ARTICLE

အလုပ်သမားဦးစီးမှူး ၊ စက်ရုံပိုင်ရှင် နှင့် Nine Tripod အလုပ်သမားများ၏ ခံစားခွင့် ယုတ်လျော့မှုများ

CoverLogo
669 Views

ကျောချမှ ဓားပြမှန်းသိ ဆိုတဲ့ မြန်မာ့ စကားပုံဟာ ဝန်ထမ်းလောကနဲ့ အရောင်းအဝယ်လောကမှာ မကြာခဏ ပြောကြားတဲ့ စကားပုံလည်း ဖြစ်ပါတယ်။ 

အဓိပ္ပါယ်ကတော့ “မိမိကျောကို ရိုက်နှက်ပြီး ပစ္စည်းကို တောင်းခါမှ ဓားပြမှန်းသိသကဲ့သို့ မိမိကို အကျိုးယုတ်အောင်လုပ်ခါမှ ထိုသူကို လူဆိုးမှန်းသိရတယ်” လို့ အဓိပ္ပါယ် ဖွင့်ဆို ထား ပါတယ်။                            
Nine Tripod အလုပ်သမားတွေကတော့ ဓားပြမှန်းမသိတဲ့ အဖြစ်ကတော့ ရပိုင်ခွင့်အတွက် နိုင်ငံတော်က ကူညီဖို့ ခန့်အပ်ထားတဲ့ အလုပ်သမား ဦးစီးမှူးကို ယုံကြည်မိပြီး အားကိုပါမှ မူလရပိုင်ခွင့် ဆုတ်ယုတ်ခဲ့ရတဲ အဖြစ်ပါ ။  

  • လုပ်ငန်းအစ၊ ဇာတ်လမ်းဟောင်း

Nine Tripod ခေါ် ကျိုတိန် မှန်နှင့် အလူမီနီယံ တပ်ဆင် ရောင်းဝယ်ရေးလုပ်ငန်းဟာ ရန်ကုန်မြို့၊ လှိုင်သာယာ မြို့နယ်၊ စက်မှုဇုန် (၄)၊ ဦးမြဲလမ်းမှာ ရှိပြီး ၂၀၁၅ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ 

လက်ရှိ စက်ရုံကို အလုပ်သမား ၂၅ ဦးနဲ့ လည်ပတ်နေတာပြီး ပိုင်ရှင်က တရုတ်နိုင်ငံသား ဖြစ်တယ်လို့ သိရပါ တယ်။

မူလက အလုပ်သမားအင်အား ၆၀ ကျော် လုပ်ကိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ဒေးကြေး၊ ရက်မှန်ကြေး ကျွမ်းကျင် ကြေး၊  နှစ်ကြေးတွေ တောင်းဆိုမှုပြုလုပ်ခဲ့လို့ အလုပ်သမားခေါင်းဆောင်ကို စက်ရုံဘက်က အလုပ် ထုတ်ပယ် ခဲ့တယ်လို့ သိရပါတယ်။

ကျန်အလုပ်သမားတွေထဲက တချို့ကို ထုတ်ပယ်တာ၊ လျှော့ချတာတွေ ပြုလုပ်ခဲ့ပြီး လက်ရှိမှာ ၂၅ ဦးနဲ့ လုပ်ငန်းလည်ပတ်နေပါတယ်။ 
လက်ရှိ အလုပ်သမား ၂၅ ဦးကတော့ အရင် အလုပ်သမား ၆၀ ကျော် လုပ်ကိုင်ခဲ့တဲ့ အလုပ်တွေကို လက်ရှိ လုပ်ကိုင်နေရ တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

Nine Tripod စက်ရုံဘက် အလုပ်သမားတွေကို အလုပ်ခန့် ထားစဉ်က ဒေးကြေး ၅၅၀၀ ကျပ်၊ အစမ်းခန့် အလုပ်သမားတွေကို ၅၀၀၀ ကျပ်ပေးပြီး ခန့်ထားခဲ့ တာ ဖြစ်တယ်လို့  သိထားရပါတယ်။

