခွင့်အရေးကာကွယ်ပေးမှု လုပ်ငန်းစဉ်တွေ မလုပ်နိုင်တော့တာ၊ လွတ်လပ်စွာ စုဝေးခွင့်၊ စည်းရုံးလှုံ့ဆော်ခွင့်တွေအတွက် အကန့်အသတ်တွေများစွာရှိလာတာ စတဲ့အချက် တွေကြောင့် မည်ကာမတ္တ ရပ်တည်မှုမျှသာ ရှိကြတော့တဲ့ အခြေအနေကို ရောက်ရှိ နေပြီလို့ ဆိုရမှာပါ။  

 

“ WCC နဲ့ အလုပ်ရှင်နဲ့ ဆွေးနွေးတဲ့အခါမှာတော့ ညှိလို့ ရတာတွေရှိတယ်။ လိုက်လျောနိုင် တာတွေရှိရင် လုပ်ပေးတာရှိတယ်။ အသေးအဖွဲတွေမှာ ညှိလို့ရတာမျိုးတွေရှိတယ်။ ဖူလုံရေးခွင့်တွေအတွက် လိုက်လုပ်ပေးတာတွေရှိရင် ရခဲ့တာတွေရှိတယ်။ တော်ရုံအသေးအဖွဲ့ကတော့ ညှိလို့ရတယ်။ အရမ်းကြီးသွားတာမျိုးဆိုရင်တော့ မရဘူး ”လို့ သမဂ္ဂခေါင်းဆောင် တစ်ဦးက ဆိုပါတယ်။ 

 

“သမဂ္ဂက စဖွဲ့တုန်းကတော့ လူ ၂၀၀ လောက်နဲ့ စခဲ့ကြတာပေါ့။ နောက်ပိုင်းပိုများလာတယ်။ကိုဗစ်ဖြစ်တာရော နိုင်ငံရေးကြောင့်ရော အလုပ်ထွက်သွားတဲ့လူတွေ စက်ရုံပြောင်းသွား တဲ့လူတွေ ရှိတဲ့အတွက် အင်အားကတော့နည်းသွားပါတယ်။ ပြန်တော့စုစည်းနေပါတယ်။ လက်ရှိကတော့ သမဂ္ဂနဲ့ ပတ်သက်လို့ စက်ရုံထဲမှာ ညှိနှိုင်းရင် နည်းနည်းလုပ်ပေးတာပဲရှိတယ်။ ၂၀၁၉ ထဲက စပြီး လုပ်ငန်းစဉ်တွေ မလုပ်ဖြစ်တော့ဘူး။ ရန်ပုံငွေလဲ မကောက် ဖြစ်တော့ဘူး။ အခြေအနေကောင်းလာရင်တော့ ပြန်လှုပ်ရှားဖို့ရှိပါတယ်။ အခုကတော့ ညှိနှိုင်းတဲ့ နေရာမှာ ဝင်ကူပေးနိုင်တာလောက်ပဲရှိတယ်” လို့ လုပ်ငန်းခွင်ထဲက သမဂ္ဂခေါင်းဆောင်က ပြောပါတယ်။ 

 

⬛ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု 

 

“လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေက အများကြီးပဲ။ အလုပ်သမားအခွင့်ရေးအနေနဲ့ ပြောမယ်ဆိုရင် တစ်ခုမှ မရဘူး။ ပြောရမယ်ဆိုရင် ခွင့်တိုင်တာတွေ အိုတီတွေမပေးဘဲနဲ့ အလကားခေါ်ဆင်းခိုင်းတာတွေ အဲ့လိုချိုးဖောက်တာတွေ၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ခွင့်တွေမပေးဘူး။ အလုပ်ခိုင်းကာနီးကျရင် နေ့စားသမားတွေခေါ်ခန့်တယ်။ ပြီးရင် ၉၀၀၀ လောက်ပေးရမဲ့ နေရာမှာ ၆၀၀၀ လောက်နဲ့ ခိုင်းတာမျိုးတွေလုပ်တယ်။ အရင်ကဆို အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ အလုပ်ဆင်းရင် ၂ ဆရတယ်။ အခုဆိုရင် ၄၈၀၀ ပေးမယ်၊ ရက်စား ၁ ရက်ပေးမယ်ဆိုပြီးဆင်းခိုင်းတယ်”လို့ သမဂ္ဂ ခေါင်းဆောင်တစ်ဦးက လုပ်ငန်းခွင်ထဲက ချိုးဖောက်မှုအခြေအနေကို ရှင်းပြပါတယ်။ 

 

