ARTICLE

အရွယ်ကောင်းအမျိုးသားတွေရဲ့ ဘဝကို ချုပ်ကိုင်ချယ်လှယ်လာတဲ့ စစ်ကောင်စီ

CoverLogo
112 Views

စစ်ကောင်စီဟာ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေနဲ့ပတ်သက်ပြီး ကြေညာချက်အမျိုးမျိုးကို မကြာခဏဆိုသလိုထုတ်ပြန်နေပါတယ်။ ပြည်ပမှာအလုပ်လုပ်ကိုင်သူတွေဆီက ဝင်ငွေခွန်ကောက်ခံတာ၊ နိုင်ငံခြားငွေရရှိဖို့ ပြည်ပကလူတွေကို ဘဏ်တွေကတစ်ဆင့် လစာလွှဲခိုင်းတာတွေနဲ့ ပြည်ပကို လုပ်သားစေလွှတ်တဲ့လုပ်ငန်းစဉ်ကိုလည်း နည်းအမျိုးမျိုးနဲ့ ကန့်သတ်တာတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပါတယ်။ 

မကြာသေးခင်ကလည်း ပြည်ပကို အမျိုးသားလုပ်သားစေလွှတ်တဲ့လုပ်ငန်းစဉ်ကို ယာယီရပ်နားဖို့ညွှန်ကြားချက် ထုတ်ပြန်လာပါတယ်။ ဒီလိုကန့်သတ်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီးတော့ ပထမအကြိမ်ထုတ်ပြန်တုန်းကတော့ အမျိုးသမီးလုပ်သားတွေကိုစေလွှတ်ခွင့်ရပ်ဆိုင်းခဲ့တာပါ။ အဲဒီညွှန်ကြားချက်ဟာ တစ်ရက်ပဲကြာမြင့်ခဲ့ပါတယ်။ လက်ရှိထုတ်ပြန်တဲ့ အမျိုးသားလုပ်သားစေလွှတ်တဲ့လုပ်ငန်းစဉ်ကို ယာယီရပ်နားဖို့ညွှန်ကြားချက် ကတော့ ကြန့်ကြာနိုင်တဲ့အနေအထားလို့ ယူဆရမလိုရှိနေပါတယ်။

ပြီးခဲ့တဲ့ မေ ၇ ရက်နေ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို ညွှန်ကြားချက်အနေနဲ့ အသက် ၂၃ နှစ်အောက်နဲ့ ၃၁ နှစ်အထက် အမျိုးသားတွေကို သာ ပြည်ပထွက်အလုပ်လုပ်ရန် စာချုပ်ချုပ်ခွင့်ပြုတယ်လို့ ပြောပြန်ပါတယ်။

“သတင်းတွေ့လိုက်တုန်းကတော့ ဟိုတစ်ခေါက်လည်းပိတ်တာပဲ။ ခဏပါဆိုပြီးပေါ့နေတာပဲ။ သေချာပြန်တွေး ကြည့်မှ အခုကစစ်မှုထမ်းဖို့လူစုနေတာ။ အမျိုးသမီးတွေမပိတ်ဘဲ အမျိုးသားတွေကိုပဲပိတ်တယ်ဆိုတော့ သွေးပျက်သွားတာ”လို့ ပြည်ပထွက်ခွာဖို့ကြိုးပမ်းနေတဲ့ ကိုညီညီကပြောပါတယ်။ လက်ရှိမှာလည်း ဒီသတင်း ကြောင့် ပြည်ပထွက်ဖို့ကြိုးစားနေတဲ့သူတွေ သွေးပျက်နေကြတယ်လို့ သူကဆိုပါတယ်။ 

