၂၀၂၅ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းလောက်ကစပြီး ပြည်ပလုပ်သားစေလွှတ်ရေးလုပ်ငန်းဆိုင်ရာ မူဝါဒတွေ ပြောင်းလဲကန့်သတ် ပိတ်ပင်တာတွေကြောင့် ပြည်ပ သွားရောက်အလုပ်လုပ်ဖို့ ကြိုးပမ်းနေတဲ့ အလုပ်သမားအများအပြား အခက်တွေ့ခဲ့ကြပါတယ်။
စာရွက်စာတမ်း အထောက်အထားအပြည့်အစုံနဲ့ ပြည်ပကို သွားရောက်အလုပ်လုပ်ခွင့်က ငွေကုန်ကြေးကျများးသလို အချိန်ယူပြင်ဆင်ပြီး စိတ်ရောလူပါ နှစ်မြုပ်ထားရတာပါ။ အဲ့ဒီထဲမှာမှ စစ်ကောာင်စီ ဝန်ကြီးဌာနရုံမှာ EC စာချုပ်ချုပ်ဆိုပြီးတဲ့ အလုပ်သမားတွေကတော့ ၈ လကြာအထိ မျှော်လင့်စောင့်ဆိုင်းနေကြရပါတယ်။
ပြည်ပသွားဖို့ ကုန်ကျစရိတ်အတွက်အ တိုးနဲ့ ငွေချေးထားတာ၊ အိမ်နဲ့ ခြံမြေ၊ လယ်ယာတွေပေါင်နှံရောင်းချတာတွေအထိ ရင်းနှီးထားရသူတွေကတော့ "အလုပ်ထွက်လုပ်ခွင့်" တခုတည်းကသာ သူတို့ရဲ့ အကြွေးနွံထဲက ထွက်နိုင်ဖို့ တခုတည်းသောမျှော်လင့်ချက်ပါ။
"ညီအစ်မ နှစ်ယောက် ထိုင်းသွားဖို့ ၁လပိုင်းကတည်းက စာချုပ် ချုပ် ထားတာ အခု ၈ လပိုင်းရောက်နေပြီ မထွက်ရသေးဘူး ဝန်ဆောင်ခ တွေလည်း အကုန်သွင်းထားရတာ အဲ့သွင်းငွေ တွေကလည်း အိမ်စာချုပ်ပေါင်ပြီး သွင်းထားရတာ အရင်က စာချုပ်ချုပ်ပြီးရင် ၂လ ၃လ လောက်ဆို ထွက်ရတာ အခု ၇ လကျော်ပြီ မသွားရသေးတော့ ရရာအလုပ် ဝင်လုပ်ပြီး အိမ်ပေါင်ထားတဲ့ အတိုးဆပ်နေရတယ် မသွားတော့ဘူး ဆိုပြီး အေဂျင်စီကို ပြောတော့လည်း သွင်းငွေ ပြန်မရဘူး ဝန်ကြီးဌာနက ခွင့်ပြုချက်ရတာနဲ့ လွှတ်ပေးမှာပြောတယ် အခု ညီမတို့မှာ မိဘတွေ ကို အလုပ်မလုပ်ခိုင်းဘဲ အေးဆေးထားချင်လို့ ပြည်ပ ထွက်ဖို့ လုပ်မှ တစ်လ တစ်လ အတိုးပေးဖို့ ကို မိဘတွေလည်းမနားရဘူး လုပ်နေရတယ် မဟုတ်ရင်နေစရာလေးပါပျောက်သွားမှာစိုးရိမ်နေရတယ်"" လို့ ပြည်ပထွက်ခွာအလုပ်လုပ်ခွင့်ရဖို့ မျှော်လင့်နေတဲ့ မသူသူ( အမည်လွှဲ) ကပြောပါတယ်။
ပြည်တွင်းပဋိပက္ခတွေနဲ့ စီးပွားရေး ပျက်ယွင်းလာမှုက အလုပ်အကိုင် အခွင့်အလမ်းသစ်တွေဖန်တီးပေးဖို့လည်း ခက်ခဲလာသလို မိသားစု စားဝတ်နေရေး ဖူလုံကာမိဖို့လည်း ခက်လာပါတယ်။
