ARTICLE

“ပြည်ပအိမ်မက်နှင့် လိမ်လည်မှုများ”

CoverLogo
435 Views

“ကျွန်တော်ထွက်ရတော့မယ်ဆိုလို့ စောင့်နေတာ ရှစ်လကျော်သွားပြီ”လို့ ကားတာယာအဟောင်းတွေကို ဆေး ကြောနေတဲ့ ကိုဥက္ကာ (အမည်လွှဲ) က ပြောပါတယ်။

သူကတော့ ရွှေပြည်သာမြို့နယ်ထဲက ကားတာယာရောင်းဝယ်ရေးဆိုင်မှာ အလုပ်လုပ်နေတာပါ။ မလေးရှားနိုင်ငံ မှာ သွားရောက်လုပ်ကိုင်နိုင်ဖို့ ပတ်စ်ပို့တွေ၊ ဆေးစစ်တာတွေ ပြင်ဆင်ထားပြီး အလုပ်အင်တာဗျူးတွေ ဖြေနေပေ မယ့် သေချာတဲ့နေ့ရက်တစ်ခုကိုတော့ အခုထိ မသိရသေးပါဘူး။

“အင်တာဗျူးဖြေရမယ်ဆိုလို့ အုပ်စုလိုက်ကြီး  ချိန်းတဲ့နေရာကို ကားနဲ့လိုက်သွားပြီး ဖြေရတယ်။ နောက်ချိတ် ပေးတဲ့အမက ကားငှားတာ ကားခဘယ်လောက်ပေးရမယ်ဆို ထပ်ပေးလိုက်ရတယ်။ အင်တာဗျူးလည်း အောင်တယ် ပြောတာပဲ။ ဘယ်တော့ သွားရမလဲသာ မသိရတာ”လို့ သူက လတ်တလောဖြစ်နေတဲ့ အခြေအနေ ကို ပြောပြပါတယ်။

မလေးရှားနိုင်ငံမှာ သွားရောက်လုပ်ကိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်တဲ့(၈)လတာကာလတွင်းမှာ ကျပ်ငွေ (၈) သိန်းခန့်ကုန်ကျထားပြီး အသွားအလာ ကုန်ကျစရိတ်တွေလည်း မနည်းဘူးလို့ သူကဆိုပါတယ်။

“မေးလိုက်ရင် သွားရတော့မယ် ဆိုတာချည်းပဲ ကိုယ်လည်းသူများဆီက ချေးပေးရတာဆိုတော့ အဆင်မပြေဘူး လေ။ ကျွန်တော်စိတ်အတိုင်းသာဆို ကုန်ထားရတာတွေ ပြန်တောင်းချင်နေပြီ”လို့ ကိုဥက္ကာက ပြောပါတယ်။

ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နိုင်ဖို့ ပြင်ဆင်နေတဲ့ လူငယ်အရေအတွက်ဟာ အာဏာသိမ်းပြီးနောက် ပိုင်းမှာ သိသိသာသာ များလာတာဖြစ်ပါတယ်။

ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ငွေကြေးလိမ်လည်တောင်းခံ တာတွေကလည်း နေ့စဉ်နဲ့အမျှ တိုးနေတာပဲ ဖြစ်ပါတယ်။

လိမ်လည်တာတွေ လုပ်ဆောင်ရာမှာ Demand letter(အလုပ်ခေါ်စာ) အတုတွေနဲ့ လုပ်သားစု‌ဆောင်းတာ၊ သင်တန်းတက်ဖို့အကြောင်းပြပြီး ငွေကြေးကြိုတင်တောင်းခံတာ၊ ဆေးစစ်တာတွေ ကြိုလုပ်ခိုင်းတာ၊ အလုပ်သမားတွေရဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းထားတာနဲ့ ဝန်ဆောင်ခကြိုတင် ကောက်ခံတာတွေ လုပ်နေတာပါ။