လက်ရှိမှာ အများဆုံးချိုးဖောက်ခံရမှုတွေကတော့ နေ့စားအလုပ်သမားများအဖြစ်သာ ခန့်အပ်ပြီး ခွင့်ရက်၊ ပိတ်ရက်၊ အချိန်ပိုကြေးတွေ ခံစားခွင့်မရှိတော့တာ၊ လုပ်ငန်းခွင်အတွင်း အဓမ္မဖိအားပေးခိုင်းစေခံရမှုတွေ မြင့်တက်လာတာ၊ လျော်ကြေး၊ နစ်နာကြေး မရဘဲ အလုပ်ထုတ်ခံရတာ၊ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခံရတာ စတာတွေ ဖြစ်တယ်လို့ သိရပါတယ်။ 

 

အထက်ပါ ချိုးဖောက်မှုဖြစ်စဉ်တွေက လုပ်ငန်းကဏ္ဍမျိုးစုံမှာ ဖြစ်ပေါ်နေပြီး အထည်ချုပ်ကဏ္ဍမှာတော့ အဓမ္မဖိအားပေးခိုင်းစေခံရမှု၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှုတွေ ပိုများလာတာတွေ့ရတယ်လို့ အလုပ်သမားအဖွဲ့အစည်း တွေထံက သိရပါတယ်။ 

 

▪️ အလုပ်အကိုင်အခွင့်အလမ်း

 

“အလုပ်အကိုင်အခွင့်အလမ်းက အော်ဒါတွေနည်းတဲ့အတွက် နေ့စားတွေကို အလုပ် ပြန်ဖြုတ်တယ်။ အမြဲတမ်းဝန်ထမ်းကျတော့ မဖြုတ်ဘူး။ ဘယ်ဘက်ကနေ ဘယ်လိုဖြတ်ချရမလဲ ဆိုတာကိုပဲ ရွေးလုပ်တယ်။ ရက်မှန်ကြေး ၂၀၀၀၀ ဆို တစ်ရက်ပျက်ရင် ၁၀၀၀၀ ပဲဖြတ်တယ်။ အခုကျတော့ ၁ ရက်ပျက်တာနဲ့ ခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အကုန်ဖြတ်ချလိုက်တာ” လို့ အလုပ်သမားသမဂ္ဂ တာဝန်ရှိသူက ဆိုပါတယ်။ 

 

ကဏ္ဍပေါင်းစုံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ လျော့ကျသွားတာတွေ့ရပြီး အဲ့ဒီရိုတ်ခတ်မှုအနေနဲ့အလုပ်သမားတွေက ပြည်ပရွေ့ပြောင်းလုပ်ကိုင်မှု ရာခိုင်နှုန်း အလွန်မြင့်မားလာတာ တွေ့ရတယ်လို့ လည်း အလုပ်သမားအရေး လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ထားပါတယ်။ 

 

နောက်ဆုံးမှာတော့ “အလုပ်သမားအခွင့်အရေးဆောင်ရွက်သူတွေ အနေနဲ့ကတော့ လက်ရှိကာလမှာ ထိရောက်တဲ့ အခွင့်အရေးကာကွယ်ပေးနိုင်မှုတွေ မရှိသလောက် ဖြစ်နေပြီး မြေပြင်ထိ ကွင်းဆင်းပြီး မလုပ်ဆောင်နိုင်ကြတော့ဘူး”လို့ ဆိုပါတယ်။

 

 

                                      ဆုလာဘ်ဖြူ 

 

 

#တော်လှန်ရေးနှင့်အလုပ်သမားရေးရာ

#အတွဲ၁_အမှတ်၁

#ငါတို့မျိုးဆက်_တော်လှန်စာစဉ်

 

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

 

ငါတို့မျိုးဆက်-တော်လှန်စာစဉ် အတွဲ၁၊ အမှတ်၁ ကို ဇူလိုင်လ(၁)ရက်နေ့တွင် စတင်ထုတ်ဝေမည်။ တော်လှန်ရေး ကဏ္ဍစုံစာမူများကို စာစဉ်၏မူရင်း Facebook Page နှင့် Telegram Channel တို့တွင် ဖတ်ရှုနိုင်ပါသည်။

 

https://www.facebook.com/profile.php?id=100093176680035&mibextid=ZbWKwL

 

@Ngardohmyozet

https://t.me/ngardohmyozet


Related posts

Cover
အကျဉ်းစံတို့ရဲ့ ဘဝများ
May 15, 2024
Cover
အရွယ်ကောင်းအမျိုးသားတွေရဲ့ ဘဝကို ချုပ်ကိုင်ချယ်လှယ်လာတဲ့ စစ်ကောင်စီ
May 08, 2024
Cover
ချောက်ရေနံမြေက အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အခြေအနေများ
May 07, 2024
Cover
နေ့စားခ ကျပ်တစ်သောင်း လွန်ဆွဲပွဲ
May 06, 2024
Cover
"ဒီလောက်ထိ ဒုက္ခတွေကို  ကြံ့ကြံခံနေနိုင်တဲ့အတွက် အလုပ်သမားတွေကို အံ့လဲ ဩတယ် ဂုဏ်လဲယူပါတယ်"
May 05, 2024
Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024