ARTICLE

လုပ်ငန်းခွင်ဖိနှိပ်မှု့ကြားက တော်လှန်စိတ်နဲ့သမဂ္ဂအလုပ်သမားများ

CoverLogo
2.4K Views

Myanmar Labour News
နိုဝင်ဘာ ၈

"နင်တို့အလုပ်သမားတွေလှုပ်ရှားရင်ဆူညံဆူညံလုပ်ရင်စစ်သားလက်အပ်ပစ်မယ်ဆိုပြီးကျမတို့ကိုခြိမ်းခြောက်တယ်။ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တဲ့သမဂ္ဂခေါင်းဆောင်တွေဆိုခုထိလုပ်ငန်းခွင်ထဲပြန်မဝင်နိုင်ကြတော့ဘူး"လို့ Myanmar Labour News ကပြုလုပ်ခဲ့တဲ့အကျပ်အတည်းကြားကစက်ရုံလုပ်သားများ စကားဝိုင်းအစီအစဥ်မှာ သမဂ္ဂခေါင်းဆောင်အမျိုးသမီးတဦးဖြစ်တဲ့ MTG ကပြောခဲ့ပါတယ်။

"ပြည်သူ့အာဏာပြည်သူ့ပြန်ပေး"ဆိုတဲ့ကြွေးကြော်သံအလုံးအရင်းနဲ့ရန်ကုန်မြို့ရဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးပထမဆုံးသပိတ်ကိုအုံနဲ့ကျင်းနဲ့လမ်းမထက်မှာကြွေးကြော်ခဲ့တဲ့အလုပ်သမားသမဂ္ဂရဲမေတွေရဲဘော်တွေကခုချိန်ထိအလုပ်ရှင်တွေရဲ့ခြိမ်းခြောက်အကြပ်ကိုင်မှု့မျိုးစုံကိုခံနေရပါတယ်။

အလုပ်ရှင်တွေဆီမှာအလုပ်သမားတွေရဲ့ဆန္ဒပြပွဲမှတ်တမ်းတွေကိုင်ထားတဲ့အတွက်အခုလိုဖိနှိပ်မှု့တွေကိုသိသိရက်နဲ့ခံနေကြရပြီးတော့အလုပ်သမားခေါင်းဆောင်တော်တော်များများလုပ်ငန်းခွင်ထဲပြန်ဝင်လို့မရတော့ပါဘူး။

"ခေါင်းဆောင်တွေဆိုလုပ်ငန်းခွင်ထဲခုထိပြန်မဝင်နိုင်ဘူးဆန္ဒပြပွဲထဲမှာပါခဲ့တဲ့အလုပ်သမားတွေဆိုအလုပ်ထဲပြန်ဝင်လာရင်နေရာပြောင်းတယ်။ပြီးတော့သီးသန့်စောင့်ကြည့်တာတွေလုပ်တယ်"လို့အဆိုပါစကားဝိုင်းမှာပဲ MTG ကဆက်ပြောပါတယ်။

ဒီလိုကိစ္စတွေဖြစ်ပေါ်လာတဲ့အခါမှာတော့
အလုပ်ရှင်တွေအနေနဲ့စစ်ကောင်စီနဲ့ပူးပေါင်းတာဟာအလုပ်သမားအခွင့်အရေးကိုဥပဒေမဲ့ပြောင်ပြောင်တင်းတင်းချိုးဖောက်ဖို့အတွက်လားဆိုတာမေးခွန်းထုတ်စရာဖြစ်လာပါပြီ။

အလုပ်ရှင်အချို့ဆိုစက်ရုံမှာရှိတဲ့သမဂ္ဂအဖွဲ့တွေကိုပြောင်ပြောင်တင်းတင်းဖြိုခွဲတာတွေစက်ရုံသမဂ္ဂခေါင်းဆောင်တွေကိုလက်ထောက်ချပြီးစစ်ကောင်စီကိုဖမ်းဆီးခိုင်းတာတွေအထိပါလူမိုက်ဆန်ဆန်လုပ်ဆောင်နေကြတယ်လို့ Myanmar Labour News ကရရှိထားတဲ့အချက်အလက်တွေအရသိရပါတယ်။

