ARTICLE

ဗီယက်နမ်ဒဏ္ဍာရီလာ နဂါးစိမ်းကျောက်တောင်များ ရှိရာနေရာ (သို့မဟုတ်) Halong Bay (ဟာလောင်း ပင်လယ်အော်)

CoverLogo
37 Views
#Halong ပင်လယ်အော်
 
မိုးနှောင်းရာသီဖြစ်တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ မနက် မှာ ကျွန်မတို့ မိသားစု သုံးယောက်ဟာ ဗီယက်နမ် အရှေ့မြောက်ပိုင်း, ဟနွိုင်းမြို့အနောက်ဘက် ၁၆၅ ကီလိုမီတာခန့် အကွာရှိ ၊ အစိမ်းရောင် ကျောက်တောင်ကျွန်းငယ်များ ၁၆၀၀ ကျော်နှင့် လှပသော ဂူများ ရှိရာ UNESCO World Heritage Site အသိမှတ်ပြုခံထားရတဲ့ (Halong Bay ခေါ် Halong ပင်လယ်အော်) ကို တစ်ညအိပ်ခရီး ထွက်ခဲ့ ပါတယ်။
 
ခရီးသွားအေဂျင်စီ မှတဆင့် ကြယ်ငါးပွင့်သင်္ဘောလက်မှတ် တစ်ယောက်ကို အမေရိကန် ဒေါ်လာ ၁၃၅ နဲ့ လျှော့ ဈေးဖြင့်ဝယ်ရခဲ့တဲ့အပြင် ကလေးငယ် ရှစ်နှစ်အောက်ဆို အခမဲ့ စီနင်းလိုက်ပါ ခွင့်ရလို့ ကျွန်မတိုရဲ့ သားကလေး ( နှစ်နှစ်အရွယ်) ကို အခမဲ့ခေါ်နိုင်ခဲ့ပါတယ်။
 
မနက် ၇ နာရီခွဲမှာ ခရီးသွားကားတွေက Hanoi မြို့ဟောင်းအနှံ့ကို ခရီးသည်များ လိုက်ခေါ်ပြီး ခရီးစဉ် စတင်ခဲ့ပါတယ်။
Hanoi ကနေ Halong Bay အထိ ကားစီးချိန် ၂ နာရီခွဲလောက်ပဲ ကြာခဲ့ပြီး။ လမ်းတစ်ဝက်မှာတော့ ဗီယက်နမ် လက်မှုပန်းထိုးစက်ရုံရဲ့ နားနေဆောင်မှာ မိနစ်သုံးဆယ် ရပ်နားပေးပြီး ခရီးဆက်ခဲ့ပါတယ်။
 
ကာလမ်းဘေး တစ်လျှောက် မှာတော့ အိမ်တွေ လယ်ခင်းတွေဖြတ်ကျော်ခဲ့ရပြီး လယ်ကွင်းတွေထဲမှာ မြုပ်နှံထားတဲ့ တရုတ်ဘိုးသင်္ချိုင်းပုံစံ ဗီယက်နမ်နိုင်ငံသားတွေရဲ့ ဘိုးဘေးအုပ်ဂူ တွေကိုအစုလိုက် ဟိုတစ်နေရာ ဒီတစ်နေရာ တွေ့ရပြီး Halong Bay ရောက်ခါနီးတော့ ရေနက်ဆိပ်ကမ်း တွေ မြင်တွေ့ရပါတယ်။
 
မြစ်တံတားတစ်စင်းကိုဖြတ်ကျော်ပြီးနောက်၊ ကျွန်မတို့ကားဟာ Halong မြို့ကို ဖြတ်ကျော်ပြီး အပျော်စီးဇိမ်ခံ သင်္ဘောအများအပြားရပ်ထားတဲ့ ဆိပ်ကမ်းသို့ ရောက်ခဲ့ပါတယ်။
 
လမ်းတစ်လျှောက် အဝေးပြေးကားလမ်းက ခေတ်မှီပြီး အဝေးပြေးကားကလဲ သန့်ရှင်းပြီး ကျယ်ဝန်းတဲ့ အတွက် ကားစီးရတာ သက်သာပြီး အဆင်ပြေခဲ့ပါတယ်။
 