  • လုပ်ငန်းခွင် အခြေအနေ 

အလူမီနီယံတပ်ဆင်ရေး လုပ်ငန်းအမျိုးအစားကတော့ ဆောက်လုပ်ငန်းအမျိုးအစား ဖြစ်ပြီး  လုပ်ငန်း သဘောအရ အမြင့်တက်တာတွေရှိလို့ အလုပ်သမားတွေဟာ သက်စွန့်ဆံဖျား လုပ်ကိုင်ကြရပါတယ်။ 

ဒါပေမဲ့ Nine Tripod အလုပ်သမားတွေကတော့ လုံခြုံရေးပစ္စည်း အလုံအလောက်နဲ့ လုပ်ကိုင်နေရတာတော့ မဟုတ်ပါဘူး။  
အလုပ်ချိန်ဟာ ဥပဒေမှာတော့ တရက်အတွက် သာမန်အလုပ်ချိန်ကို ၈ နာရီပဲ သတ်မှတ်ထားတာ ဖြစ်ပေမဲ့ Nine Tripod မှာတော့ ထမင်းစားနားချိန် အပါအဝင်မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ သတ်မှတ်ထား ပါတယ် ။  

  • လူမှုဖူလုံရေးကြေး လစဉ် ဖြတ်ပေမဲ့ ခံစားခွင့်မရ

ဒါပေမယ့် အမြဲတမ်းလိုလို သတ်မှတ် အချိန်ကျော်လွန်အောင် လုပ်ကိုင်နေပြီး အိုတီကြေး ပေးတာမရှိဘူး လို့လည်း အလုပ်သမား တွေက ပြောဆိုပါတယ်။ ဒါ့အပြင် လူမှုဖူလုံရေးကြေး ပေးသွင်းထားပေမဲ့ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ရှောင်တခင်ခွင့် ၊ ဆေးခွင့် ၊ လုပ်သက်ခွင့် တွေကို Nine Tripod အလုပ်သမားတွေ မရကြပါဘူး ။
 
လုပ်ငန်းခွင်အတွင်း ထိခိုက်မှုဖြစ်ပွားပါက လူမှုဖူလုံရေးမှာ ကုသမှုခံယူစေပြီး ဆေးကုသစဉ် လုပ်ခ လစာကို ၄၈၀၀ ကျပ်နဲ့သာ ရှင်းပေးပြီး တခြားကုန်ကျစရိတ်တွေ ဖြေရှင်းပေးတာမရှိတဲ့အတွက် အလုပ်သမားတွေဟာ ထိခိုက်ဒဏ်ရာရတိုင်း အခက်အခဲ ကြုံရတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။ 

ခေတ်ကာလ အခြေအနေအရ လုပ်ငန်းဝင်ငွေ အခက်အခဲ ရှိလာတဲ့အတွက် လုပ်ခလစာကို အလုပ်ချိန်အတွင်း ထုတ်ပေးဖို့၊ လုပ်ခလစာကို ရက် ၃၀ နဲ့ တွက်ချက်ပေးဖို့၊ တနင်္ဂနွေနေ့ အလုပ်ဆင်းရပါက အချိန်ပိုကြေးကို ဥပဒေနဲ့ အညီပေးဖို့၊ ဖြတ်တောက်ခံထားရတဲ့ ဒေးကြေးတွေကို ဘက်ဒိတ်နဲ့  ပြန်လည် တွက်ချက်ပေးဖို့၊ လုပ်သက်ကြေး တစ်နှစ် ၅၀၀၀ ကျပ်နှုန်းကို နှစ်အလိုက်ပေါင်းထည့်ပေးဖို့၊  ရက်မှန်ကြေး ကျပ် ၅၀၀၀၀ ကျပ် ပေးဖို့၊ လုပ်ငန်းခွင်သုံး လုံခြုံရေး ပစ္စည်းတွေကို လုံလောက်စွာ စီစဉ်ပေးဖို့၊ တပ်ဆင်ရေးသမားတွေ အတွက် အမိုးပါကားတွေ စီစဉ်ပေးဖို့၊  ဥပဒေပါ အလုပ်ပိတ်ရက်နဲ့ ခွင့်ရက်တွေ ခံစားခွင့်ပြုဖို့နဲ့ သတ်မှတ် အလုပ်ချိန် ကျော်လွန်ပါက အချိန်ပိုကြေး ပေးဖို့တွေကို ပြီးခဲ့တဲ့ ဇွန်လထဲမှာ အလုပ်သမားတွေက တောင်းဆိုခဲ့ ပါတယ်။