"ကျမတို့ပုသိမ်မှာဆိုအထည်ချုပ်စက်ရုံပေါက်ကွဲမှု့ဖြစ်တော့စက်ရုံပိုင်ရှင်ကအလုပ်သမားခေါင်းဆောင်တွေကိုဆွဲထုတ်ပြီးစစ်တပ်ကိုခေါ်စစ်ခိုင်းတယ်။ အဲ့တော့အလုပ်သမားတွေကြောက်ပြီးသမဂ္ဂထဲကထွက်သွားတာတွေလဲရှိတယ်။သမဂ္ဂတွေလဲဖွဲ့ခွင့်မပေးဘူး"လို့ သမဂ္ဂခေါင်းဆောင်တဦးဖြစ်တဲ့မသန္တာက သူကြုံတွေခဲ့ရတဲ့အခြေအနေကိုပြောပါတယ်။

ဒါ့အပြင်အလုပ်ရှင်တွေဖက်က အလုပ်သမားအလုပ်ရှင်နှစ်ဦးသဘောတူစာချုပ်ပါအချက်အလက်တွေကိုအလုပ်သမားတွေရဲ့ဆန္ဒပြမှု့မှတ်တမ်းတွေနဲ့အကျပ်ကိုင်ပြီးချိုးဖောက်တာတွေလဲရှိနေပါသေးတယ်။

"အလုပ်သမားတွေဆန္ဒပြပွဲသွားတုန်းကလူလွှတ်ပြီးဓါတ်ပုံရိုက်ခိုင်းထားတာတွေသူတို့မှာရှိတယ်။အဲ့တုန်းကဆိုလူကိုခေါ်ပြောတယ်။ပြသနာတက်ရင်စက်ရုံကမရှင်းပေးဘူး။ရထားတဲ့အချက်အလက်တွေအကုန်ပေးပစ်မှာလို့ကိုပြောတာ"လို့မသန္တာကလုပ်ငန်းခွင်အတွင်းသမဂ္ဂခေါင်းဆောင်တွေခြမ်းခြောက်ခံခဲ့ရတဲ့အခြေအနေကိုရှင်းပြပါတယ်။

လုပ်ငန်းရှင်တွေကအလုပ်သမားအခွင့်အရေးသာမက အလုပ်သမားအခွင့်အရေးအတွက်ရပ်တည်ပေးနေတဲ့သမဂ္ဂအဖွဲ့အစည်းတွေကိုစစ်ကောင်စီနဲ့ပူးပေါင်းဖြိုခွင်းပြီးလုပ်အားခေါင်းပုံဖြတ်ချင်နေပုံရပါတယ်။

ဒါကြောင့်လည်းအာဏာသိမ်းပြီးတိုင်းပြည်မငြိမ်မသက်ဖြစ်နေတာကိုအခွင့်ကောင်းယူပြီးအလုပ်သမားတွေရဲ့သမဂ္ဂဆိုတဲ့ထောက်တိုင်ကိုအခွင့်အခါသင့်သလိုရိုက်ချိုးဖို့ကြိုးစားနေကြတာပါ။

"ကျွန်မတို့ဆန္ဒပြအလုပ်သမားခေါင်းဆောင်တွေကိုလုပ်ငန်းခွင်ထဲရောက်တော့ ခြိမ်းခြောက်လာကြတယ်။ကျွန်မတို့ခေါင်းဆောင်တွေရဲ့ကိုယ်ရေးအချက်အလက်တွေပေးပြီးစစ်တပ်ကိုဖမ်းခိုင်းတယ်အဲ့လိုတွေရှိနေတော့အလုပ်သမားတွေအနေနဲ့သူတို့မှားတာစာချုပ်ပါအချက်အလက်တွေချိုးဖောက်နေတာသိနေရက်နဲ့ပြောလို့မရတဲ့အခြေအနေဖြစ်နေတယ်"လို့ သမဂ္ဂခေါင်းဆောင်တဦးဖြစ်တဲ့မဝေကပြောပါတယ်။