စစ်ကောင်စီဟာ မေလ(၁)ရက်ကစပြီး အမျိုးသားလုပ်သားတွေ ပြည်ပထွက်ခွာခွင့်ကို ရက်အကန့်အသတ်မရှိ 
ပိတ်တယ်လို့ ညွှန်ကြားအပြီးမှာ အလုပ်ခေါ်စာ(demand letter)ရရှိပြီးသားသူတွေကိုပဲ သွားရောက်ခွင့်ပြုမယ်လို့ ထုတ်ပြန်ထားပါတယ်။ အခုအချိန်မှာတော့ အရွယ်ရောက်အမျိုးသားတွေရဲ့ အသက် ၂၃ နှစ်ကနေ ၃၁ နှစ်အောက်အရွယ်တွေကို ပြည်ပအလုပ်လုပ်ထွက်လုပ်ရန် အေဂျင်စီတွေနဲ့ စာချုပ်ချုပ်ခွင့်မပြုတော့ဘူးလို့ ဆိုပြန်တာပါ။

ပြည်ပအလုပ်သမားတွေဟာ စစ်ကောင်စီအတွက် နိုင်ငံခြားငွေ အလွယ်တကူရရှိနိုင်တဲ့ လမ်းကြောင်းတစ်ခုဖြစ်ပြီး ဒီလိုကန့်သတ်လိုက်တာကလည်း လုပ်သားတွေအတွက်  ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါပဲ။ စစ်ကောင်စီဟာ နိုင်ငံခြားငွေရရှိဖို့အတွက် ပြည်တွင်းက လုပ်သားတွေ ပြည်ပထွက်ခွာတာကို ကြပ်မတ်မှုတစ်စုံတစ်ရာမရှိခဲ့သလို ပြည်ပလုပ်သားစေလွှတ်ရေး အေဂျင်စီ လိုင်စင်တွေကိုပါ ပေါပေါသီသီထုတ်ပေးခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်လုပ်ဆောင်နေတဲ့ ကိုရီးယားနိုင်ငံကို အမျိုးသမီးအလုပ်သမားတွေ စတင်စေလွှတ်တာ၊ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ တရားမဝင်နေထိုင်နေသူတွေကို တရားဝင်နေထိုင်ခွင့်ရဖို့ (CI)ကတ်ထုတ်ပေးပြီး ငွေကြေးကောက်ခံတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ အမျိုးသား လုပ်သားတွေကို ပြည်ပထွက်ခွာခွင့် ကန့်သတ် ပိတ်ပင်လိုက်တာဟာ စောင့်ကြည့်ရမယ့်လုပ်ရပ်ပါပဲ။

လတ်တလောမှာ ပြည်တွင်းထဲကသူတွေ ပြည်ပကိုထွက်ခွာဖို့အတွက် လုံလောက်တဲ့ဖိအားတွေရှိနေပါတယ်။ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာတာ၊ စားဝတ်နေရေးကြပ်တည်းလာတာ၊ ကျပ်ငွေတန်ဖိုး ကျဆင်းလာတာ၊ စစ်မှုထမ်းခိုင်းတာနဲ့ နေထိုင်သွားလာမှုမလုံခြုံတာ စတဲ့အခြေအနေတွေကလည်း ကြီးမားတဲ့ဖိအားတွေပါပဲ။

“ကျွန်တော်တို့မှာ ရွေးချယ်စရာကနှစ်မျိုးပဲရှိတယ်။ ပြည်ပထွက်အလုပ်လုပ်မလား။ လက်နက်ကိုင်ပြီး ပြန်တော် လှန်မလား။ ဒါပဲရှိတော့တယ်”လို့ ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးကပြောပါတယ်။

ဒါဟာ အဓမ္မစစ်မှုထမ်းဖို့ ဖိအားပေးပြီးနောက်ပိုင်းမှာ လူငယ်တွေအဖြေထုတ်နေရတဲ့ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။ စစ်ကောင်စီက လူစုဆောင်းတာတွေပြင်ဆင်နေချိန်မှာပဲ တော်လှန်ရေးအဖွဲ့ဝင်တွေဆီ ခိုလှုံလာသူတွေ ပိုများလာ တယ်လို့လည်း သတင်းဌာနအသီးသီးမှာဖော်ပြနေသလို ပြည်ပထွက်ခွာဖို့ ကြိုးပမ်းတဲ့လူအုပ်ကြီးကလည်း ပိုမိုအား ကောင်းလာပါတယ်။ မြန်မာနိုင်ငံမှာနေထိုင်သူတွေကတော့ ပြည်ပရောက်ပြီးရောဆိုသလိုဖြစ်နေပါတယ်။ ဒီအခြေ အနေမှာ တရားဝင်တာ၊ တရားမဝင်တာကိုလည်း ထည့်တွက်မနေကြတော့ပါဘူး။

ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူတွေကတော့ ဝန်ကြီးဌာနက အခုလို ကန့်သတ်  ပိတ်ပင်တားဆီးတာဟာ လက်ခံနိုင်ဖွယ်မရှိဘူးလို့ ပြောဆိုကြပါတယ်။ ဒါဟာ တရားမဝင်သွားရောက်ဖို့အတွက် တွန်းအားတစ်ခုဖြစ်ပြီး မြန်မာလုပ်သားတွေရဲ့ရပိုင်ခွင့်တွေ ဆုံးရှုံးဖို့ပဲရှိတယ်လို့ ထောက်ပြဝေဖန်ကြပါတယ်။

"အသက် ၂၃ နှစ်ကနေ ၃၁ နှစ်ဆိုတာက လူငယ်တွေ အလုပ်အကိုင်အခွင့်လမ်းကိုတက်တက်ကြွကြွနဲ့ လုပ်ကိုင်ကြပြီးတော့ ဘဝတက်လမ်းအတွက် လှမ်းရတဲ့အချိန်အခါဖြစ်တယ် ရွှေ့ပြောင်းလုပ်သားတွေဆိုလို့ရှိရင်လည်း အသက် ၃၀ နောက်ပိုင်းတွေဆိုရင် အင်မတန်ကိုမှ ခက်ခဲသွားပြီ ဆိုတဲ့အခါကျတော့ ဒါသည်လူငယ်တွေရဲ့ ဘဝတိုးတက်ရာတိုးတက်ကြောင်း ပြောရမယ်ဆိုရင် အနာဂတ်တွေ ရိုက်ချိုးခံလိုက်ရတာလို့ပဲ မြင်ပါတယ်။ ၃၁ နှစ်လောက်ဆိုခက်လာပြီလေ အဲ့အရွယ်က သူတို့အတွက် အခွင့်အလမ်းတွေ ပန်းကောင်းအညွှန့်ချိုးခံရတာပဲ"လို့ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူက စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အပေါ်တုန့်ပြန်ပြောဆိုပါတယ်။

စစ်ကောင်စီဟာ ပြည်တွင်းကလူငယ်တွေကို ပြည်ပထွက်ခွာဖို့ပိတ်ပင်တဲ့အကြောင်းပြချက်ကတော့ စစ်မှုထမ်းဖို့ လူသားအင်အား စုဆောင်းမယ့်ခြေလှမ်း ကြိုတင်ပြင်ဆင်တာပါပဲ။ လူငယ်တွေအတွက်ကတော့ ရွေးချယ်မှုတွေ လုပ်ဆောင်ဖို့ ကြီးမားတဲ့ဖိအားပါပဲ။

ပြည်ပမှာအလုပ်လုပ်နိုင်ဖို့ သတ်မှတ်ထားတဲ့ဝန်ဆောင်ခထက်ပိုပေးပြီး ငွေကြေးကုန်ကျခံ စောင့်ဆိုင်းနေသူတွေ ၊အတိုးတွေနဲ့ချေးငှားပြီး သင်တန်းတက်ရင်းပတ်စပို့စ်လုပ်နေသူတွေ၊ ဒီလူတွေအတွက်ကတော့ဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ်ကို စောင့်ဆိုင်းနေမယ့် အခြေအနေတော့ မရှိပါဘူး။

ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းကြောင့် ပြည်ပထွက်မယ့်သူတွေကတော့ တရားဝင်လမ်းကြောင်းက တားမြစ်ရင် တရားမဝင်နည်းလမ်းတွေနဲ့ ဖောက်ထွက်ဦးမှာပါ။ တစ်ဖက်မှာတော့ ပြည်ပသွားပြီး ခေါင်းပုံဖြတ်ခံရ တဲ့ဘဝတွေကတော့ ပြန်များလာဦးမှာပါ။

