ARTICLE

အမှောင်ကမ္ဘာထဲက ရုန်းထွက်ခွင့် ပျောက်ဆုံးနေသူများ

CoverLogo
1.3K Views

အမှောင်ကမ္ဘာထဲက ရုန်းထွက်ခွင့် ပျောက်ဆုံးနေသူများ

“ခုံပေါ်ကနေ ဆွဲချတယ်၊ မှောက်လျက်ဖြစ်နေတဲ့ အချိန်မှာ ကျွန်မလည်ပင်းကို ဒူးနဲ့ဖိထားတယ်၊  ဆံပင်ဆွဲပြီး မျက်နှာကို မြေကြီးနဲ့ ပွတ်ခဲ့တာ” လို့ မျက်နှာပေါ်က သေရာပါ ဒဏ်ရာ အကြောင်း ပြောရင်း မမို့မို့အေး ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာပါတယ်။

ဖဲရိုက်ဖို့ ပိုက်ဆံတောင်းတာ မပေးနိုင်လို့ ခင်ပွန်းဖြစ်သူက ထိုင်နေတဲ့ ခုံတန်းလျား ပေါ်က ဆွဲချပြီး မြေကြီးနဲ့ မျက်နှာနဲ့ ပွတ်တိုက်ဆွဲလိုက်တဲ့ အတွက် မျက်နှာတခြမ်း ပွန်းပဲ့ဒဏ်ရာရှိခဲ့တာပါ။  

အသက် ၃၀ ကျော်ရှိပြီဖြစ်တဲ့ မမို့မို့အေးကတော့ မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်း ဇာတိပါ။ အညာသူပီပီ ညိုမွတ်မွတ် အသားရေကို ပိုင်ဆိုင်ထားသူပေါ့။ အခုတော့ ခင်ပွန်းဖြစ်သူနှိပ်စက်ညှင်းပန်းမှုကြောင့် သူမရဲ့ မျက်နှာ အလှတရား ထိခိုက်ခဲ့ရသလို စိတ်ပိုင်းဆိုင်ရာတွေလဲ ထိခိုက်ခံစားနေရသူပါ။

အသားနုတက်စပြုနေတဲ့ မျက်နှာပေါ်က ဒဏ်ရာဟာ မူရင်းအသားအရေနဲ့ ကွဲပြားနေတာမို့ ဖုံးဖိလို့မရအောင်ထိ ထင်ထင်ရှားရှား ပေါ်လွင်နေပါတယ်။ အဲဒီနေ့ကလည်း အိမ်နီးချင်းတွေ ဝင်ဆွဲလို့သာ အသက်မသေခဲ့တာလို့  ပြောပါသေးတယ်။

ခင်ပွန်းနှိပ်စက်မှုခံရတိုင်း ဆွေမျိုးနီးစပ်တချို့က “နင်အပြောဆို မတတ်လို့ ဖြစ်တာ”၊ “ခိုင်းတာလုပ် ပေးလိုက်ပေါ့၊ ပိုက်ဆံမရှာနိုင်တာ ခဏပေါ့၊ သူ ပြန်ရှာမှာပေါ့”၊ “နင်အထိန်းအသိမ်း မတတ်တာ” ဆိုတဲ့ ပြစ်တင်ပြောဆိုမှုတွေ ကိုလည်း ခံခဲ့ရပါသေးတယ်။

“လောင်းကစားလုပ်လို့ ရှုံးလာရင် သောက်လာတယ်၊ လူကိုမဲတယ်၊ လင်မယားချင်း အတွင်းကိစ္စ မဟုတ်တာတွေ ပြောတယ်၊ အဲလိုနေ့တွေဆို သေလိုက်ချင်တာပဲ” လို့ ပြောရင်းက ငိုပြန်ပါတယ်။

အခုလို အိမ်တွင်းအကြမ်းဖက်မှုတွေဟာ ၂၀၂၁ ခုနှစ် စစ်တပ်က နိုင်ငံတော်အာဏာ အဓမ္မသိမ်းပြီးနောက် ပိုတိုးလာတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) ရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) နောင်းမို့မို့ က ပြောပါတယ်။  

နောင်းမို့မို့က “အာဏာသိမ်းပြီး တရားရေးမဏ္ဍိုင်က ပျက်စီးနေတယ်၊ ဒါကြောင့် အမျိုးသမီးတွေအပေါ်ကို ကျူးလွန်လိုက်လို့  ဘာမှမဖြစ်ဘူးဆိုတဲ့ စဉ်းစားချက်တွေက ကျူးလွန်သူတွေကို ပိုများလာစေတယ်၊ တခြား နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကျပ်အတည်းတွေကလည်း ကျား/မအခြေပြု အကြမ်းဖက်မှုတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေကို ပိုပြီး တိုးပွား စေတယ်” လို့ ရှင်းပြပါတယ်။