  • ဦးစီးမှူးက ကျောချခဲ့သလား။

ဇူလိုင် ၁ ရက်မှာ Nine Tripod အလုပ်ရှင်က အလုပ်သမားတွေကို အစည်းအဝေးခေါ်ပြီး အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးရုံးက လုပ်ခလစာကို အစိုးရက တိုးမြှင့်ပေးတာမရှိဘဲ ကျပ် ၅၀၀၀ ကနေ  ၈၀၀၀ ကျပ်အထိ ပေးနေတာကို တရားစွဲလို့ရတယ်လို့ ပြောတယ်ဆိုပြီး အလုပ်သမားရုံးက အလုပ်ရှင်ကို တရားစွဲပါက အလုပ်သမားအားလုံးကို တရားပြန်စွဲမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ 

"အခု အလုပ်သမားတွေကို ပေးထားတဲ့ ဒေးကြေး ၅၆၀၀၊ ၆၀၀၀၊ ၆၅၀၀၊၆၉၀၀၊၇၀၀၀၊၇၃၀၀၊ ၈၀၀၀ အစားစားကို  ၇ လပိုင်းက စပြီး ဒေးကြေး ၄၈၀၀ ကို အခြေခံသတ်မှတ်မယ်၊  ကျန်တဲ့ ပိုငွေကို ကျွမ်းကျင်ကြေး (တိုင်) သတ်မှတ်ပြီး ပေးမယ်။ ရက်ပျက်ရင်လည်း ကျွမ်းကျင်ကြေးထဲက ဖြတ်တောက်မယ်။ ဒီလို ကျွမ်းကျင်ကြေးကို (တိုင်) လုပ်ပြီးပေးဖို့ကို အလုပ်ရုံနှင့် အလုပ်သမားရုံးက ညွှန်းကြားချက်အရ အလုပ်ရှင်က ပေးရတာဆိုပြီး အလုပ်ရှင်က ပြောလာပါတယ်။” အလုပ်သမားတဦးက ပြောပါတယ်။

အလုပ်သမားတွေအတွက် ပြဋ္ဌာန်းထားတဲ့ အနည်းအခကြေးငွေ နည်းဥပဒေ ရဲ့ အခန်း (၁၀) အလုပ်သမားများ ၏ တာဝန်နှင့်အခွင့်အရေးများ ၊ ပုဒ်မ ၄၄ (စ) မှာ အခုလို ပြဋ္ဌာန်းထားပါတယ်။

အလုပ်တွင် ကျွမ်းကျင်ပြီး လုပ်ရည်ကိုင်ရည်ရှိသော အလုပ်သမားအား ပေးထားသည့် အခကြေး ငွေသည် အနည်းဆုံးအခကြေးငွေထက် ပိုမိုပါက ထိုအခကြေးငွေသည် ဆက်လက် အတည် ဖြစ်စေရမည်လို့ ပြဋ္ဌာန်း ထားပါတယ်။