“ကျွန်တော်ပိုက်ဆံတွေက ကုန်နေပြီ။ အခုသူတို့က ပိတ်လိုက်လို့။ ဘာဆက်လုပ်ရမလဲမသိဘူး။ ဆေးစစ်တာ၊ သင်တန်းတက်ရတာ၊ စာအုပ်လုပ်ဖို့ ကုန်ရတာတွေ၊ သူတို့ကို ဝန်ဆောင်ခကြိုပေးရတာတွေ ရှိတယ်။ အခုချိန်မှာ တော့ ရပ်လို့မရဘူး။ သူများတွေပြောသလို အောက်လမ်းဆိုတာ ချိတ်ဖို့လုပ်နေတယ်”လို့ ပြည်ပထွက်ခွာဖို့ ပြင်ဆင်နေသူတစ်ဦးက ပြောပါတယ်။

စစ်မှုထမ်းဥပဒေစတင်ကျင့်သုံးမယ်လို့ ထုတ်ပြန်ပြီးနောက်မှာ ပြည်ပထွက်ခွာနှုန်းဟာ တရားဝင်ကော၊ တရားမဝင် ပါ တိုးလာတာဖြစ်ပြီး အိမ်နီးချင်းထိုင်းနိုင်ငံကိုတော့ သွားရောက်နှုန်း အများဆုံးဖြစ်ပါတယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံဘက်ကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာတွေ ဖမ်းဆီးခံရနှုန်းဟာ သိသိသာသာ များလာတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောဆိုထားပါတယ်။

ဒါကတော့ပြည်ပရောက်ပြီးရောဆိုတဲ့ စစ်အာဏာရှင်လက်အောက်က  မြန်မာလူမျိုးတွေ တွေ့ကြုံနေရတဲ့ အခြေအနေပါပဲ။ ဒီအခြေအနေမှာ အလုပ်သမားဝန်ကြီးဌာနရဲ့ ကန့်သတ်ချက်တွေဟာ ဆိုးကျိုးတွေကို ဦးတည်နေတဲ့အနေအထားကို သွားနေပါ တယ်။ ပြည်တွင်းမှာ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာသူတွေကို "မည်သည့်နေရာကိုမျှ သွားရောက်အလုပ်လုပ်ခွင့်မပြု "လို့ ပိတ်ပင်လိုက်တာက မှန်ကန်တဲ့လုပ်ရပ်တော့ မဟုတ်ပါဘူး။

စီးပွားရေး၊ လူမှုရေး အကြောင်းတရားမျိုးစုံနဲ့ ပြည်ပထွက် အလုပ်လုပ်မှ ရှင်သန်ရပ်တည်နိုင်မယ့် ပြည်သူတွေကို ပိတ်ပင်တဲ့ လုပ်ရပ်ဟာ  တရားမဝင် လမ်းကြောင်းတွေကို အားပေးအားမြှောက် လုပ်ပေးသလိုပဲ ရှိနေမှာဖြစ်ပြီး မြန်မာနိုင်ငံသားတွေ ပြည်ပမှာ ကျွန်ဇာတ်ခင်းရမယ့်လမ်းစဉ်ကို စစ်ကောင်စီ အလုပ်သမား ဝန်ကြီးဌာနက ပုံဖော်လျက်ရှိတယ်ဆိုတာ သက်သေပြနေပါတော့တယ်။


Related posts

Cover
အကျဉ်းစံတို့ရဲ့ ဘဝများ
May 15, 2024
Cover
ချောက်ရေနံမြေက အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အခြေအနေများ
May 07, 2024
Cover
နေ့စားခ ကျပ်တစ်သောင်း လွန်ဆွဲပွဲ
May 06, 2024
Cover
"ဒီလောက်ထိ ဒုက္ခတွေကို  ကြံ့ကြံခံနေနိုင်တဲ့အတွက် အလုပ်သမားတွေကို အံ့လဲ ဩတယ် ဂုဏ်လဲယူပါတယ်"
May 05, 2024
Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024
Cover
ပြာပုံထဲမှာပြန်လည် ရှာဖွေခဲ့ရတဲ့ တရားမျှတမှုခြေရာများ
Jan 12, 2024