ARTICLE

အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးနှင့် STUM အဖွဲ့ဝင် ၉ ဦး ဖမ်းဆီးခံရမှုနောက်ကွယ်က မြန်မာ့အလုပ်သမားအခွင့်အရေးများ

CoverLogo
410 Views
 
လွန်ခဲ့တဲ့ ရက်ပိုင်းက အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးနဲ့ STUM (Solidarity Trade Union of Myanmar) အဖွဲ့ဝင် ၉ ဦး ဖမ်းဆီးခံရမှုဟာ မြန်မာနိုင်ငံအတွင်း အလုပ်သမား အခွင့်အရေးများ၊ သမဂ္ဂလှုပ်ရှားမှုများနှင့် သက်ဆိုင်ရာ လွတ်လပ် ခွင့်များကို ဖိနှိပ်ထားတဲ့ လက္ခဏာတစ်ရပ်အဖြစ် မြင်ရပါတယ်။
 
ILO Article 33 အရေးယူမှုနှင့် သက်ဆိုင်ရာ ပြဿနာများ
 
ILO သည် အဖွဲ့ဝင်နိုင်ငံများတွင် အလုပ်သမားအခွင့်အရေးများ လေးစားလိုက်နာမှုရှိမရှိကို အမြဲမပြတ် စောင့်ကြည့်နေပြီး အထူးသဖြင့် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် စုပေါင်းဆွေးနွေးညှိနှိုင်းခွင့်ဆိုင်ရာ သဘောတူစာချုပ် (Convention) တွေကို လိုက်နာမှု မရှိပါက ILO သည် ဝင်ရောက်စွက်ဖက်လေ့ရှိသည်။
ဒေါ်မျိုးမျိုးအေးနှင့် STUM အဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်းဟာ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ကို တိုက်ရိုက်ချိုးဖောက်ရာရောက်တယ်လို့ ILO က ယူဆနိုင်ပြီး ILO သည် Article 33 အရ ပြင်းထန်သည့် အရေးယူမှုများကို ပြုလုပ်လာနိုင်ခြေရှိပါတယ်။
 
Article 33 သည် အခြေခံ အလုပ်သမားအခွင့်အရေးများကို အစိုးရများက လေးစားလိုက်နာရန် ပျက်ကွက်သည့်အခါ ILO Governing Body မှ အရေးယူဆောင်ရွက်ရန် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းဖြစ်ပါတယ်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ILO ၏ အရေးယူမှုဟာ အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့် ဥပဒေများအပေါ် အခြေခံထားသောကြောင့် မှားသည်ဟု ပြောဆိုရန် ခက်ခဲပြီး ရည်ရွယ်ချက်မှာ အလုပ်သမားအခွင့်အရေး ပိုမိုကောင်းမွန်လာအောင် တွန်းအားပေးရန်သာဖြစ်ပါတယ်။
 
မြန်မာနိုင်ငံမှာ အလုပ်သမားဥပဒေများ မရှိတာ မျိုးတော့ မဟုတ်ပါ။ ဒီဥပဒေတွေရဲ့ ရည်ရွယ်ချက်က အလုပ်သမားတွေကို ကာကွယ်ပေးဖို့၊ အလုပ်ရှင်နဲ့ အလုပ်သမားအကြား သင့်တင့်မျှတတဲ့ ဆက်ဆံရေးရှိစေဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဒီဥပဒေတွေက အလုပ်သမားတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။
ပထမဆုံးအနေနဲ့ ဥပဒေ စိုးမိုးမှု အားနည်းနေခြင်းက အဓိက အခက်အခဲဖြစ်ပါတယ်။ ဥပဒေတွေက စာရွက်ပေါ်မှာပဲ ရှိပြီး လက်တွေ့ အကောင်အထည်ဖော်မှုမှာ အားနည်းနေပါတယ်။ ဥပမာ- အနိမ့်ဆုံးအခကြေးငွေကို အပြည့်အဝ မပေးတဲ့ စက်ရုံအလုပ်ရုံတွေ အများအပြားရှိနေပေမယ့် ထိရောက်တဲ့ စစ်ဆေးအရေးယူမှုတွေ နည်းပါးပါတယ်။ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့အခါ တိုင်ကြားဖို့ ဥပဒေအရ အကာအကွယ်ရဖို့ ခက်ခဲပါတယ်။
 
