ARTICLE

ဥပဒေအကာအကွယ်ပြင်ပက လုပ်အားရှင် ကလေးများ

CoverLogo
486 Views

လုပ်ငန်းခွင် ဝင်ရောက်နေရတဲ့ ကလေးသူငယ်တွေရဲ့ (၇၀) ရာခိုင်နှုန်းကျော်ဟာ မိသားစုငွေကြေး အခက်အခဲ ကြောင့် လုပ်ကိုင်နေရတာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)က ကောက်ယူထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တွေမှာ လုပ်ဆောင်ခဲ့တဲ့ စစ်တမ်းရလဒ်တွေဖြစ်တယ်လို့လည်း အစီရင်ခံစာမှာဖော်ပြချက်အရ သိရပါတယ်။  

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုနဲ့ ကပ်ဘေးကြောင့် ကလေးအလုပ်သမား ၁ သန်းကျော်ရှိနေတဲ့အကြောင်း ILO က ထုတ်ဖော်ပြောဆိုထားသလို ဆင်းရဲမွဲတေမှုကြောင့် ကလေးတွေဟာလည်း လုပ်ငန်းခွင်ထဲ ရောက်လာတာဖြစ်တယ်လို့ အတိအလင်း ထည့်သွင်းထားပါတယ်။ 

ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ခေတ်တစ်ခုရဲ့ အခြေအနေကို ထင်ဟပ်နေတာပဲ ဖြစ်ပါတယ်။

ပြည်တွင်းမှာတော့ လက်ဖက်ရည်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ နဲ့ အိမ်အကူ အလုပ်သမားတွေအဖြစ် ကလေးလုပ်သားတွေကိုအသုံးပြုတာဟာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ 

ကလေးအလုပ်သမားနဲ့ အကျွမ်းတဝင်ဖြစ်နေတဲ့နိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ကျဆင်းလာတဲ့ အခြေအနေတွေကြောင့်  လုပ်ငန်းခွင်ထဲဝင်ရောက်လာရတဲ့ ကလေးအလုပ်သမားဦးရေဟာ သိသိသာသာ တိုးလာနေပြီလည်းဖြစ်ပါတယ်။  

ပြည်တွင်းမှာ ကလေးအလုပ်သမားတွေအတွက် သီးသန့်ဥပဒေ ပြဋ္ဌာန်းထားတာမရှိပေမယ့် ကလေးအလုပ်သမား တွေနဲ့ ဆက်နွယ်နေတဲ့ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ၊ ၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေ၊ ၂၀၁၆ ခုနှစ် အခကြေးငွေပေးချေရေး ဥပဒေနဲ့ ၂၀၁၉ခုနှစ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေတွေမှာတော့ အသက်(၁၄)နှစ်အောက် ကလေးတွေကို အလုပ်မလုပ်ခိုင်းဖို့ တားမြစ်ထားပါတယ်။

ကလေးသူငယ်တွေကို အလုပ်ခိုင်းစေတာနဲ့ပတ်သက်ပြီး လိုက်နာရမယ့်အချက်တွေကို ဖောက်ဖျက်ကျူးလွန်သူတွေကိုတော့ ထောင်ဒဏ်၊ ငွေဒဏ်တွေ ချမှတ်နိုင်တဲ့အကြောင်း ဥပဒေမှာဖော်ပြထားပေမယ့် လက်တွေ့မှာတော့ အသက်ဝင်မှု အားနည်းနေပါသေးတယ်။ 

ILOရဲ့ စစ်တမ်းအရလည်း ကလေးသူငယ်အများစု မတော်တဆထိထိုက်ဒဏ်ရာရရှိတာ၊ အသေးစား ထိခိုက်ဒဏ်ရာရတာတွေ မကြာခဏဖြစ်လေ့ရှိပြီး ပွန်းပဲ့ဒဏ်ရာနဲ့ တိုက်မိဆောင့်မိတာကြောင့် ဖူးရောင်တာတွေလည်း ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

မတော်တဆထိခိုက်တာ ဖြစ်စေ၊ အလုပ်ရှင်‌ ကြောင့် ထိခိုက်ခံရတာဖြစ်စေ ဒီလိုထိခိုက်မှုတွေဟာ လုပ်ငန်းခွင်မှာ ကလေးသူငယ်အခွင့်အရေး ကျူးလွန်ခံနေရတာကို သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ ပြသ သလို ဖြစ်နေပါတယ်။