နေ့လည့် ၁၂ နာရီခွဲလောက်မှာ ကျွန်မတို့ သင်္ဘောပေါ် တက်ခဲ့ပြီး သင်္ဘောမှာ ခရီးသွား စုစုပေါင်း ၂၂ ယောက်ပါတယ်။ အိန္ဒိယ၊ ပိုလန်၊ ထိုင်း၊ ကိုရီးယားနဲ့ တရုတ်နိုင်ငံသားတွေ ပါဝင်ခဲ့ပြီး မြန်မာဆိုလို့ ကျွန်မတို့မိသားစု တစ်စုတည်းသာဖြစ်ပါတယ်။
 
ခရီးသွား ကုမ္ပဏီက ပြောပြချက်အရ စနေတနင်္ဂနွေ ပိတ်ရက်ဖြစ်တာကြောင့် ခရီးသွားများကြောင့်သိရပါတယ်။
ဆိပ်ကမ်းမှာတော့ ကျွန်မတို့သင်္ဘော တစ်စင်းတည်းမဟုတ်ပဲ အခြားသင်္ဘောများတွေ့သလို့ ခရီးသည်များစွာနဲ့ သွားလာနေကြတာကို မြင်တွေ့ ရပါတယ်။
 
ခရီးသွားအများစုကတော့ အိန္ဒိယနိုင်ငံသားတွေ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
Halong Bay (ဟာလောင်း ပင်လယ်အော်) ဟူသော အမည်၏ အဓိပ္ပာယ်မှာ "နဂါး ဆင်းသက်ရာ" ဖြစ်ပါတယ်။
 
၎င်းအမည်သည် ဗီယက်နမ်ဒဏ္ဍာရီလာ ပုံပြင်တစ်ခုမှ ဆင်းသက်လာခြင်းဖြစ်ပြီး ကမ္ဘာမြေသို့ ဆင်းသက်လာသည့် မိခင်နဂါးတစ်ကောင်နှင့် ၎င်း၏သားသမီးများက ကျူးကျော်သူများကို တိုက်ခိုက်ရန် ကျောက်တောင်ကျောက်ဆောင်များ ဖန်တီးကာ ဗီယက်နမ်ပြည်သူများကို ကူညီခဲ့သည်ဟု ဆိုပါတယ်။
 
ထိုဒဏ္ဍာရီကြောင့် ထိုပင်လယ်အော်ကို "နဂါးဆင်းသက်ရာ" ဟု အဓိပ္ပာယ်ရသည့် ဟာလောင်း (HạLong) ဟု အမည်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
 
အခြားမှတ်တမ်းများအရ ဗီယက်နမ် နိုင်ငံ ပြင်သစ်လက်အောက်သို့ကျရောက်စဉ်က ထိုနေရာတွင် နဂါးနဲ့တူသော မြွေလိုမျိုး အကောင်ကြီးကို တွေ့ရ သဖြင့် Halong လို့လဲခေါ်တယ်လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
 
သို့ပေမယ့် မည်သည့် နာမည်ရဲ့ အရင်းအမြစ် အမှန်ဆိုတာ ရှာမတွေ့ပါ၊ မည်သို့ပင်ဆိုစေ ဘဘာဝအတိုင်းဖြစ်နေတဲ့ ကျောက်ဆောင် ကြီးတွေ ကျွန်းကြီးတွေကို ပင်လယ်ကွေ့မှာ မြင်တွေ့ရပြီ ရင်သပ်ရှူမောဖွယ် အလှအပကို မပျက်စီးအောင် ထိန်းသိမ်းထားနိုင်တဲ့အတွက် UNESCO မှတ်တမ်းဝင်တယ်ဆိုတာ လက်ခံလို့ ရပါတယ်။
 
ကျွန်မတို့ မြန်မာနိုင်ငံမှာလဲ ယခုလိုမျိုး အလှအပတွေရှိပေမယ့် သန့်ရှင်းမှုမရှိ တာတွေ မပျက်စီးအောင် မထိန်းသိမ်နိုင်လို့ UNESCO မှတ်တမ်းမဝင်နိုင်တာက ဝမ်းနည်းစရာပါပဲ။
 
