NEWS

အလုပ်သမားများအနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးမူကို စွဲကိုင်ပြီး မိမိတို့အခွင့်အရေး မိမိတို့အနာဂတ်အတွက် ကိုယ်တိုင် ဆက်လက်ရုန်း ကန်တိုက်ပွဲဝင်ကြပါလို့ပဲ ပြောချင်ပါတယ်။

CoverLogo
844 Views

MLN - မေဒေးနေ့မှာ ကမ္ဘာ့နိုင်ငံအသီးသီးက အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့သလို သူတို့ရဲတောင်းဆိုချက်တွေလဲရရှိခဲ့တယ်၊ ဒါပေမယ့်ဒီကနေ့အချိန်အထိ မြန်မာ့အလုပ်သမားတွေကတော့ မျှော်မှန်းချက်တွေ မရရှိသေးဘူးလို့မြင်တယ်၊ ဒီတော့မြန်မာ့အလုပ်သမားတွေအနေနဲ့မေဒေးခေါ်သံကို ဆက်လက်ကိုင်ဆွဲထားရဖို့ရှိပါသလား။

အလုပ်သမားအင်အားစုများအဖွဲ့ - မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေးတွေကို ဆယ်စုနှစ်ပေါင်းများစွာ ဆုံးရှုံးလာခဲ့တာ ယနေ့အထိပဲ၊ ဒီမိုက ရေစီအစိုးရများလက်ထပ်မှာလည်း အခွင့်အရေးတွေဆုံးရှုံးနစ်နာခဲ့တာပါပဲ၊ အလုပ်သမားတွေဟာ ဥပဒေပါရပိုင်ခွင့် များကိုတောင် ဆန္ဒပြတောင်းဆိုနေရတဲ့အထိဖြစ်ခဲ့ကြတယ်။ ဆန္ဒမပြချင်လို့ သက်ဆိုင်ရာ စည်းကြပ်ဌာနတွေကို တိုင်ကြားကြပေမဲ့လဲ ဌာနတွေရဲ့ အဂတိမကင်းမှု၊ သက်ဆိုင်ရာအစိုးရများရဲ့ အလုပ်သမားနှင့်သက်ဆိုင်သော မူဝါဒများ မခိုင်မာမှု၊ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ရေးရာကော်မတီများ၏ ပူးပေါင်းဆောင်ရွက်ရေး ညံ့ဖျင်းမှုများ ကြောင့် အလုပ်သမားများဟာ ခေတ်အဆက်ဆက် မိမိတို့ကြမ္မာကို မိမိတို့ဖာသာ ဖန်တီး ရုန်းကန်ခဲ့ကြရတယ်။ ယခု နိုင်ငံရေး မငြိမ်သက်မှုများကြောင့် အခွင့်အရေးချိုးဖောက်ခံရမှုများ ပိုမိုမြင့်တက်လာချိန်မှာ ကိုယ့်အခွင့်အရေးကို ကိုယ်ကာကွယ်ဖို့ မေဒေးစိတ်ဓါတ်ကို အမြင့်ဆုံးလွှင့်ထူထားကြပါလို့ အကြံပြုပါတယ်။

MLN- မေဒေးရဲ့တကယ့်တောင်းဆိုချက် ရည်ရွယ်ချက်တွေကဘာလဲ။ မြန်မာအလုပ်သမားတွေအပါအဝင်ကမ္ဘာ့အလုပ်သမားတွေကဘာတွေတောင်းဆိုချင်တာလဲ၊ ပြီးတော့တကယ့်မေဒေးနေ့ရဲ့အနှစ်သာရကိုလဲပြောပြပေးပါ။

