NEWS

အခြေခံပြည်သူတွေကြား စိုးရိမ်သောကတွေပေးတဲ့ ကျပ်နှစ်သောင်းတန်ဂယက်

CoverLogo
467 Views

အကြမ်းဖက်စစ်ကောင်စီက ကျပ်ငွေ နှစ်သောင်းတန် ထုတ်ဝေတော့မယ်လို့ ကြေညာပြီးနောက်ပိုင်းမှာ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝတွေကို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာပါတယ်။ 

 

ကျပ်ငွေတန်ဖိုး ကျဆင်းလာတာဟာ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စတင်ခဲ့တာဖြစ်ပြီး ကျပ်နှစ်သောင်းတန် ထုတ်ဝေချိန်မှာတော့ မြန်မာကျပ်ငွေတန်ဖိုးဟာ ခိုင်မာမှု မရှိတော့တာကို အတိအလင်း ဝန်ခံသလို ဖြစ်သွားပါတယ်။

 

ဇူလိုင်လ (၂၃) ရက်က စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာတွေမှာ နှစ်သောင်းတန် ထုတ်ဝေမယ့် သတင်း ထွက်ပေါ်လာတာဖြစ်ပြီး ပြည်သူတွေရဲ့ စိုးရိမ်မှုကလည်း မြင့်တက်လာတာ ဖြစ်ပါတယ်။

 

ကျပ်နှစ်သောင်းတန်ဟာ ပြည်သူတွေလက်ထဲမရောက်သေးပေမယ့် လက်ရှိမှာတော့ ကုန်ဈေးနှုန်းတွေ ပိုမိုမြင့်တက်လာနေပြီ ဖြစ်ပါတယ်။

 

“သံဒင်းဈေးထဲမှာ စားအုန်းဆီ တစ်ပိဿာ ကိုးထောင်ဖြစ်နေပြီ။ ရပ်ကွက်ထဲမှာဆို တစ်ဆယ်သား တစ်ထောင်ဈေး လောက် ရောင်းမှာပေါ့”လို့ ဇူလိုင်လ (၂၅) ရက်မှာ ဖြစ်ပေါ်နေတဲ့ဆီဈေးကို ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။ 

 

ငွေစက္ကူအသစ် ထုတ်ဝေမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာပြီး နောက်တစ်ရက်မှာပဲ ဆန်၊ ဆီ၊ ကြက်သွန် အစရှိတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေဟာ ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာသလို ကော်ဖီ၊ အအေး၊ မုန့်ပဲသရေစာတွေမက လယ်ယာသုံး စက်ပစ္စည်း၊ အီလက်ထရောနစ် ပစ္စည်းလို အရာတွေ ဟာလည်း ဆိုင်တစ်ချို့မှာ ဈေးနှုန်းကြိုတင်ပြောင်းလဲတဲ့ အခြေအနေကို ရောက်လာပါ တယ်။

 

ဒါ့အပြင် လက်ကားရောင်းချပေးနေတဲ့ ဆိုင်ကြီးတွေဟာလည်း ယာယီအရောင်းရပ်နားတာ၊ ဈေးနှုန်း ကြိုတင်ပြောင်းလဲတာတွေ ရှိနေတယ်လို့ ကုန်စုံဆိုင်ဖွင့်ထားသူတွေဆီက သိရပါတယ်။  

 

စီးပွားရေး လုပ်ငန်းရှင်တစ်ချို့ကတော့ ကုန်ဈေးနှုန်း မတည်ငြိမ်မှုတွေကြောင့် ရောင်းကုန်တွေကြိုတင်စုဆောင်းတာ၊ ယာယီ အရောင်းရပ်နားတာတွေ လုပ်နေကြပါတယ်။

 

“ကျွန်မတို့လည်း စိတ်ပူပါတယ်။ မရောင်းရင်လည်း မိတ်ပျက်မယ်။ ဒါပေမယ့် ဝယ်တဲ့သူတွေ အရမ်းများ ပြီး ပစ္စည်းကကုန်၊ ကုမ္ပဏီတွေက လာမချဖြစ်ရင် လုံးဝအရောင်းပိတ်ရတာမျိုး ဖြစ်မှာစိုးတယ်။