သင်္ဘောပေါ်စတက်တဲ့အချိန်မှာ ရိုးရာနဂါးအကနဲ့ ကြိုဆိုနေကြပြီး ခရီးသည်အားလုံး စားသောက် ခန်းမမှာ ကိုယ်စီစားပွဲခုံများတွင် နေရာယူစေကာ သ‌င်္ဘောမန်နေဂျာမှ ခရီးစဉ်အကြောင်းကို ရှင်းပြခဲ့ ပါတယ်။
 
ကျွန်မတို့အား ရှင်းပြနေစဉ်တွင် သင်္ဘောမှာ တဖြည်းဖြည်း စတင်ထွက်ခွာနေပြီဖြစ်ပါတယ်။
ထို့နောက် သင်္ဘောပေါ်ရှိ ခရီးသွားတွေဟာ မိမိတို့ အခန်းများအတွင်းမှာ အထုတ်အပိုးများနေရာချပြီး ထမင်းစားခန်းသို့ပြန်သွားကာ နေ့လည်စာကို အရသာရှိရှိစားပြီးနောက် အခန်းပြန်၍ ခေတ္တအနားယူကာ ကျွန်မတို့ရဲ့ခရီးစဉ်အတွက်စိတ်လှုပ်ရှား နေခဲ့ကြပါတယ်။
 
ထို့နောက် အခန်းအတွင်းရှိ စပီကာ မှတစ်ဆင့် သင်္ဘောမန်နေဂျာက ပထမဆုံး Activities အတွက် ကြေညာခဲ့ပြီး ကျွန်မတို့ လည်း စုဝေးရာနေရာသို့ သွားကြ ပါတယ်။
 
သင်္ဘောမှာ ရေလယ်ခေါင် တွင်ကျောက်ချ ရပ်နားထားပြီး ခရီးသွားများ အားစက်လှေအသေးဖြင့် Halong Bay ၏ အကျော်ကြားဆုံး Sung Sot Cave (Surprise Cave)ကို ပို့ပေးခဲ့ ပါတယ်။
 
စက်လှေ ပေါ်အတက်တွင် အားလုံး အသက်ကယ် အင်္ကျီကိုဝတ်ဆင် စေပြီး ကမ်းသို့ သွားကြရပြီး ကုန်းပေါ်တက်ပြီး နောက် ဂူအဝင်ဝကိုရောက်ဖို့ လှေကားထစ်(၁၀၀)ခန့်ကိုတက်ရောက်ရပါ တယ်။
 
ကုန်းပေါ်တွင် ယခုကျွန်းကို စတင်တွေရှိသူ ပြင်သစ် စစ်ဗိုလ်ကြီး တစ်ဦးရဲ့ ရုပ်ပုံကို အမှတ်တရ ထုထား ပါတယ်။ ဂူအထဲသို့ ဝင်ဝင်ချင်းတွင် အနည်းငယ် အမှောင်နှင့်အသားမကျဖြစ်ပြီး နောက်တွင် ဂူအတွင်းပိုင်းတွင် သဘာဝကျောက်ပန်းကျောက်ခတ်များအား လှပစွာထွန်းလင်းပေးထား သော မီးများ ကြောင့် အဆင်ပြေစွာလမ်းလျောက်လို့ရပါတယ်။
ထူခြားတာက မြန်မာပြည်ရှိ ဂူများကဲ့သို့ ဘုရားဆင်းတုတော်များ၊ ရုပ်တုများ တည်မထားပဲ သဘာဝအတိုင်းထားရှိသည်ကို တွေ့ရပါတယ်။
 
ထိုနောက် ဂူအတွင်းသဘာ၀ ရေကန်တစ်ခုကိုလည်း တွေ့ခဲ့ရပြီး သင်္ဘောမန်နေဂျာမှ “အရင်ကတော့ ဒီသောက်ရေကန်ရှိလို့ မိုးတွင်းဆိုရင် ငါဖမ်းတဲ့သူတွေ သောက်ကြတယ် ပြီးတော့ နေကြတယ်” လို့ ပြောပါတယ်။
UNESCO မှလဲ Halong Bay တွင် ကျောက်ဂူလူသားအစ နေထိုင်သူများ ရှိခဲ့သည်ဆိုတာကို အသိအမှတ်ပြုထားပါတယ်။
 
