NEWS

Myanmar Labour News ၏ မေလ ၁ ရက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ထုတ်ပြန်ချက်

CoverLogo
15 Views
 
ယနေ့ ကျရောက်သော မေလ ၁ ရက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် Myanmar Labour News အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ လုပ်အားဖြင့် ရှင်သန်ရုန်းကန်နေကြသော အလုပ်သမားထုတစ်ရပ်လုံးကို လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။
 
လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းများကြားတွင် အလုပ်သမားထုသည် အခြေခံစားဝတ်နေရေးအတွက် အပြင်းထန်ဆုံး ရိုက်ခတ်မှုများကို ရင်ဆိုင်နေရပါသည်။
 
ကျွန်ုပ်တို့ သည် ပြည်သူလူထု၏ အသိပညာနှင့် လူ့အခွင့်အရေးများကို ရှေ့တန်းတင်သည့် မီဒီယာတစ်ခုအနေဖြင့် အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် လူသားဂုဏ်သိက္ခာကို အလေးထားလျက် အောက်ပါအချက်များကို အလေးအနက် တောင်းဆိုလိုက်ပါသည်။
 
၁။ ကုန်ဈေးနှုန်းနှင့် လျော်ညီသော အနည်းဆုံးလုပ်ခ သတ်မှတ်ပေးရေး
လက်ရှိ အဆမတန် မြင့်တက်နေသော ကုန်ဈေးနှုန်းများနှင့် ငွေကြေးဖောင်းပွမှုဒဏ်ကြောင့် အလုပ်သမားများ၏ ရရှိသော လုပ်ခလစာသည် မိသားစု စားဝတ်နေရေးအတွက် လုံလောက်မှု မရှိတော့ပါ။ ထို့ကြောင့် အလုပ်သမားများ တောင်းဆိုနေသည့် ရှင်သန်နိုင်စွမ်းရှိသော (Living Wage) အနည်းဆုံးလုပ်ခလစာကို အမြန်ဆုံး ပြန်လည်သုံးသပ် တိုးမြှင့်ပေးရန် တောင်းဆိုသည်။
 
၂။ အခြေခံကုန်ဈေးနှုန်းများ လျှော့ချရေး
လောင်စာဆီ၊ ဆန်၊ ဆီ နှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်နေမှုကို ထိရောက်စွာ ထိန်းချုပ်ပေးရန်နှင့် အလုပ်သမားများ အခြေခံလိုအပ်ချက်များကို သင့်တင့်သော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်သည့် ပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်ပေးရန် တောင်းဆိုသည်။
 
၃။ အကျဉ်းကျ အလုပ်သမားများနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး
မိမိတို့၏ အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ တောင်းဆိုရင်း ဖမ်းဆီးထိန်းသိမ်းခံထားရသော အလုပ်သမားရေး လှုပ်ရှားသူများ၊ အလုပ်သမားများနှင့် အကြောင်းမဲ့ ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးနှင့် အခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုသည်။
 
၄။ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများအပေါ် ခြိမ်းခြောက်မှု ရပ်တန့်ရေး
အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များနှင့် အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအပေါ် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် တရားစွဲဆို ဖမ်းဆီးခြင်းများကို ချက်ချင်းရပ်တန့်ရမည်။ အလုပ်သမားများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် စုပေါင်းညှိနှိုင်းတောင်းဆိုခွင့် (Collective Bargaining) ကို အပြည့်အဝ အကာအကွယ်ပေးရမည်။
 
၅။ အလုပ်သမားများအား အဓမ္မစစ်မှုထမ်းခေါ်ဆောင်ခြင်းရပ်တန့်ရေး၊ လုပ်ငန်းခွင်အတွင်းကိုယ်ထိလက်ရောက် ကျူးလွန်မှု ကင်းရှင်းရေး
 
၆။ အလုပ်သမားအခွင့်အရေးများ အပြည့်အဝ ကာကွယ်ပေးရေး
အလုပ်ခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်းများ ကင်းရှင်းရေး၊ ကိုယ်ဝန်ဆောင်နှင့် အမျိုးသမီးလုပ်သားများအား ခွဲခြားဆက်ဆံမှုများ ကင်းရှင်းရေး၊ အလုပ်သမား ဥပဒေပါ ခံစားခွင့်များ အပြည့်အဝ ရရှိရေးနှင့် ခွဲခြားဆက်ဆံမှု ကင်းစင်သော အလုပ်ခွင် ပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးတွင် တာဝန်ရှိကြောင်း သတိပေး တောင်းဆိုအပ်ပါသည်။
 
Myanmar Labour News သည် အလုပ်သမားထု၏ အသံကို ကမ္ဘာက သိစေရန်နှင့် တရားမျှတသော လူ့အဖွဲ့အစည်း ပေါ်ထွန်းလာစေရန် ပြည်သူလူထုနှင့်အတူ ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
 
မြန်မာနိုင်ငံ အလုပ်သမားထုတစ်ရပ်လုံး အဖိနှိပ်ခံ ဘဝမှ လွတ်မြောက်ပါစေ။

Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
ကုန်ကြမ်းမဟုတ်သော နှလုံးသားများ  (မေဒေး အထူးဆောင်းပါး)
May 01, 2026
Cover
(၁၃၄)ကြိမ်မြောက် မေဒေးနေ့ စကားဝိုင်းဆွေးနွေးပွဲ
May 05, 2024
Cover
အနိမ့်ဆုံးလုပ်ခလစာကျပ် ၁ သောင်း အပါအဝင် အလုပ်သမားအခွင့်အလမ်းဆိုင်ရာအချက်၃ချက်​တောင်းဆို
May 03, 2024
Cover
မေဒေးစိတ်ဓာတ် မေဒေးခံယူချက်နဲ့ တိုက်ပွဲခံယူဖို့လိုအပ်ပါတယ်
May 01, 2024
Cover
"လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဒီမိုကရေစီအခွင့်အရေး အဲ့တာတွေကတော့ အဓိက ဆုံးရှုံးတာပေါ့"
May 01, 2024
Cover
မေဒေးနေ့မှာ အဓိကတောင်းဆိုချင်တာက အ​နည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ဖို့ရယ် အလုပ်သမားအခွင့်အရေးအပြည့်အဝရရှိဖို့အတွက် တောင်းဆိုချင်ပါတယ်
May 01, 2024
Cover
အလုပ်သမားတွေဆိုတာ မေဒေးနဲ့ မဆိုင်သလိုဖြစ်နေတယ်
May 01, 2024