မမို့မို့အေး ကတော့ နှိပ်စက် ဒဏ်ရာကြောင့် နာကျင်ရ၊ ရှက်ရွံ့နေရတာတင် မကဘဲ စိတ်ဒဏ်ရာပါ ခံစားနေရတယ်ဆိုတာ သူမကိုယ်တိုင် ပြောပြနေတဲ့ စကားသံတွေ ထဲမှာတင် မြင်နေရပါတယ်။

“ကျွန်မ သူ့ကို ဘီးလူးသရဲလို ကြောက်နေတာ၊  ညဆို လန့်လန့်နိုးတယ်၊ အိမ်ရေး မဝသလို ဖြစ်တယ်၊ ယောက်ျား တစ်ယာက်ရဲ့ အသံ ကျယ်ကျယ်ကြားရင် လန့်နေတယ်၊ လမ်းလျှောက်ရင်လည်း မလုံခြုံသလို ခံစားနေရတယ်၊ အထည်ချုပ်အလုပ်ကိုမှ လုပ်နိုင်ပါ့မလားလို့ ထင်နေတယ်” လို့  ပြောပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်နဲ့ ၄၉ နှစ်ကြား အိမ်ထောင်ကျဖူးတဲ့ အမျိုးသမီးတွေရဲ့   ၂၁ ရာခိုင်နှုန်းဟာ  ဘဝတစ်သက်တာမှာ အရင်းနှီးဆုံး အဖော်ဖြစ်သူရဲ့ အကြမ်းဖက်မှုပုံစံတစ်ခုခုကို တွေ့ကြုံခံစားခဲ့ရတာကို ၂၀၁၆ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ လူနေမှုဘဝနှင့်ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက် စစ်တမ်းမှာ တွေ့ရှိထားပါတယ်။

ဒီလို တွေ့ရှိခဲ့ပေမယ့် အိမ်တွင်း အကြမ်းဖက်မှုတွေနဲ့ ကျားမ အခြေပြု အကြမ်းဖတ်မှုတွေကို ပြီးခဲ့တဲ့ကာလ တစ်လျှောက်  နိုင်ငံတော် အဆင့် တုန့်ပြန်ဆောင်ရွက်တာတွေ မရှိ့ခဲ့လို့ WLB အပါအဝင် အရပ်ဖက် အဖွဲ့အစည်းတွေကပဲ တတ်နိုင်တဲ့ဘက်က ဝန်ဆောင်မှုတွေ ပေးခဲ့ကြတယ်လို့  နောင်းမို့မို့ က ပြောပါတယ်။

We Women foundation ကလည်း မြန်မာနိုင်ငံမှာ အမျိုးသမီး ၅ ယောက်မှာ ၁ ယောက်ဟာ အိမ်တွင်း အကြမ်းဖက်မှုကို ခံစားနေတယ်လို့ ဆိုထားပါတယ်။

မအေးစန်း

“နင်ယောက်ျားမြန်မြန်ယူ၊ ငါလျော်ကြေး တောင်းချင်လို့ ” ဆိုတဲ့ စကားသံက မအေးစန်း နားထဲကမထွက်။ ဒီလို ဂုဏ်သိက္ခာနဲ့ အရှက်တရားကို ထိခိုက်စေတဲ့ ကစားလုံးတွေနဲ့ ခင်ပွန်းဖြစ်သူ ကိုထွန်းမောင် ရဲ့ နှိပ်စက်မှုတွေကြောင့် မအေးစန်း အိပ်မပျော်တဲ့အထိ ဖြစ်လာတာနှစ်နဲ့ချီခဲ့ပါပြီ။
မအေးစန်းက လှိုင်သာယာမှာနေထိုင်သူဖြစ်ပြီး အိမ်ထောင်ဖက် ကိုထွန်းမောင်နဲ့ လွန်ခဲ့တဲ့ ၆ လလောက်ကစပြီး သီးခြားစီ နေထိုင်နေကြတာပါ။ ကိုထွန်းမောင်က ၂ နှစ်နီးပါးကြာ အလောင်းကစား အလွန်အကျွံလုပ်ခဲ့ တာကြောင့် ပိုင်ဆိုင်မှု အားလုံး ဆုံးရှုံးခဲ့ပြီး မိသားစုနဲ့ ခွဲပြီးနေရတာပါ။