နောက်တစ်ခုက အလုပ်သမားအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။ ဥပဒေအရ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ရှိပေမယ့် လက်တွေ့မှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားလှုပ်ရှားမှုတွေကို နှိမ်နင်းမှုတွေကြောင့် အလုပ်သမားသမဂ္ဂတွေ လွတ်လွတ်လပ်လပ် ရပ်တည်လှုပ်ရှားနိုင်ခြင်း မရှိတော့ပါဘူး။
ဒီလိုအခက်အခဲတွေကြောင့် အလုပ်သမားတွေဟာ မိမိတို့ရဲ့ အခွင့်အရေးအတွက် စုပေါင်းရပ်တည် တောင်းဆိုဖို့ဆိုတာ မလွယ်ကူပါဘူး။
 
ဒါ့အပြင် အလုပ်ရှင်အများစုရဲ့ ဥပဒေကို လိုက်နာမှု အားနည်းခြင်းကလည်း ပြဿနာတစ်ခုဖြစ်ပါတယ်။ အလုပ်သမားတွေကို ဥပဒေပါ အခွင့်အရေးတွေ (ဥပမာ- အချိန်ပိုကြေး၊ ခွင့်ရက်) အပြည့်အဝ မပေးတာ၊ အလုပ်သမားခေါင်းဆောင်တွေကို ဖိအားပေးတာ အလုပ်ထုတ်တာတွေ လုပ်လေ့ရှိပါတယ်။ ဒီလိုလုပ်ရပ်တွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးမယ့် အစိုးရရဲ့ အခန်းကဏ္ဍက အရေးကြီးပေမယ့် လက်ရှိအခြေအနေမှာ အလုပ်သမားရေးရာ ဌာနများရဲ့ စွမ်းဆောင်ရည်ကလည်း အားနည်းနေပါတယ်။
 
နိဂုံးချုပ်
 
ဒေါ်မျိုးမျိုးအေးနှင့် STUM အဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်းသည် မြန်မာ့အလုပ်သမားအခွင့်အရေး အခြေအနေကို ထင်ဟပ်ပြနေတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
 
ILO က ဒီကိစ္စကို အရေးယူလာမယ်ဆိုရင် အပြည်ပြည်ဆိုင်ရာ စံနှုန်းများအရ မှန်ကန်တယ်လို့ ပြောလို့ရပါတယ်။ ဒီဖြစ်စဉ်ကနေ မြန်မာ့အလုပ်သမားဥပဒေတွေဟာ စာရွက်ပေါ်မှာပဲရှိပြီး မြေပြင်မှာ အလုပ်သမားတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ခြင်း မရှိသေးဘူးဆိုတဲ့ အချက်ကို ပိုပြီးတော့ ပေါ်လွင်စေပါတယ်။
 
မြန်မာနိုင်ငံအနေနဲ့ အလုပ်သမားအခွင့်အရေးတွေကို တကယ်ပဲ လေးစားလိုက်နာမယ်ဆိုရင် ဥပဒေတွေကို ပြဋ္ဌာန်းရုံသက်သက်မဟုတ်ဘဲ၊ ဥပဒေ စိုးမိုးမှုရှိအောင် အလုပ်သမားတွေ လွတ်လပ်စွာ စုဖွဲ့လှုပ်ရှားနိုင်အောင် ဥပဒေပါ အခွင့်အရေးတွေကို အလုပ်သမားတိုင်း အပြည့်အဝ ခံစားနိုင်အောင် လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။

Related posts

Cover
၁၂,၀၀၀ ကျပ်က ဇိမ်ခံဖို့ မဟုတ်၊ အသက်ဆက်ဖို့
Feb 26, 2026
Cover
တစ် နဲ့ တစ် ပေါင်းပြီး သုည ဖြစ်နေတဲ့ လူသားတန်ဘိုး ဆုံးရှုံးမှု၊ ဆင်းရဲမှု သံသရာ နဲ့ လူမှု တရားမျှတမှု
Feb 20, 2026
Cover
ပျောက်ဆုံးနေသည့် အနာဂတ်များ
Feb 12, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
"ပွဲစားခမှ လွတ်မြောက်ခွင့်အထိ (သို့) Yunnan Xiao Bu Garment စက်ရုံမှ လစာခေါင်းပုံဖြတ်မှု"
Nov 15, 2025
Cover
လာအို FUANLAI စက်ရုံက ငရဲခန်းလား ကျားဖြန့်လား။
Nov 12, 2025
Cover
သမဂ္ဂခေါင်းဆောင်တစ်ဦးလျှောက်ခဲ့တဲ့ "လမ်း"
Oct 30, 2025