အခုက ကုမ္ပဏီဘက်က ချပေးမှာလား၊ မချပေးဘူးလားကို ကျွန်မတို့ သေချာမသိရဘူး ဖြစ်နေတာပါ”လို့ လက်ကားအရောင်းဆိုင် ဖွင့်လှစ်ထားတဲ့ မသန္တာ(အမည်လွှဲ)က ပြောပါတယ်။

 

ဒါဟာ သုံးစွဲနေသူတွေကို ရောင်းချနေတဲ့ ဆိုင်ရှင်တွေဘက်မှာ ကြုံနေရတဲ့ အခက်အခဲ ဖြစ်ပြီးတော့ သုံးစွဲသူ ပြည်သူတွေဘက်မှာလည်း ဈေးနှုန်းမြင့်တက်လာတာတွေကြောင့် အဆင်မပြေတာတွေ ပိုမိုဆိုးရွားလာနေပြီဖြစ်ပါတယ်။ 

 

လက်ရှိချိန်မှာတော့ အစိုးရ၊ ပုဂ္ဂလိက ဝန်ထမ်းတွေအားလုံး မျှော်လင့်နေတဲ့ လစာထုတ်ချိန်ဟာလည်း မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းကြောင့် ပျော်စရာ ဖြစ်မနေတာ တော့ အသေအချာပါပဲ။

 

“လစာရတော့မယ်ဆိုတော့ ဆန်လေး၊ ဆီလေး ဝယ်ဖို့လုပ်နေတာ။ အခုကျ ဆန်တွေလည်း ဈေးတက်တယ်။ တစ်ချို့ဆိုင်တွေဆို အရောင်းပါပိတ်တယ် ကြားနေရတော့ စိတ်ကတော်တော်ကို ပူပါတယ်။ အခုကျလက်ထဲပိုက်ဆံက မရှိ၊ လကုန်ရမယ့် လစာလေးနဲ့ လောက်ပါ့မလား တွေးနေရ တယ်”လို့ အရောင်းဝန်ထမ်း မနီလာက ပြောပါတယ်။

 

ဒီအခြေအနေဟာ စားဝတ်နေရေးအတွက် စီမံခန့်ခွဲလုပ်ကိုင်နေရတဲ့ အခြေခံနဲ့ လူလတ်တန်းစား တွေပါဝင်တဲ့ အိမ်ရှင်မတိုင်း တွေးပူနေရတာ ဖြစ်ပြီးတော့ လစာထုတ်ချိန်တိုင်း မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းဟာ လက်ရှိချိန်မှာ ပိုမိုဆိုးရွားလာတာပဲ ဖြစ်ပါတယ်။ 

 

လက်ရှိမှာ ငွေကြေးလက်ဝယ်မရှိသူ တွေက အခြေခံစားသောက်ကုန်တွေ ဝယ်ခြမ်းမရမှာ စိတ်ပူနေသလို ငွေကြေးကြွယ်ဝသူတွေကလည်း ငွေစက္ကူတွေ ဖျက်သိမ်းခံရမှာကို ပူပန်မှုတွေ ရှိလာပါတယ်။

 

ဇူလိုင်လ (၂၄)ရက်က စတင်ပြီး ငွေကြေးလက်ဝယ် ကိုင်ဆောင်သူတွေက ရွှေ၊ အိမ်ခြံမြေ၊ ကား စတာတွေကို ဝယ်ယူမှု များလာကြပါတယ်။ 

 

ရွှေဆိုင်တစ်ချို့ အရောင်းပိတ်တာ၊ ဖွင့်လှစ်တဲ့ ရတနာဆိုင်တွေမှာ ဝယ်ယူသူတွေများပြားခဲ့ပါတယ်။ 

 

အိမ်ခြံမြေ၊ကား ဝယ်ယူလိုသူတွေဟာလည်း ရက်ပိုင်းတွင်းမှာ သိသိသာသာ မြင့်တက်ခဲ့ပြီးတော့ ပိုင်ရှင်တစ်ချို့ အရောင်းပြန်လည် ရပ်ဆိုင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။

 