Nine Tripod စက်ရုံဘက်က ဆောင်ရွက်ချက်တွေက မူလခံစားနေတဲ့ လုပ်ခလစာကို ယုတ်လျော့ စေခဲ့တာ ဖြစ်ပါတယ်။ ဥပဒေမှာလည်း အချိန်ပိုလုပ်ခကို အခြေခံလစာပေါ်ထွက်ချက် ပြဋ္ဌာန်းထာလို့ Nine Tripod အလုပ်သမားတွေရဲ့ နစ်နာမှုဟာ ကြီးမားပါတယ်။ 

  •  ကျောချမဲ့သူလား ၊ စေတနာရှင်လား

၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်မှာ လုပ်ငန်းခွင်ထဲသို့ အလုပ်သမားရုံးက စစ်ဆေးရေးဝင်းရောက် စစ်ဆေးခဲ့ ပါတယ်။ 

စစ်ဆေးရေးအဖွဲ့မှာတော့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးရုံးမှ ဦးစီးမှူး နဲ့အတူ လူမှုဖူလုံရေး ဦးစီးမှူး၊ အလုပ်သမားညွှန်ကြားရေးရုံး၊ အလုပ်သမားဆက်ဆံရေးဦးစီးဌာနက တစ်ဦးစီ စုစုပေါင်း ၄ ဦး လာရောက် စစ်ဆေးခဲ့ပါတယ်။ စက်ရုံပိုင်ရှင်နဲ့ မန်နေဂျာ မပါဝင်ဘဲ စက်ရုံ ရုံးခန်းထဲမှာ စစ်ဆေးရေးအဖွဲ့က အလုပ်သမား ၂၅  ဦးကို ခေါ်ယူ စစ်ဆေးခဲ့ပါတယ် ။ 

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးရုံးမှ ဦးစီးမှူး က ဘာခံစားခွင့်တွေမရတာလဲ ပွင့်ပွင့် လင်းလင်းပြောလို့ ရတယ်လို့ စကားဦးသန်းပြီး စမေးခဲ့ ပါတယ်။ 

Nine Tripod အလုပ်သမားတွေက အချိန်ပိုဆင်းထားတာ ဘက်ဒိတ်(Back Date) နဲ့ (၆) လစာပေးရမှာ (၃) လစာပဲ ရရှိတဲ့အကြောင်း ၊ ဥပဒေပါ ခွင့်ရက်များမရရှိတဲ့ ကြောင်း၊ စက်ရုံလုပ်သက် ၃နှစ် ကနေ ၈ နှစ် ကျော် အထိ ရှိပေမဲ့ အခုဖြေဆိုတဲ့ အချိန်ထိ လုပ်သက်ခွင့် ၁၀ ရက် မရရှိတဲ့ကြောင်း၊ လုပ်ငန်းခွင်မှာ လုံခြုံရေးပစ္စည်း အလုံအလောက် မရှိတဲ့ကြောင်း၊ လူမှုဖူလုံရေးခွင့်တွေ မရတဲ့ကြောင်း၊ ဒေးကြေး ၅၆၀၀ ကနေ ၈၀၀၀ ကျပ်ထိ ရတာကို ဒေးကြေး ၄၈၀၀ ကျပ်နှင့် ကျွမ်းကျင်ကြေး (တိုင်) ခွဲပေးတာကို လက်မခံတဲ့ အကြောင်းကို အလုပ်သမားတွေက အားကိုးတကြီး နဲ့  တင်ပြခဲ့ကြတာပါ။  

ဒီအချက်တွေက ရသင့်တဲ့ အလုပ် သမားအခွင့်အရေးတယ် ၊ လုပ်သက်ခွင့် တွေကို အလုပ်ရှင်က ပေးရမယ်၊ အချိန်ပိုကြေးကိုလည်း ၆  လစာကို အလုပ်ရှင်က မဖြစ်မနေပေးရမှာ အလုပ်သမားတွေကို ဦးစီးမှူး ကလည်း ပြောခဲ့တာပါ ။