ဒါပေမယ့်လည်း ကိုထွန်းမောင်က မိဘနဲ့ အတူနေတဲ့ မအေးစန်းရဲ့ နေအိမ်ရှေ့ကို လာလာပြီး တခြားအမျိုးသားတွေနဲ့ သမုတ်ပြောဆိုခဲ့တာက အကြိမ်ကြိမ်ပါ။  

“ရေပို့တဲ့ အကောင်က နင့်ဆီကို လာတာလားတို့၊ ဟိုယောက်ျားကို ဖုန်းဘေ ထည့်ပေးလားတို့၊ ဒီယောက်ျားကို ထည့်ပေးလားတို့ ဆိုတာမျိုးတွေ၊ တခြားယောက်ျားနဲ့ သမုတ်ပြီး  ပြောတာ” လို့ မအေးစန်းက ပြောပြပါတယ်။

ဒီလို စွပ်စွဲပြောဆိုခံရတိုင်း မိဘတွေကို အားနာတာ၊ ပတ်ဝန်းကျင်ကို ရှက်ရတာတွေကြောင့် မအေးစန်းတယောက် စိတ်ဖိစီးမှုတွေ၊ ယုံကြည်မှု ပျောက်ဆုံးမှုတွေနဲ့ ကျန်းမာရေးထိခိုက်မှုတွေထိပါ ကြုံလာခဲ့ရပါတော့တယ်။

“ထွန်းမောင်က အိမ်ကမဆင်းခင်ကတည်းက အေးစန်းကို ယောက်ျားတွေနဲ့ ဟိုလိုလို ဒီလိုလိုတွေ ပြောနေတာ” လို့ အိမ်းချင်း ကပ်လျက် နေထိုင် တဲ့ ဒေါ်ထွေးတင်က လည်း ရှင်းပြပါတယ်။

မခိုင်ခိုင်

အသက် ၂၀ ကျော်သာရှိသေးတဲ့ မခိုင်ခိုင် တစ်ယောက် အလုပ်ဆင်းရက် နှစ်ပတ်မပြည့်မီ အလုပ်ကနေ ထွက်ရပြန်ပါပြီ။ ဒီလို အလုပ်ထွက်ရတာက ဒုတိယ အကြိမ်ပါ။ အလုပ်ထုတ်ခံခဲ့ရတာလည်း မဟုတ်ပါဘူး။ သူမကို အလုပ်က ထုတ်သူကတော့ ခင်ပွန်းဖြစ်သူ ကိုမင်းသိန်းပါပဲ။

နိုင်ငံအတွင်း စစ်အာဏာသိမ်းပြီးနောက် ခင်ပွန်းဖြစ်သူ ကိုမင်းသိန်းရဲ့ အလုပ်တွေ လနဲ့ ချီ ရပ်တန့်နေတာကြောင့် မိသားစု ဝင်ငွေအတွက် မခိုင်ခိုင်က အထည်ချုပ် တစ်ခုမှာ ဝင်ရောက် လုပ်ကိုင်ခဲ့တာပါ။  

“ပထမ တစ်ခါတုန်းက သူ့ အလုပ်ထွက်ခိုင်းခဲ့တယ်။ အဲတုန်းက ကျွန်မကို နံရံမှာကပ်ပြီး၊ လည်ပင်းကို ညစ်ခဲ့တယ်။ အခု တစ်ခါ “နင့်လင် ရှိနေလို့လား” ဆိုပြီး” အလုပ်က ထွက်ခိုင်းတယ်။ သူတစ်ခုခု လုပ်လိုက်မှာကို ကျွန်မ အရမ်း ကြောက်ခဲ့တာ” လို့ မခိုင်ခိုင်က သူမရဲ့ စိုးရိမ်မှုကိုပြောပြပါတယ်။

မခိုင်ခိုင်အနေနဲ့ မိသားစုဝင်ငွေအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရှာခဲ့ပေမယ့် ကိုမင်းသိန်း ဝင်ငွေ ဘယ်လောက် ရှိတယ် ဆိုတာကိုတော့ သိခွင့်မရပါဘူး။ ဈေးဖိုးအနည်းအငယ်သာ ကိုင်ခွင့်ရပြီ ပေးတာယူ၊ ကျွေးတာစား ဘဝနဲ့ နေရတယ်လို့ မခိုင်ခိုင်က ရှင်းပြပါတယ်။