“အစကတော့ ခြံလေးရောင်းဖို့ ပွဲစားအပ်ထားတယ်။ အဝယ်တွေက တော်တော်လိုက်လာပြီး ဈေးတွေက တက်လာတာတော့ ပြန်ဝယ်မရမှာ ကိုယ်တိုင် ကြောက်လာလို့ပါ။ မရောင်းတော့ဘူးပဲ လုပ်လိုက်ရတယ်။ ပိုက်ဆံကို ကိုင်မထားချင်တော့ဘူး”လို့ တောင်ဒဂုံမြို့နယ်တွင်းက နေအိမ်ရောင်းချဖို့ ကြိုးစားနေသူ တစ်ယောက်က ပြောပါတယ်။

 

ဒါဟာ ဝယ်ရောင်းလောကမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေဖြစ်ပြီးတော့ ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းတာ၊ ငွေကြေး ဖျက်သိမ်းတာတွေ ဖြစ်လာမှာကို စိတ်ပူနေကြရတာပဲ ဖြစ်ပါတယ်။

 

“အရောင်းအဝယ်လေး လုပ်မယ်ဆိုပြီး နိုင်သလောက်လေး စုနေတာ ဆယ်သိန်းပြည့်တော့မယ်။ အရင်တုန်းက ပိုက်ဆံတွေ ဖျက်သိမ်းတာတွေ ကြားဖူးနေတော့ စိတ်ပူတာတော့ အမှန်ပဲ။ လက်ထဲကိုင်ထားရတာကို စိတ်ပူနေတာ။ ဈေးရောင်းစားမယ် တွေးတော့လည်း အရင်းက မပြည့်ဘူး ဖြစ်နေတာ” လို့ စတိုးဆိုင်ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

 

ဒီဖြစ်ရပ်တွေဟာ ကျပ်နှစ်သောင်းတန် ထုတ်ဝေမယ်လို့ စစ်ကောင်စီက ကြေညာပြီး ရက်ပိုင်းအတွင်းမှာ ပြည်သူတွေ ရင်ဆိုင်ခံစားနေရတာတွေပဲ ဖြစ်ပါတယ်။ 

 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျေးလက်နေ ပြည်သူတွေက စစ်ဘေးရှောင်နေရတာတွေ၊ ပိုင်ဆိုင်မှုတွေ လုယက် ဖျက်ဆီးခံရတာတွေ ရှိနေသလို မြို့ပြနေသူ တွေမှာလည်း စားဝတ်နေရေး ပိုမိုခက်ခဲလာတာတွေ၊ စစ်တပ်ရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ခံစားနေကြရတာတွေ ရှိနေတာပါ။ 

 

ကျပ်ငွေတန်ဖိုး ကျဆင်းနေချိန်မှာ စစ်ကောင်စီရဲ့ ငွေကြေးသစ် ထပ်မံထုတ်ဝေတဲ့ လုပ်ရပ်ဟာ ထွက်ပေါက်မဲ့နေတဲ့ ပြည်သူတွေကို စိန်ခေါ်တဲ့လုပ်ရပ်ဖြစ်ပြီး စားဝတ်နေရေး အခက်အခဲကြောင့် ခိုးယူတာ၊ လုယက်တာတွေ များလာချိန်မှာ ထိရောက်တဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေ မလုပ်ဆောင်ဘဲ ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းအောင် လုပ်ဆောင်တာက ဆူပူမှုကို ဖိတ်ခေါ်နေသလို ဖြစ်နေတယ်လို့ ပြည်သူတစ်ဦးကသုံးသပ်ပြောဆိုပါတယ်။


Related posts

Cover
အရွယ်ကောင်းအမျိုးသားတွေရဲ့ ဘဝကို ချုပ်ကိုင်ချယ်လှယ်လာတဲ့ စစ်ကောင်စီ
May 08, 2024
Cover
ချောက်ရေနံမြေက အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အခြေအနေများ
May 07, 2024
Cover
နေ့စားခ ကျပ်တစ်သောင်း လွန်ဆွဲပွဲ
May 06, 2024
Cover
"ဒီလောက်ထိ ဒုက္ခတွေကို  ကြံ့ကြံခံနေနိုင်တဲ့အတွက် အလုပ်သမားတွေကို အံ့လဲ ဩတယ် ဂုဏ်လဲယူပါတယ်"
May 05, 2024
Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024
Cover
ပြာပုံထဲမှာပြန်လည် ရှာဖွေခဲ့ရတဲ့ တရားမျှတမှုခြေရာများ
Jan 12, 2024