 “သမီးက ဈေးလည်း ရောင်းရတယ်။ ဈေးဝယ် မရှိတဲ့အချိန်ဆို ကြီးကြီး ဟင်းချက်တာ ကူရတယ်။ ကလေးလည်း ထိန်းပေးရတယ်။ အန်တီတို့ခိုင်းတာလေးတွေလည်း လုပ်ရတယ်”လို့ ကုန်စုံဆိုင် တစ်ခုမှာ အလုပ်ဝင်နေတဲ့ အသက်(၁၁)နှစ်အရွယ် ကလေးငယ်တစ်ယောက်က သူ့ရဲ့ တစ်နေ့တာအလုပ်တာဝန်တွေကို ပြောပါတယ်။

ဒါဟာ ကုန်စုံဆိုင်တစ်ခုမှာ အလုပ်ဝင်ရတဲ့ ကလေးတစ်ယောက်ရဲ့ အလုပ်ချိန်တွေဖြစ်ပြီးတော့ ဥပဒေကသတ်မှတ်ထားတဲ့ တစ်ရက်(၈)နာရီ အလုပ်ချိန်ဟာ သူတို့လို ကလေးအလုပ်သမားတွေနဲ့ မသက်ဆိုင်သလို ဖြစ်နေပါတယ်။ 

အချိန်ပိုလုပ်အားခတွေ၊ မဖြစ်မနေပေးချေရမယ့် အနည်းဆုံးလုပ်ခလစာတွေဆိုတာ သူတို့အတွက်တော့ အလှမ်းဝေးနေတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေ ဖြစ်နေပါတယ်။ 

ဒါ့အပြင် ကလေးလုပ်သားတွေကို အလုပ်ပေးခိုင်းစေတာကိုပဲ ကျေးဇူးရှင်သဖွယ်ထင်မြင်နေကြတဲ့ အလေ့အထကလည်း ကလေးတွေရဲ့ နစ်နာမှုတွေကို ဖုံးကွယ်ပေးသလို ဖြစ်နေပါတယ်။

အလုပ်ချိန် အတိအကျမရှိတာ၊ ခိုင်းစေရလွယ်ကူတာ၊ လုပ်အားခနည်းပါးတာ၊ ထိန်းချုပ်ဖို့လွယ်ကူတာ၊ ကလေးအလုပ်သမားတွေကိုကာကွယ်ပေးတဲ့ အလုပ်သမားအဖွဲ့အစည်းတွေ အားနည်းတာ၊ ကလေးအလုပ်သမားတွေရဲ့ နစ်နာမှုတွေဟာ သတင်းတွေအဖြစ် ထွက်ပေါ်မှုနည်းပါးတာ စတဲ့အချက်တွေဟာလည်း အလုပ်ရှင်တွေက ကလေးအလုပ်သမားတွေကိုသဘောကျတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။

ကလေးလုပ်သားဈေးကွက်ဟာ ပြည်တွင်းမှာ နှစ်ပေါင်းများစွာအမြစ်တွယ်နေပေမယ့် အလုပ်သမားဝန်ကြီးဌာန အပါအဝင် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေကပါ စိတ်ဝင်စားမှုအားနည်းတဲ့ အကြောင်းအရာ ဖြစ်နေပါတယ်။ 

ကလေးလုပ်သားတွေ ဥပဒေအကာအကွယ်မရတာကို နေ့စဉ်မြင်နေကြရပေမယ့်လည်း သက်ဆိုင်သူတွေကတော့ မျက်ကွယ်ပြုနေဆဲ ဖြစ်ပါတယ်။ 