အလုပ်သမားတွေကို စစ်ဆေးအပြီး  အလုပ်ရှင်နဲ့  ည ၉ နာရီထိ ဆွေးနွေး ခဲ့တယ်လို့ ဦးစီးမှူးကိုယ်တိုင် ပြောပြခဲ့တာလည်း ဖြစ်ပါတယ်။ 

  • ဥပဒေကို ဦးစီးမှူး ကိုယ်တိုင် ချိုးဖောက်  

၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ၊ ၇ ရက် မနက်အစောကတည်းက  ဦးစီးမှူး   စက်ရုံထဲ‌ရောက်ရှိ နေခဲ့ပါတယ်။ ညဥ့်နက်အောင် ဆွေးနွေးခဲ့လို့ မနက် အစောတွေ့ရတဲ့  ဦးစီးမှူးကို အလုပ်သမားတွေက တအံတဩ ဖြစ်ခဲ့ ကြ ပါတယ်။  

“ဦးစီးမှူး  က မင်းတို့အလုပ်သမားတွေကို ငါစောင့်နေတာ။ အလုပ်ရှင်နဲ့ မနေ့က ဆွေးနွေးတာ ငါတို့ အဖွဲ့ ည (၉) နာရီမှပြန်ရ တယ်။ အချိန်ပိုကြေးကို (၆) လစာအတွက် ငါပြန်တွက်ချက်ပေးထားတယ်။ အလုပ်ရှင်က ဒေးကြေးကို  ၅၆၀၀ ကနေ ၈၀၀၀ ကျပ်ထိကို ဒေကြေး(တိုင်)ဖြင့်  ပေးမယ်၊ အချိန်ပိုကြေးကို ၁၂၀၀ နဲ့ပေးမယ်ပြောတယ်။ အဲ့လိုမှ မရရင် စက်ရုံပိတ်မယ်လို့ပြောနေလို့ ငါတို့က ကြားဝင်ညှိပေးထားတာ” ဆိုပြီး ကျေးဇူးတင်ဖို့ ကောင်းလောက်အောင် ပြောခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  

အလုပ်သမားတွေက ဒေးကြေး ၅၆၀၀ ကျပ်ကနေ ၈၀၀၀ ကျပ် အစားစားကို ဆိုရင်တောင် အချိန်ပိုကြေးက ဥပဒေအတိုင်း နှစ်ဆ ရရှိရမှာ ဖြစ်တယ်လို့ ဦးစီးမှူးကို ပြောကြားရာမှာတော့ "ငါတို့ မင်းတို့ကို စက်ရုံ ပိတ်သွား ရင် အလုပ်လက်မဲ့ဖြစ်မှာစိုးလို့  ညှိနှိုင်းပေးလို့ အခုလောက်ရရှိတာ လက်ခံကြ" ဆိုပြီး ကျေးဇူးရှင်ပုံစံနဲ့ ပြောဆို ခဲ့တယ်လို့ သိရပါတယ်။ 

အချိန်ပို လုပ်ခနဲ့ ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ညွှန်ကြားလွှာထုတ်ပြန်ထားပါတယ်။ အဲဒီ ညွှန်ကြား လွှာမှာ အချိန်ပိုလုပ်ခဟာ အခြေခံလစာနဲ့ နေ့စား အခကြေးငွေအပေါ် အခြေခံတွက်ချက်ဖို့ ညွှန်ပြ ထား ပါတယ်။
 
“ခေါင်း‌ဆောင်ပိုင်း အလုပ်သမားများဆိုလျှင် အရမ်းနစ်နာ သွားပါတယ်။ အရင်က ဒေးကြေး ၁၃၀၀၀ ကျော်ရ တာကို အခု ဒေးကြေး ၈၅၀၀ ကျပ်နှင့် အချိန်ပို ၁၂၀၀ ပဲ တွက်ပေးမယ်ဆိုတောလေ။ အလုပ်သမားတွေက ဒါဆို လုပ်သက်ခွင့် (၁၀) ရက်စာ ဘက်ဒိတ်နဲ့ ရမှာလားလို့ မေးတဲ့အခါ ဦးစီးမှူး က မင်းတို့ အလုပ်သမားတွေက စာချုပ် မရှိလို့ လုပ်သက်ခွင့်မရဘူး၊ နောက်တခါ စက်ရုံကိစ္စရှိပါက သတင်းမတင်နဲ့  ပြောပြီး  ဆက်သွယ် မေးမြန်းနိုင်တဲ့ ဖုန်းနံပါတ်တွေကို ပေးပြီး ပြန်သွားတယ်” လို့  အလုပ်သမားတွေက ပြောပါတယ်။ 

အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ် EC အတွက် ဥပဒေပြဋ္ဌာန်းခဲ့တာ ၂၀၁၃ ခုနှစ်က ဖြစ်ပြီး EC စာချုပ်ချုပ်ဆိုဖို့ ၂၀၁၇ ခုနှစ် မှာ မြန်မာနိုင်ငံအစိုးရ ပြန်တမ်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုထုတ်ပြန်ထားလို့ EC စာချုပ်ကို မချုပ်ဆို ပါ ကစက်ရုံ အလုပ်ရုံ ပိုင်ရှင်တွေမှာသာ တာဝန်ရှိတာ ဖြစ်ပြီး ဒီလို မချုပ်တာကလည်း ပြစ်ဒဏ်ကျခံနိုင်တဲ့ ချိုးဖောက်မှုတခု ဖြစ်ပါတယ်။ 

“ ဦးစီးမှူးတွေက အလုပ်ပိတ်သွားမှာ စိုးရိမ်တယ်ဆိုတာ စိုးရိမ်ရမဲ့ ကိစ္စတော့ မဟုတ်ဘူး။ တကယ်လုပ်ရမှာက အလုပ်သမားတွေ ရရှိပြီးသား အခွင့်အရေးတွေ ယုတ်လျော့လို့မရဘူး။ ပေးရမယ်။ တိုးမပေးနိုင်ဘူး ဆိုရင် တောင် မူလအတိုင်းပေးရမယ်။ အချိန်ပိုကိစ္စတွေဆို ဦးစီးမှူးတွေနဲ့ လုပ်ပိုင်ခွင့်လည်း ရှိတယ်၊ လုပ်ပေးရမှာ ဖြစ်တယ်။ လုပ်သက်ခွင့်တွေဆို သုံးနှစ်စာ တွက်ပေး နိုင်တယ်။ EC စာချုပ် ရှိရဲ့နဲ့ ၊ စာချုပ်မရှိလို့ ဆိုပြီး ပြောတာကလည်း ဦးစီးတစ်ယောက်က မဟုတ်မမှန် ပြောတာပဲဖြစ်တယ်” လို့ အလုပ်သမားရေးလှုပ်ရှားသူ မနွေဦးက ပြောပါတယ်။ 


“တရက်လုပ်ခကို ၄၈၀၀ သတ်မှတ်ပြီး ပိုတဲ့ငွေကို ကျွမ်းကျင်ကြေးအနေနဲ့ သတ်မှတ်တယ်။ ပြီးတော့ အချိန်ပို ကို ၁၂၀၀ နဲ့ ရှင်းပေးမယ်ဆိုပြီး ပြောလာတယ်။ အလုပ်သမားက အကြောင်းကြောင့် ရက်ပျက်ရင်၊ ခွင့်ပေး မယ်လို့ မပါဘူးနော် ။ အဲ့တွက် ၄၈၀၀ လည်းမရဘူး။ ကျွမ်းကျင်ကြေးတွေလည်း ပြုတ် မယ်။” ဆိုပြီး စက်ရုံဘက်က ပြောပြန်လို့ အလုပ်သမားတွေက ပြောပါတယ်။ 
အလုပ်ရှင်ဘက်ကပြောဆိုမှုဟာ အလုပ်သမားဦးစီးမှူး ပြောထားသလို မဟုတ်တော့ပါဘူး ။ ဒေကြေး ၄၈၀၀ ထက်ပိုတဲ့ငွေကို ကျွမ်းကျင်ကြေး (တိုင်)လို သတ်မှတ်လိုက်တာဖြစ်ပါတယ်။