“ လိုင်စင်မရှိဘဲနဲ့ အလုပ်သမားတွေဆီက လိမ်ထားတဲ့ငွေတွေနဲ့ အာမခံငွေပြပြီး လိုင်စင်လျှောက်ကြတာတွေလည်း ရှိတယ်။ နောက်တစ်ခုက နာမည်ရတဲ့အေဂျင်စီကြီးတွေရဲ့နာမည်ကိုသုံးပြီး လိမ်တာတွေလည်း ရှိလာတယ်”လို့ လိုင်စင်ရ အေဂျင်စီတစ်ခုက တာဝန်ရှိသူက ပြောပါတယ်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအ‌‌ရေအတွက်ဟာ ၂၀၁၉ ခုနှစ်လောက်က နှစ်ရာကျော်သာ ရှိခဲ့ရာမှာ အခုချိန်မှာ‌တော့ လေးရာကျော်အထိ တိုးလာတာပါ။ လိုင်စင်ရယူသူတွေထဲမှာ စစ်တပ်နဲ့ ပတ်သက်ဆက်နွယ် သူတွေ၊ နာမည်ကျော်ကြား ထင်ရှားသူတွေနဲ့ ပွဲစားတွေပါ ပါဝင်လာတယ်လို့ အေဂျင်စီ အသိုင်းအဝိုင်းက သိရပါတယ်။

“အခုက အရင်ထက်ဆိုးတယ်။ လိမ်တဲ့ကောင်တွေက သောင်းနဲ့ချီပြီး လိမ်တာတွေရှိတယ်။ မကျေနပ်လို့ တိုင်ရင်လည်း စခန်းလိုက်သွားလိုက်မယ်။ ငွေပြန်မအမ်းဘူးဆိုတာက များနေတယ်။ ခေတ်ကိုက အလိမ်ခံရတာ တောင် ဘာမှပြန်လုပ်လို့မရတာမျိုး ဖြစ်နေတယ်”လို့ သူက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးလာတာ၊ ကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် ပြည်ပနိုင်ငံတွေမှာ သွားရောက် လုပ်ကိုင်လိုသူ များပြားလာပါတယ်။

ဒီအခြေအနေရဲ့ နောက်ဆက်တွဲ သက်ရောက်မှုအနေနဲ့ ငွေကြေးလိမ်လည်ခံရတာ၊ သတ်မှတ်ဝန်ဆောင်ခထက် ငွေကြေးပိုမိုကုန်ကျလာတာတွေ ရှိလာတာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို MOU စနစ်နဲ့ လုပ်သားစေလွှတ်ရာမှာ  ကျပ်သုံးသိန်းနဲ့ ဘတ် ၇၆၀၀ သာ ကောက်ခံခွင့်ပြုထားပေ မယ့် လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်လိုသူတစ်ယောက်ဟာ ကျပ်သိန်း ၃၀ နဲ့ ၄၀ကြား ကုန်ကျနေတယ်လို့ သိရပါတယ်။

ဒီလို ဝန်ဆောင်ခနှုန်းထားတွေ မြင့်တက်လာတာဟာ ကျပ်ငွေတန်ဖိုး ကျဆင်းလာတာကြောင့်ဖြစ်သလို တရားဝင်သတ်မှတ်မထားတဲ့ ခေါင်းစဉ်တွေနဲ့ ငွေကြေးကောက်ခံနေတာတွေကြောင့် ဖြစ်ပါတယ်။

ဒီအခြေအနေကို ပြည်ပသွားရောက်လုပ်ကိုင်လိုသူတိုင်း ကျော်ဖြတ်နေရတာပါ။ ငွေကုန်ကျမှုများတာနဲ့ လိမ်လည်ခံရတဲ့ အခြေအနေတွေကို ထိရောက်စွာ ဖြေရှင်းတာကတော့ မရှိသလောက် ဖြစ်နေပါတယ်။

အာဏာမသိမ်းခင် ကာလတွေက ဝန်ဆောင်ခ ပိုမိုကောက်ခံတာတွေ၊ ငွေကြေး လိမ်လည်ခံရတာတွေကို မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) ရုံးမှာ ညှိနှိုင်းပေးတာတွေ လုပ်ဆောင်နေပေမယ့် လက်ရှိမှာတော့ ဒီလိုညှိနှိုင်းတာတွေလည်း အရင်လိုအားမကောင်းတော့ဘူးလို့ အေဂျင်စီလုပ်ငန်း လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

လိမ်လည်မှုတွေနဲ့ပတ်သက်ပြီး တိုင်ကြားချက်တွေများလာတာကြောင့် စစ်ကောင်စီအလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ၂၀၂၃ခုနှစ် ဇွန်လ (၁၅) ရက်မှာ အေဂျင်စီတိုင်း လိုက်နာရမယ့်အချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီအချက်တွေ ဟာ ထိုင်းနိုင်ငံကို လုပ်သားစေလွှတ်တဲ့ လုပ်ငန်းစဉ်ကိုတော့ သက်ရောက်မှု မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါ တယ်။