ပြည်ပကို သွားရောက်လုပ်ကိုင်ဖို့ ခွင့်ပြုတာမှာလည်း အမျိုးသားလုပ်သားတွေကို အသက်အ ၁၈ ကနေ ၃၅ နှစ်ကြား သွားရောက်ခွင့်မပြုဘဲ အသက်ကန့်သတ်ထားသလို အမျိုးသမီးလုပ်သားတွေကိုပါ တားဆီးပိတ်ပင်မှုတွေကကြောင့် ထပ်ဆင့်နစ်နာမှုတွေဖြစ်နေရပြီး အခြားနည်းလမ်းနဲ့ အောက်လမ်းက သွားရောက်ရတာမျိုးတွေလည်း များလာပါတယ်။
"လုပ်တုန်းကတော့ ထိုင်းကို တရားဝင် သွားဖို စာချုပ်တောင် ချုပ်ပြီးပြီ အမျိုးသားတွေ ကို အသက် ၁၈ ကနေ ၃၅ နှစ်အထိ သွားခွင့်မပေးတော့ဘူး ဆိုတော့ အေဂျင်စီက ငွေပြန်ထုတ်ပေးတယ် ဒါပေမယ့် တကယ်ကုန်ကျခဲ့တာက ဝန်ဆောင်ခတင်မဟုတ်ဘူး လေ တခြားဆေးစစ်တာတွေ စာအုပ်ဖိုး တွေ လမ်းစရိတ်တွေ နဲ့က မနည်းဘူး ရွာမှာကလည်း စစ်မှုထမ်းအတွက် ခေါ်နေတော့ နေလို့မရတဲ့ အဆုံး အောက်လမ်းကနေ ထိုင်းဘက်ကို လာခဲ့ရတာ ဒီဘက်မှာလည်း အဖမ်းဆီးတွေ ကြမ်းတော့ သတိထားနေရတာပေါ့ မဟုတ်ရင် ကုန်ကျထားတဲ့စရိတ်တွေ အတွက် အကြွေးဆပ်ဖို့ ရှိသေးတော့ အဆင်ပြေသလို လုပ်ကိုင်နေရတယ်""လို့ ထိုင်းကိုရောက်နေတဲ့ အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုရဲ( အမည်လွှဲကပြောပါတယ်။
အခုလို ပြည်ပလုပ်သားစေလွှတ်ရေး ပိတ်ပင်မှုတွေကို စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက တဖြည်းဖြည်းချင်း ပိတ်ဆို့လာာသလို ပြည်ပကနေ ပြည်တွင်းပြန်ဝင်လာတဲ့ လုပ်သားဦးရေနဲ့ နှိုင်းယှဉ်ပြီး ပြန်လည်စေလွှတ်တာလုပ်ပေးနေတယ်လို့ အလုပ်သမားဝန်ကြီးဟောင်း ဦးချစ်ဆွေကပြောထားပါတယ်။
လက်ရှိမှာတော့ ပြည်ပလုပ်သားစေလွှတ်ရေးမှာ ခွင့်ပြုချက်ကျထားပြီးသား အလုပ်သမားတွေ ထွက်ခွာနိုင်ခြင်းမရှိသေးသလို လုပ်သားသစ်တွေ အနေနဲ့ သွားရောက်လုပ်ကိုင်ဖို့ အခွင့်အလမ်းက လမ်းစနည်းပါးလာတာလည်း ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ရရနည်းလမ်းနဲ့ အောက်လမ်းကထွက်ခွာ အလုပ်လုပ်ဖို့ကြိုးပမ်းတဲ့ မြန်မာနိုင်ငံသား အများအပြား နေ့စဉ်ဖမ်းဆီးခံနေရပြီး တရားမဝင်လမ်းကြောင်းခ သိန်းပေါင်းများစွာ ဆုံးရှုံးရသလို အသက်အန္တရာယ်ထိခိုက်မှုတွေပါ ဖြစ်ပေါ်နေတာပါ။
တရားမဝင်သွားရောက်လို့ ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သား နှစ်ဝက်အတွင်း ၆၀၀၀ ကျော်ရှိနေပြီလို့ စစ်တမ်းတွေအရသိရပါတယ်။