ကျား/မ အခြေပြု အကြမ်းဖက်မှုတွေကို ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု၊ လူမှုစီးပွားရေးပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ နည်းပညာပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အန္တရာယ်ရှိတဲ့ မိရိုးဖလာအကြမ်းအဖက်မှုလို့ အမျိုးအစား ၆ မျိုးကို ခွဲခြားထားပါတယ်။

အိမ်ထောင်စုဝင်တွေနဲ့ ရင်းနှီးသူတွေ အချင်းချင်းက ဒီအကြမ်းဖက်မှု အမျိုးအစားတွေထဲက တစ်ခုခု ပြုလုပ်မယ် ဆိုရင်တော့ အိမ်တွင်းအကြမ်းဖက်မှုလို့ သတ်မှတ်ထားပါတယ်။


မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရတာတွေကို ထိရောက်စွာ ကာကွယ်ပေးတဲ့ သီးသန့် ဥပဒေ မရှိတဲ့အပြင် ဒီလို အကြမ်းဖက်မှုတွေကို တားဆီးနိုင်မဲ့ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေကြမ်း” (PoVAW)ကလည်း စစ်အာဏာသိမ်းထားတဲ့ အခြေအနေတွေအရ ပေါ်ထွက်လာဖို့ မလွယ်ကူသေးပါဘူး။

ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်တော့ အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်တွေဟာ လုံခြုံရေးအခြေအနေတွေကြောင့် ရပ်တည်ဖို့ ခက်ခဲနေတာတွေဟာလည်း အကြမ်းဖက်ခံရသူ တွေအပေါ် ဆိုးကျိုးသက်ရောက်မှုရှိနေတယ်လို့လည်း နောင်းမို့မို့ မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီက နိုင်ငံတကာက ကူညီမှုတွေနဲ့  တကယ် ကျူးလွန်ခံရသူတွေကို လူသားချင်း စာနာမှုဆိုင်ရင် အကူအညီပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေကို ထိန်းချုပ်လိုတဲ့ အတွက် အောက်တိုဘာ ၂၈ ရက်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က လက်မှတ်ထိုးပြီး “အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေ” ကို ပြဋ္ဌာန်းခဲ့ပါသေးတယ်။

ဒီလိုအခြေအနေတွေဟာ မအေးစန်း၊ မခိုင်ခိုင်နဲ့ မမို့မို့အေး တို့လို ဘဝတူ အမျိုးသမီးတွေ အတွက်တော့ အကြမ်းဖက်မှု သားကောင် အဖြစ်ကနေ ရုန်းထွက်နိုင်ဖို့ ခက်လှပါတယ်။

“အခုလို ရုတ်ရုတ်သဲသဲကာလမှာ ရုံးတွေဘာတွေလည်း မသွားချင်ဘူး၊ နောက် သူ့ အပေါင်းအသင်းတွေနဲ့ လှောင်သလို ပြောင်သလို စွပ်စွဲ ပြောတာမျိုး အရှက်ခွဲမှာကို လည်း ကြောက်တယ်” လို့ ကျနေတဲ့ မျက်ရေတွေကို လက်ဖမိုးနဲ့ သုတ်ရင်း မအေးစန်းက ပြောပါတယ်။

 

 

 

 

 


Related posts

Cover
ရှင်သန်ရေးအတွက် ဖိနှိပ်ခံ  အထည်ချုပ်လုပ်သားများ
Jun 30, 2024
Cover
ဆင်းရဲမွဲတေမှု စံချိန်တင်လာတဲ့ မြန်မာပြည်က နေ့ရက်များ
Jun 27, 2024
Cover
ဦးဆောင်သူကင်းမဲ့လာတဲ့ အခြေခံလုပ်ခတိုးမြှင့်ရေး တိုက်ပွဲ
Jun 26, 2024
Cover
အလုပ်မဖြစ်တော့တဲ့ အလုပ်သမားအရေး ဖြေရှင်းမှုယန္တရားများ
Jun 06, 2024
Cover
၆ နှစ်ကြာ မပြောင်းလဲတဲ့ အနည်းဆုံးအခကြေးငွေနဲ့ အခြေခံအလုပ်သမားတွေ အာဏာသိမ်းအစိုးရလက်အောက် အလူးအလဲ ရုန်းကန်နေရ
Jun 04, 2024
Cover
သောက မိခင်
Jun 04, 2024
Cover
ပျောက်ဆုံးသွားသော လုပ်အားရှင်များ
May 28, 2024
Cover
ကိုရီးယားအိပ်မက် မက်ကြသူများ
May 27, 2024