အလုပ်သမားအင်အားစုများအဖွဲ့ - ၁၉ ရာစုခန့်ကစပြီး အမေရိကန်ပြည်ထောင်စုမှာ အလုပ်ချိန်လျှော့ချပေးရေးအတွက် အလုပ်သမားရေးလှုပ် ရှားမှုများစတင်ခဲ့တယ်၊ မေဒေးနေ့ဖြစ်ပေါ်လာဖို့ ပထမဆုံးခြေလှမ်းများလို့လည်းပြောလို့ရတယ်၊ အဲ့ဒိအချိန်မှာ အလုပ် သမားများရဲ့ တစ်နေ့အလုပ်ချိန်ဟာ ၁၆ နာရီကနေ ၂၀ နာရီထိရှိခဲ့တယ်။ ၁၈၂၀ ခုနှစ်လောက်ကနေ ၁၈၈၉ ခုနှစ်လောက်ထိ နှစ်ပေါင်း (၇၀) လောက် အလုပ်ချိန်နဲ့ပက်သက်ပြီး မလျှော့တမ်း တိုက်ပွဲဝင်ခဲ့ကြတယ်။ ဖမ်းဆီးထောင်ချခံရမှု၊ ညှင်းပန်းနှိပ်ဆက် သတ်ဖြတ်ခံရမှု၊ အလုပ်ထုတ်ခံရမှု များစွာကို ရင်ဆိုင်ခဲ့ကြရတယ်။ ဒါပေမဲ့ နောက်မဆုတ်ပဲ အခွင့်သာတိုင်း တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြလို့ နောက်ဆုံးမှာ တစ်နေ့အလုပ်ချိန် (၈) နာရီ သတ်မှတ် ပေးခဲ့တယ်။ ၁၈၈၉ ပါရီညီလာခံမှာ  မေလ (၁)ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ်သတ်မှတ်ပေးခဲ့ရတယ်။ မြန်မာ နိုင်ငံမှာတော့ မေဒေးကို ၁၉၃၈ ခုနှစ်မှာ စတင်ကျင်းပနိုင်ခဲ့ပြီး လွတ်လပ်ရေးရပြီးနောက်မှာ မေဒေးနေ့ကို အများပြည် သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ အလုပ်ချိန်လျှော့ချပေးရေးတောင်းဆိုချက်ကနေ အစပြုခဲ့တာဖြစ်ပြီး ခေတ်စနစ်ပြောင်းလဲလာမှုအရလည်းကောင်း၊ လူ့အခွင့်အရေးစံတန်ဖိုးများ မြင့်မားလာမှုအရလည်းကောင်း၊ ယဉ် ကျေးသော လူ့အသိုင်းအဝိုင်းတစ်ခု ပေါ်ထွန်းလာမှုအရလည်းကောင်း၊ အလုပ်သမားများ၏ လိုအပ်ချက်၊ တောင်းဆိုချက်များသည်လည်း အမျိုးမျိုးတိုးတက်ပြောင်းလဲလာခဲ့တယ်။ ယင်းတို့ထဲတွင်မှ အလုပ်သမားများ အဓိက လိုအပ်ချက် တောင်းဆိုချက်များမှာ-
-လုံလောက်သော လုပ်ခလစာရရှိရေး
-အလုပ်အကိုင်အာမခံချက်ရရှိရေး
-ကောင်းမွန်သော လူမှုဖူလုံရေးစနစ်ရရှိရေး
-ဘေးကင်းသော လုပ်ငန်းခွင်ရရှိရေး စသည်တို့ဖြစ်တယ်။ 
အခြားတောင်းဆိုချက်များစွာရှိသော်လည်း အနှစ်ချုပ်သာ ဖော်ပြလိုက်ပါတယ်။

MLN လက်ရှိမြန်မာ့အလုပ်သမားထုရဲ့အဓိကရင်ဆိုင်နေရတဲ့အခက်အခဲအခြေအနေတွေနဲ့ပတ်သက်ပြီးပြောပြပေးပါ။

အလုပ်သမားအင်အားစုများအဖွဲ့ - လက်ရှိမှာ အလုပ်သမားတွေ အဓိကကြုံတွေ့နေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေက -
-လုပ်အား ခေါင်းပုံဖြတ်ခံရခြင်း
-ဥပဒေမဲ့ အလုပ်ထုတ်ခံရခြင်း 
-ကုန်ဈေးနှုန်းကြီးမြင့်လာခြင်း
-လုပ်ငန်းခွင် အတွင်း/အပြင် ခြိမ်းခြောက်ခံရမှုများရှိလာခြင်း
-အလုပ်သမားသမဂ္ဂများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ယုတ်လျော့လာခြင်း (အချို့) ဖြိုခွဲခံရခြင်း
-လုံလောက်သော ဥပဒေအကာအကွယ်များ မရရှိခြင်း စသည်တို့ဖြစ်တယ်။

MLN-  မေဒေးနေ့ဆိုတာဒီကအစိုးရအဆက်ဆက်လုပ်ခဲ့သလိုရုံးတစ်ရက်ပိတ်ပေးပြီး ပျော်ရွှင်ရတဲ့နေ့မဟုတ်ဖူးလို့သိထားပါတယ်။အဲ့ဒီတော့မြန်မာ့အလုပ်သမားထုအနေနဲ့မေဒေးနေ့မှာမေဒေးစိတ်ဓာတ်ကိုဘယ်လိုဆွဲကိုင်ပြီးတိုက်ပွဲဝင်သင့်တယ်ဘယ်လိုပြုမူနေထိုင်သင့်တယ်ဆိုတာလေးလဲပြောပြပေးပါ။