အထည်ချုပ်အလုပ်သမားတွေအနေနဲ့လက်ရှိဒေးကြေးတခုသာရပြီးကျန်တဲ့ရပိုင်ခွင့်လုပ်အားခတွေဖြတ်တောက်ခံနေရတဲ့ပြသနာတွေနေရာအနှံ့မှာကြုံတွေ့နေကြရပါတယ်။

"သူတို့ကတော့လူမိုက်ဆန်ဆန်ပဲတိုင်ချင်တဲ့နေရာသွားတိုင်တဲ့ ခုကတိုင်လို့ပြုလို့မရတဲ့အခြေအနေဆိုတော့သူတို့ဖက်ကနှစ်ဖက်စာချုပ်ဖောက်ဖျက်နေတာတွေရှိနေလဲပြောလို့မရဘူးဖြစ်နေတယ်"လို့မဝေကဆက်ပြောပါတယ်။

Myanmar Labour News ကရရှိထားတဲ့အချက်အလက်တွေအရအာဏာသိမ်းပြီးနောက်ပိုင်းအမြို့မြို့အနယ်နယ်ကစက်ရုံ၊ အလုပ်ရုံနဲ့ကုမ္ပဏီတော်တော်များများမှာအလုပ်သမားတွေရဲ့အခြေခံလစာဖြတ်တောက်ခံရတာတွေလုပ်ငန်းခွင်တွင်းခြိမ်းခြောက်ခံရမှု့တွေ၊ ခံစားခွင်ဖြတ်တောက်ခံရတာတွေ၊ ဥပဒေမဲ့အလုပ်ထုတ်တာတွေများပြားလာတာကိုတွေ့ရပါတယ်။

ဒါပေမယ့်ဒီလိုလုပ်ငန်းရှင်တွေနဲ့စစ်ကောင်စီရဲ့ဖိနှိပ်မှု့တွေကြားကပဲမြန်မာ့လုပ်သားထုကြီးက"ပြည်သူ့အာဏာပြည်သူ့ပြန်ပေး"ဆိုတဲ့ကြွေးကြော်သံနဲ့အတူဒီမိုကရေစီ နဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက်အာဏာသိမ်းစစ်အုပ်စုကျဆုံးပြီးပြည်သူတွေနဲ့လုပ်သားထုကြီးကပဲအနိုင်ရမယ်ဆိုတဲ့သံဓိဌာန်ကိုနှလုံးအိမ်ထဲမှာကိုင်ဆွဲထားလျက်နဲ့လုပ်ငန်းခွင်တွေဆီနေ့စဥ်နဲ့အမျှချီတက်နေကြတယ်ဆိုတာကတော့အသေအချာပါပဲ။

#MyanmarLabourNews
#သတင်းဆောင်းပါး
#အလုပ်သမား
#Kzin
#နိုဝင်ဘာ ၈
#၂၀၂၁


Related posts

Cover
ကျောတခင်းအတွက် ရုန်းကန်နေရသည့် ပြည်တွင်းရွှေ့ပြောင်း အလုပ်သမားများ
Jun 24, 2026
Cover
EC စာချုပ်အရ အလုပ်ထုတ်မှု ဥပဒေ လိုက်နာမှုလား ချိုးဖောက်မှုလား။
May 29, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
ကုန်ကြမ်းမဟုတ်သော နှလုံးသားများ  (မေဒေး အထူးဆောင်းပါး)
May 01, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ဗီနိုင်းထက်က ILO နှင့် မြေပြင်က ဖိနှိပ်မှုများ- Bontech စက်ရုံဖြစ်စဉ် ဆန်းစစ်ခြင်း
Mar 23, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026
Cover
လုပ်သားတွေ စားဝတ်နေရေး ပြေလည်မှ နိုင်ငံစီးပွား လည်ပတ်မယ် (အတွေးအမြင်)
Mar 15, 2026