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်ကလည်း ကလေးသူငယ်တွေကို လုပ်ငန်းခွင်ထဲ ရောက်စေခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“ဒီအကဲဖြတ်လေ့လာမှုမှာပါဝင်တဲ့ အလုပ်လုပ်ကိုင်နေတဲ့ကလေးသူငယ် ထက်ဝက်ကျော်က အခွင့်အလမ်းသာ ရမယ်ဆိုရင် ကျောင်းပညာရေးကို ဆက်လက်သင်ယူလိုတဲ့အကြောင်း ပြောဆိုပါတယ်။ ဒါဟာ သူတို့တွေရဲ့ ကျောင်းတက်ချင်တဲ့စိတ်ဆန္ဒကို အလုပ်က ဘယ်လောက်အတိုင်းအတာအထိ အဟန့်အတား ဖြစ်စေသလဲ ဆိုတာကို ထင်ဟပ်ဖော်ပြနေတာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ နိုင်ငံရေးအကြပ်အတည်းကြောင့် တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားနေတဲ့ပဋိပက္ခတွေက ဒီအခြေအနေကို ပိုမိုဆိုးရွားလာစေပါတယ်” လို့ အိုင်အယ်လ်အိုရဲ့  မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ/ ဌာနေကိုယ်စားလှယ် Mr. Donglin Li က ပြောကြားထား ပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက် ဥပဒေအကာအကွယ်ကိုမရတာဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်နေပေမယ့် ကလေးလုပ်သားတွေရဲ့ အရေးကလည်း ပစ်ပယ်ထားလို့တော့ မရပါဘူး။ 

ကလေးလုပ်သား ဘယ်လောက် တိုးလာတယ်ဆိုတာကို စစ်တမ်းကောက်ရုံနဲ့လည်း သူတို့အတွက် အခွင့်အရေးတွေ ရလာမှာ မဟုတ်ပါဘူး။ 

အသက်(၁၄)နှစ် မပြည့်သေးတဲ့ကလေးတွေကို အလုပ်မပေးတာဟာ ကလေးလုပ်သားတွေ လျော့ကျစေဖို့ အခြေခံကျတဲ့ အချက်တစ်ခု ဖြစ်နေပေမယ့် အလုပ်ရှင်တွေဘက်က လိုက်နာဖို့ မလွယ်ကူသလို ဆင်းရဲမွဲတေမှုကလွတ်ဖို့ ကလေးတွေကိုအသုံးချနေတဲ့ မိဘနဲ့ အုပ်ထိန်းသူတွေကို ထိန်းချုပ်နိုင်ဖို့ကလည်း ခက်ခဲနေပါသေးတယ်။ 

တိုင်းပြည်က ဆင်းရဲတွင်းနက်လာချိန်မှာ ကလေးလုပ်သားတွေ မတိုးလာစေဖို့ ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်း အသီးသီးကလည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ 

လုပ်ငန်းခွင်တွေကို ကွင်းဆင်းစစ်ဆေးပြီး ဥပဒေ လိုက်နာမှုမရှိရင် အရေးယူတာတွေ၊ ပညာပေး လုပ်ငန်းစဉ်တွေကို ကြိုတင်လုပ်ဆောင်တာတွေကလည်း ရာနှုန်းပြည့်မဟုတ်တောင် ကလေးအလုပ်သမား လျှော့ချနိုင်ဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုစေမှာပဲ ဖြစ်ပါတယ်။ 

အချိန်တိုနဲ့ ကုစားမရတဲ့ ကလေးအလုပ်သမား ပြဿာနာကို ကြိုတင်ကာကွယ်ရေးနဲ့ လျှော့ချနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်ဖို့၊ အသိပညာပေးတာတွေလုပ်ဆောင်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။


Related posts

Cover
အကျဉ်းစံတို့ရဲ့ ဘဝများ
May 15, 2024
Cover
အရွယ်ကောင်းအမျိုးသားတွေရဲ့ ဘဝကို ချုပ်ကိုင်ချယ်လှယ်လာတဲ့ စစ်ကောင်စီ
May 08, 2024
Cover
ချောက်ရေနံမြေက အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အခြေအနေများ
May 07, 2024
Cover
နေ့စားခ ကျပ်တစ်သောင်း လွန်ဆွဲပွဲ
May 06, 2024
Cover
"ဒီလောက်ထိ ဒုက္ခတွေကို  ကြံ့ကြံခံနေနိုင်တဲ့အတွက် အလုပ်သမားတွေကို အံ့လဲ ဩတယ် ဂုဏ်လဲယူပါတယ်"
May 05, 2024
Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024