ဂူအတွင်းပိုင်းမှာ သဘာဝအံ့ဖွယ်အလှတရားတွေကို ခေတ်မီ မီးလုံးများနဲ့ အလင်းပေးထား တာကြောင့် စိတ်ကြည်နူးဖွယ် ခံစားရပြီး၊ ဂူအတွင်းပိုင်းမှာ လူသွားစင်္ကြန်ကို သေချာတည်ဆောက် ပေးထား တဲ့အတွက် စနစ်တကျလှည့်လည် ကြည့်ရှုနိုင်ပြီး အနားယူဖို့နေရာမတွေနဲ့ ခရီးသွားတွေပါလာတဲ့ အစားအသောက်တွေကနေ အမှိုက်တွေကို စနစ်တကျ ပြစ်ဖို့လည်း အမှိုက်ပုံးတွေထားပေးထားလို့ အတွင်းပိုင်းသန့်ရှင်းရေးကို စီမံထားတာကောင်းသလို အိမ်သာတွေကို သန့်သန့်ရှင်းရှင်းရှိတာ ကိုတွေ့ရပါတယ်။
 
ဂူမှ ပြန်ပြီးနောက် ကျွန်မတို့ကို Titop Island (TikTok Island) လို့ ခေါ်ကြတဲ့ ကျွန်းလေးကို လိုက်ပို့ခဲ့တယ်။ ယခုကျွန်းပေါ်မှာ ခရီးသွားတွေ ရွေးချယ်စရာ နှစ်ခုရှိတယ် တောင်ထိပ်တက်ပြီး ရူမျှော် ခင်း မြင်ရရန် တောင်ပေါ်တက်ဖို့ နဲ့ ကမ်းခြေမှာ ရေကူးဖို့ တစ်နာရီအချိန်ပေးခဲ့ပေမယ် ကျွန်မတို့ မိသားစု ကတော့ ရေကူးဖို့ပဲရွေးချယ်ခဲ့ပါတယ်။
 
ကမ်းခြေမှာ ခရီးသွားအများကြီး ဖြစ်နေခဲ့ပေမယ့် သဘာဝ ပင်လယ်ထဲမှာ လူအုပ်ထဲဝင်တိုးပြီး သားလေးနဲ့အတူ ရေးကူးခဲ့တာ ကအမှတ်တရလေး တစ်ခုပါ ဖြစ်ခဲ့ပါတယ်။
 
Titop Island (TikTok Island) ကမ်းခြေငယ် ရေကစားပြီးတော့ သင်္ဘောပေါ်ကိုပြန်တက်ခဲ့ပြီး ညပိုင်းအစီအစဉ်အတွက် ခနနားပြီးခဲ့ပါတယ်။
 
မန်နေဂျာမှ သင်္ဘောကုန်ပတ်ပေါ် တက်ဖို့ဖိတ်ခေါ်ခံခဲ့ရပါတယ်။ ထိုနောက် ညအချိန်မှာတော့ ဗီယက်နမ် ရိုးရာဟင်းများကို ချက်ပြုတ်ပြသပြီး ဧည့်ခံပွဲ တစ်ခုလို့ ဆိုရအောင် တည်ခင်းခဲ့ကြတဲ့အပြင့် ဗီယက်နမ် ရိုးရာဝတ်စုံတွေ ဝတ်ဆင်ပြီး show ပွဲပေါ်တွင် စိတ်ဝင်စားဖွယ် ဖျော်ဖြေမှုတွေ ပြသပေးခဲ့ တာကလည်း ပျော်ရွှင်စရာကောင်းခဲ့တယ်။
 
ညနက်ပိုင်းမှာ ခရီးသည်အားလုံးလမ်းခွဲပြီး သင်္ဘောဟာ ကျောက်တောင်တစ်လျှောက် တည်ငြိမ်စွာ ကျောက်ဆူး ချထားသည့်နေရာမှာ တစ်ညတာ အေးချမ်းစွာ အိပ်စက်နားယူခဲ့ကြတယ်။
 