ထုတ်ပြန်ရာမှာ အေဂျင်စီတွေအနေနဲ့ နိုင်ငံအလိုက် အလုပ်ရှင်တွေ လက်မှတ်ရေးထိုးပေးပို့လာတဲ့ employment contract တွေကို နီးစပ်ရာ မြို့နယ် အလုပ်သမား ညွှန်ကြားရေးရုံးတွေမှာ အေဂျင်စီနဲ့ အလုပ်သမားတွေ တစ်ဦးချင်း စာချုပ်ချုပ်ဖို့၊ အလုပ်သမား သံအရာရှိ ထောက်ခံပြီးတဲ့ demand letter တွေကို သက်ဆိုင်ရာ နိုင်ငံအလိုက် မြန်မာသံရုံးက စိစစ်ပြီးအကြောင်းပြန်မှ၊ ဦးစီးဌာန(ရုံးချုပ်)က စေလွှတ်ရေးလုပ်ငန်းစဉ် စတင်နိုင်ကြောင်း အကြောင်းကြားစာရမှသာ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ချုပ်ဆိုဖို့၊ မြို့နယ်ရုံးတွေမှာ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ချုပ်ဆိုရာမှာ ဦးစီးဌာနရဲ့ ခွင့်ပြုစာ၊ demand letter၊ ပတ်စပို့ (မူရင်း၊မိတ္တူ)၊  နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေ ယူဆောင်လာဖို့ စတာတွေ ပါဝင်လာတာပဲ ဖြစ်ပါတယ်။

ဝန်ကြီးဌာနပိုင်းက လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး အေဂျင်စီတွေကို ပိုမိုကြပ်မတ်နိုင်ဖို့ ဒီအချက်တွေကို ထုတ်ပြန်တာဖြစ်ပေမယ့် လိုင်စင်ရအေဂျင်စီတွေကတော့ လက်တွေ့မှာ လုပ်ဆောင်ရတဲ့ အချက်တွေနဲ့ ကွဲလွဲတာတွေ ရှိနေတယ်လို့ ထောက်ပြတာတွေလည်း ရှိနေပါတယ်။

ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်လိုသူတွေကို ငွေကြေးလိမ်လည်တဲ့ကိစ္စတွေဟာ အာဏာမသိမ်းခင် ကာလတွေကတည်းက ရှိနေတာဆိုပေမယ့် ဒီအချိန်မှာတော့ ပိုမိုဆိုးဝါးလာတဲ့ အခြေအနေကို ရောက်လာတာပဲ ဖြစ်ပါတယ်။

လိမ်လည်မှုတွေကို ထိရောက်စွာ အရေးယူမှု အားနည်းနေတဲ့ ဒီကာလမှာ လုပ်သားစေလွှတ်ရေး လုပ်ငန်းစဉ်ကို ကြပ်မတ်ရုံနဲ့ ဒီဖြစ်စဉ်တွေက လျော့နည်းသွားမှာတော့ မဟုတ်ပါဘူး။

ဒါကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့  အေဂျင်စီ အဖွဲ့ချုပ်က အချိန်မှီ ကိုင်တွယ်ဖြေရှင်းဖို့သာ လိုအပ်နေတာလို့ အေဂျင်စီအသိုင်းအဝိုင်းကထောက်ပြပြောဆိုကြပါတယ်။

#MyanmarLabourNews


Related posts

Cover
အကျဉ်းစံတို့ရဲ့ ဘဝများ
May 15, 2024
Cover
အရွယ်ကောင်းအမျိုးသားတွေရဲ့ ဘဝကို ချုပ်ကိုင်ချယ်လှယ်လာတဲ့ စစ်ကောင်စီ
May 08, 2024
Cover
ချောက်ရေနံမြေက အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အခြေအနေများ
May 07, 2024
Cover
နေ့စားခ ကျပ်တစ်သောင်း လွန်ဆွဲပွဲ
May 06, 2024
Cover
"ဒီလောက်ထိ ဒုက္ခတွေကို  ကြံ့ကြံခံနေနိုင်တဲ့အတွက် အလုပ်သမားတွေကို အံ့လဲ ဩတယ် ဂုဏ်လဲယူပါတယ်"
May 05, 2024
Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024