အဲဒီကျွမ်းကျင်ကြေးကို အလုပ် ဆင်းရက်မှာပေးမယ်။ ရက်ပျက်တွေကို ထည့်မပေးဘူးလို့ ပြောပြန်ပါတယ်။  အစိုးရရုံး ပိတ်ရက် အတွက် ကို ဒေးကြေး ၄၈၀၀ ထည့်ပေးမယ်လို့ ဆိုပါတယ်။ 

“ ဒီအဖြစ်က စက်ရုံနဲ့ စက်ရုံပိုင်ရှင်ဘက် ဦးစီးဌာနတွေရဲ့ ဖြေရှင်းပေးမှုတွေကို မလိုက်နာတာပါ။ ဒီလို မလိုက် နာ ရင် စက်ရုံနဲ့ စက်ရုံပိုင်ရှင်ကို  ဦးစီးဌာနအလိုက် အရေးယူနိုင်တဲ့ ပုဒ်မတွေ ရှိပါတယ်၊ အချိန်ပို ဘတ်ဒိတ် (Back Date) နဲ့ တောင်းတဲ့ ၆ လစာကလည်း ပေးရမှာပဲ၊ ဘာလို့ဆို စက်မှုရုံထဲမှာရှိတဲ့ အလုပ်ရုံက ထုတ်ကုန် ရှိနေလို့ပဲ၊ ဆိုင်ဆိုတာ စက်မှုဇုန်ထဲမှာ မရှိပါဘူး ။” လို့ အလုပ်သမားရေး လှုပ်ရှားသူ ကိုအေးကျော် (အမည်လွှဲ ) က ပြောပါတယ်။ 

ဒါ့အပြင် အလှူမီနီယံတပ်ဆင်ရေး လုပ်ငန်းဟာ ဆောက်လုပ်ရေးလုပ်ငန်း သဘောဆောင်တဲ့ လုပ်ငန်းဖြစ်လို့ တခြား အလုပ်တွေရဲ့ လုပ်ခလစာအတိုင်း ပေးလို့မရဘူးလို့လည်း အလုပ်သမားအရေးလှုပ်ရှားသူ မနွေဦးက ပြောပါတယ်။

“ဥပဒေအရဆိုရင် ရရှိပြီးအခွင့်အရေးကို ယုတ်လျော့ပြီး ပေးလို့မရဘူး။ လျှော့ပေးတာ မဟုတ်ဘူးလို့တော့ ပြောနိုင် ပေမဲ့ ၊ အလုပ်သမားတွေအတွက် တအားနစ်နာနေတာပါ။ အလုပ်တွေက မတူတော့ ပေးတဲ့နှုန်းထား တွေက တူမှာ မဟုတ်ဘူး။ အထည်ချုပ်လုပ်သားကို ၄၈၀၀ ပေးလို့ ဒီအလုပ်သမားတွေကို ၄၈၀၀ ပဲ ပေးမယ် ဆိုတာမျိုးတော့ မရဘူး။” လို့ ပြောပါတယ်။

  • အလုပ်သမားဦးစီးမှူးက စ ပြီး၊ အဆုံးသတ် မပေးခဲ့တဲ့ ဖြေရှင်းမှု 

အလုပ်သမားဦးစီးဌာနတွေရဲ့ စုပေါင်းဖြေရှင်းမှုဟာ လုပ်ငန်းခွင်အတွင်း ဥပဒေပါအတိုင်း အလုပ်သမား အခွင့်အရေး မရတဲ့ အခြေအနေတွေကို တောင်းဆိုခဲ့ရာမှာ Nine Tripod အလုပ်သမားတွေအတွက် ဒေးကြေး အလျှော့ ခံရတဲ့ အထိ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။  