သင်္ဘောပေါ်ကနေ မြင်ရတဲ့ Halong ပင်လယ်အော်ရဲ့ ညအလှတရားတွေက ပင်လယ် ရေပြင်ကနေ တိုက်လာတဲ့ လေညှင်းလေးတွေ ရူရှိုက်ရတာဟာ တကယ့်ကို မမေ့နိုင်သည့် အမှတ်တရ တစ်ခုပဲ ဖြစ်ပါ တယ်။
 
စက်တင်ဘာ ၁၄ ရက် နံနက်မှာတော့ သင်္ဘောပေါ်တွင်နံနက်စာ စားပြီး လှေလှော်လို့ရသည့် မြန်မာပြည် ကရင်ပြည်နယ် ဘားအံမြို့အနီးတဝိုက်မှာရှိတဲ့ အလှဆုံးဂူကြီးတွေ ဆဒ္ဒန်ဂူပုံစံ ဂူအောက်ကနေ လှေစီးပြီးဝင်လို့ရတဲ့နေရာမှာ ကနူးလှေလည်းလှော်လို့ရတဲ့နေရာကို လိုက်ပို့လို့ရောက်ခဲ့ပါတယ်။
 
အဲ့ဒီအပြင်တောင်နံရံတွေမှာ ကုတ်တွယ်ပြီး သွားလာနိုင်တဲ့ ထူးထူးဆန်းဆန်းမျောက်တွေ တွေ့ခဲ့ရ ပေမယ့် မျောက်ကိုက်ခံရဘူးတဲ့ ကျွန်မတို့သားအမိက မျောက်တွေအနားရောက်လာမှာ တော်တော်‌လေး ကြောက်ခဲ့ပါတယ်။
 
တစ်နာရီခန့်အကြာ လှေစီးပြီးနောက် သင်္ဘောကြီးအပေါ်ပြန်ရောက်ပြီး နေ့ခင်းပိုင်းမှာ Hanoi ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ခရီးစဉ်ပြီးဆုံးခဲ့ပါတယ်။
 
သင်္ဘောခရီးစဉ်တစ်လျှောက်မှာ သတိပေးချင်တာကတော့ သင်္ဘောပေါ်မှာရေဘူးများ လုံလုံ လောက်လောက် ပေးမထားတာကြောင့် ရေဘူး 180 ml ကို ‌၂ ဒေါ်လာပေးဝယ်ခဲ့ရသဖြင့် ရေသောက် တတ်သူများ ရေဘူးများသယ်သွားဖို့လိုကြောင်း ပြောပြချင်ပါတယ်။

Related posts

Cover
“ညည်းချင်း ၂၀၂၅”
Oct 02, 2025
Cover
အချိန်ပိုင်းလုပ်သားခေါ်ယူခြင်းနှင့်  လုပ်သားရှားပါးမှုပြဿနာ
Sep 11, 2025
Cover
ကိုလိုနီခေတ်ဥပဒေ အသက်ဝင်နေဆဲလား။
Sep 11, 2025
Cover
ပဉ္စမမြောက်ဝန်ကြီး ခန့်အပ်ခြင်း
Sep 01, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူများအား ဖမ်းဆီးပြီး တရားစွဲဆိုမှုဖြစ်ရပ်က အလုပ်သမား ရပိုင်ခွင့်နှင့် လုံခြုံရေးဟာ  စစ်ကောင်စီလက်အောက်တွင် မည်မျှအထိ အန္တရာယ်ရှိနေသည်ကို ပြသနေ
Aug 15, 2025
Cover
အကြွေးနွံထဲက ပြည်ပအိမ်မက်များ
Aug 14, 2025
Cover
အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးနှင့် STUM အဖွဲ့ဝင် ၉ ဦး ဖမ်းဆီးခံရမှုနောက်ကွယ်က မြန်မာ့အလုပ်သမားအခွင့်အရေးများ
Aug 11, 2025
Cover
အခွင့်အလမ်းများ၏ နောက်ကွယ်
May 02, 2025