အလုပ်သမားအင်အားစုများအဖွဲ့ - မေဒေးနေ့ဆိုတာ အလုပ်သမားထုတောင်းဆိုမှုကို အသိအမှတ်ပြုပေးခဲ့ရတဲ့ အောင်ပွဲနေ့တစ်နေ့အဖြစ်လည်း သတ်မှတ်တဲ့အတွက် ပျော်ပွဲရွှင်ပွဲများထည့်သွင်းကျင်းပကြတယ်။ သို့သော် ဒီအောင်ပွဲဟာ အသက်၊သွေး၊ချွေး မြောက် များစွာ ရင်းနှီးပေးဆပ်ခဲ့ရတဲ့ အတွက် ရှေ့က အလုပ်သမားခေါင်းဆောင်ကြီးများကိုလည်း အောက်မေ့တသ ဦးညွှတ် အလေးပြုကြရမယ်။ သူတို့ရဲ့စိတ်ဝိဉာဉ်တွေကို မိမိတို့နှလုံးသားမှာ ကိန်းဝပ်တဲ့အထိ တသားတည်းဖြစ်အောင် နေကြ ရမယ်။ ရှေ့က အလုပ်သမားထုကြီးနဲ့ အလုပ်သမားခေါင်းဆောင်များက တာဝန်ကျေခဲ့ကြသလို မိမိတို့ကလည်း နောင်လာမဲ့ မိမိတို့မျိုးဆက် အလုပ်သမားထုအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်ခဲ့ကြဖို့ သမိုင်းပေး တာဝန်ရှိတယ်ဆိုတာ မမေ့အပ်ဘူး။

MLN - နောက်ထပ်မေးချင်တာကလက်ရှိဆရာ/ဆရာမတို့အဖွဲ့အစည်းရဲ့ လှုပ်ရှားမှု့နဲ့မေဒေးနေ့အတွက်အလုပ်သမားတွေကိုပြောချင်တဲ့အမှတ်တရစကားလေးရှိရင်ပြောပေးပါ။

အလုပ်သမားအင်အားစုများအဖွဲ့ - အဖွဲ့အနေနဲ့က အလုပ်သမားများ ယင်းတို့ကိုယ်တိုင် ယင်းတို့အသိဉာဏ်နဲ့ ပြုလုပ်ကြမဲ့ လှုပ်ရှားမှုအသီးသီးကို ထောက်ခံအားပေးသွားမယ်။ ဒီနှစ်အတွက် မေဒေး အမှတ်တရစကားကတော့ အလုပ်သမားများအနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးမူကို စွဲကိုင်ပြီး မိမိတို့အခွင့်အရေး မိမိတို့အနာဂတ်အတွက် ကိုယ်တိုင် ဆက်လက်ရုန်း ကန်တိုက်ပွဲဝင်ကြပါလို့ပဲ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။


Related posts

Cover
(၁၃၄)ကြိမ်မြောက် မေဒေးနေ့ စကားဝိုင်းဆွေးနွေးပွဲ
May 05, 2024
Cover
အနိမ့်ဆုံးလုပ်ခလစာကျပ် ၁ သောင်း အပါအဝင် အလုပ်သမားအခွင့်အလမ်းဆိုင်ရာအချက်၃ချက်​တောင်းဆို
May 03, 2024
Cover
အမျိုးသားတွေ ပြည်ပ‌ရွှေ့ပြောင်းအလုပ်လုပ်ခွင့် ပိတ်ပင်မှု လက်ခံနိုင်ဖွယ်မရှိဟုဆို
May 02, 2024
Cover
မေဒေးစိတ်ဓာတ် မေဒေးခံယူချက်နဲ့ တိုက်ပွဲခံယူဖို့လိုအပ်ပါတယ်
May 01, 2024
Cover
"လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဒီမိုကရေစီအခွင့်အရေး အဲ့တာတွေကတော့ အဓိက ဆုံးရှုံးတာပေါ့"
May 01, 2024
Cover
မေဒေးနေ့မှာ အဓိကတောင်းဆိုချင်တာက အ​နည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ဖို့ရယ် အလုပ်သမားအခွင့်အရေးအပြည့်အဝရရှိဖို့အတွက် တောင်းဆိုချင်ပါတယ်
May 01, 2024
Cover
အလုပ်သမားတွေဆိုတာ မေဒေးနဲ့ မဆိုင်သလိုဖြစ်နေတယ်
May 01, 2024
Cover
"အာဏာရှင်ကိုအမြတ်ပြတ်ချေမှုန်းသွားမဲ့အထဲမှာ အလုပ်သမားတွေပါဝင်ဖို့လိုတယ်"
May 01, 2024