အလုပ်ရုံမှ ဦးစီးမှူးတွေ လာရောက် စစ်ဆေးပေးခဲ့ပေမဲ့ ဥပဒေအတိုင်း မဖြစ်ခဲ့တာပါ။

ဒါ့အပြင် အလုပ်သမား ဦးစီးမှူးတွေ အလုပ်သမားအခွင့်အရေးကို အပြည့်အဝ ဆောင်ရွက်ပေးတော့ မလိုလိုနဲ့  အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီစာချုပ်ကို အလုပ်သမားတွေညှိဆွေးနွေးခွင့် မရှိဘဲ အတင်းဖိအားပေး စာချုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိ ဆောက်လုပ် ရေး အလုပ်သမား တဦးရဲ့ နေ့တွက် လုပ်ခဟာ အနည်းဆုံး ၉၀၀၀ ကျပ်ကနေ ၁၈၀၀၀ ကျပ်အထိ ရှိနေတာ ဖြစ်ပါတယ်။ 

ဒီလိုလုပ်ခတွေရရှိ ဖို့လည်း  Nine Tripod အလုပ်သမား ၂၅ ဦးဟာ တောင်း ဆို ခြင်းမရှိခဲ့ပေမဲ့ အလုပ်သမားဦးစီးဌာနရဲ့ ဖြေရှင်းပေးမှု ရလဒ်ဟာ အလုပ်သမားအကျိုးကိုပိုမို ယုတ်လျော့ စေခဲ့တာ ဖြစ်ပါတယ်။ 

Nine Tripod အလုပ်သမားကတော့ ယုတ်လျော့မှုတွေအတွက် မူလဒေးကြေး အတိုင်း ခံစားခွင့်ပြုဖို့ ၊ အချိန်ပိုကြေးကို ဥပဒေနှင့် အညီ တွက်ချက်ပေးဖို့၊ လုပ်သက်ခွင့်ကို ဘက်ဒိတ် (Back Date)နဲ့ ပြန်လည် ခံစားခွင့်ဖို့ နဲ့  လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ပေးဖို့ ဆက်လက်တောင်းဆိုထားဆဲ ဖြစ်ပါတယ်။ 

“အလုပ်သမားရုံးက ဦးစီးမှူးတွေ အငြင်းပွားမှုတွေကို မျှမျှတတ မဖြေရှင်းတဲ့အခါ အဓိက နစ်နာတာက အလုပ်သမား တွေပါပဲ။  များသောအားဖြင့် ဖြေရှင်းမှုဟာ မမျှတလို့ အလုပ်ရှင်နစ်နာသွားတယ်ဆိုတာ မရှိ သလောက် ရှားပါတယ် ။  ဥပဒေနဲ့အညီသာ ဖြေရှင်းပေးခဲ့မယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ” လို့  အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေသူ မအေးအေး ပြောဆိုထား ပါတယ်။

#MyanmarLabourNews 


Related posts

Cover
ချောက်ရေနံမြေက အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အခြေအနေများ
May 07, 2024
Cover
နေ့စားခ ကျပ်တစ်သောင်း လွန်ဆွဲပွဲ
May 06, 2024
Cover
"ဒီလောက်ထိ ဒုက္ခတွေကို  ကြံ့ကြံခံနေနိုင်တဲ့အတွက် အလုပ်သမားတွေကို အံ့လဲ ဩတယ် ဂုဏ်လဲယူပါတယ်"
May 05, 2024
Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024
Cover
ပြာပုံထဲမှာပြန်လည် ရှာဖွေခဲ့ရတဲ့ တရားမျှတမှုခြေရာများ
Jan 12, 2024
Cover
ရွှေ့ပြောင်းလုပ်သားတွေအတွက် NUG အစိုးရ ရပ်တည်ပေးမှုအပေါ် အလုပ်သမားအရေးလှုပ်ရှားသူများဝေဖန်
Dec 25, 2023