ARTICLE

ပုကြွယ် သင်္ကြန်ပွဲမသိပါ

CoverLogo
165 Views
ဒီကနေ့ နှစ်ဆန်းတရက်နေ့လို့ အဖေဖြစ်သူ ပြောနေပေမဲ့ ပုကြွယ်အတွက် ထူးခြားခြား မဖြစ်မိ။ သင်္ကြန် ဆိုတာ ဝိုးတိုးဝါးတား သာသာ ။ သင်္ကြန်ပွဲတော် ရောက်တိုင်း ကလေးတွေ ပျော်ရွှင်စွာရေကစားတာကို ပုကြွယ်တွေ့ ရပါတယ်။ အသက် ၅ နှစ်အရွယ်ဝန်းကျင် အရွယ်က သင်္ကြန်ဆိုပြီး ရေကစားတာက နောက်ဆုံး။ ဒီနောက်ပိုင်း မှာတော့ သင်္ကြန်ပွဲရောက်တိုင်း ပုကြွယ် ရေ မကစားနိုင်ခဲ့ပါ။
 
အကြောင်းအရင်းကတော့။ ပုကြွယ် ဒီသင်္ကြန်တွင်း အလုပ် လုပ်နေရပါတယ်။ တကယ်တော့ သင်္ကြန်ပွဲတော်က ပုကြွယ် မသိတာ ကြာခဲ့ပါပြီ ။
 
ပုကြွယ် ၅ နှစ်အရွယ်ရောက်တော့ တကမ္ဘာလုံးမှာ ကပ်ရောဂါ ကိုဗစ် ဖြစ်။ ဒီနောက်တော့ နိုင်ငံတော် အာဏာကို စစ်တပ်က မတရားသိမ်းယူ။ နိုင်ငံတဝှမ်း ပြည်သူတွေ ဆန့်ကျင်ဆန္ဒပြ ။ စစ်တပ်က ပစ်ခတ်ပြီဆိုတော့ ပုကြွယ်တို့ အိမ်ထဲက အိမ်ပြင်မထွက်ခဲ့ရ။ အမေက အထည်ချုပ်စက်ရုံမှာ အလုပ် လုပ်နေလို့သာ မသေရုံ စားခဲ့ရ။
 
အဲ့ကာလ မှတ်မှတ်ရရ ဆို ပဲပြုတ်သည် မလာလို့ ပုကြွယ်တို့ သားမိသားဖ ဆားနဲ့ ထမင်း၊ ဆန်ပြုတ် တလှည့်ဆီ စားခဲ့ ရပါတယ်။ ကျောင်းတွေ ပြန်ဖွင့်တော့ အဖေက အလုပ်မလုပ်နိုင်။ အမေရဲ့ လုပ်ခ တခုတည်းနဲ့လည်း ပုကြွယ် ကျောင်းတက်ဖို့ ခက် ။
 
ပုကြွယ်အဖေကလည်း အလုပ်မရှိ ၊ အရက် သောက်သူဆိုတော့ ၊ အသည်းရောဂါသည် ဖြစ်လာ။ အရေးကြီး တာက မိသားစု နေထိုင်တဲ့ တန်းလျားက ပုကြွယ်အဖေအလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီက ပိုင်တာ ။ အလုပ်မဆင်းတဲ့ အလုပ်သမားကို တန်းလျားမှာ မထားပါ။ ဒါက စည်းကမ်း ပါ။ ဒီအတွက် ပုကြွယ်တို မိသားစု နေထိုင်ရေး အဖေဖြစ်သူ ဗိုက်ဖောင်းဖောင်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းကို မနိုင်ဝန်ထမ်းပြီး လုပ်ကိုင် ရပြန်တယ်။ ဒါမှ နေထိုင်နေတဲ့ တန်းလျားမှာ ဆက်နေရမယ်။
စစ်ကောင်စီ ကျောင်းဖွင့်တဲ့ တနှစ်မှာ ပုကြွယ် ကံမကောင်းခဲ့ပါ။ ကျောင်းတက်ခွင့် မရခဲ့ပါ ။
 
နောက်နှစ်မှာ တော့ ပုကြွယ်ကံကောင်း လာပါတယ်။ အထည်ချုပ်လုပ်သား အမေဖြစ်သူက စက်ရုံမှာ အလုပ်အကိုင် ကောင်းပြီး ကျောင်းထားနိုင်လို့ ကျောင်း တနှစ် တက်ရပါတယ်။ လူကောင်လည်းထွားလို့ ပုကြွယ် အတန်းထဲမှာ အကောင် အကြီးဆုံး။ ပုကြွယ် တယောက် ကျောင်းတက်ရက်က ပျော်စရာ အကောင်းဆုံးတွေ ဖြစ်ခဲ့တယ်။
 
ပုကြွယ် က ၁၀ နှစ်ဝန်းကျင် ပိန်ပိန်ရှည်ရှည် ၊ အသားဖြူပေမဲ့ အရိပ်မရှိတဲ့ နေပူပြင်မှာ လုပ်ကိုင်ရလို့ အသားက ညို စပြုနေပြီ။ မျက်နှာမှာ နှာခေါင်းတဝိုက်၊ နဖူးပြင်မှာ မိတ်ဖုတွေက တစုတည်းနဲ့ ရဲ စပ်စပ်နဲ့။ အဖေက ခပ်ဖြူဖြူ၊ အမေက ညိုနုနုနဲ့ လင်မယားနှစ်ယောက်စလုံးက ခပ်မြင့်မြင့်မို့ ပုကြွယ် အသက် ၁၀ နှစ်သား ဆိုတာ ဘယ်သူမှ မယုံ ။ အဖေနဲ့ အမေဆီ အမွေအပြည့်ရခဲ့မို့ ပုကြွယ် လူကြီးပေါက်စလို အရပ်လည်း ပိန်ပိန်ရှည်ရှည်။
 
ပုကြွယ် မိဘ အမွေရပုံကလည်း မိဘတွေလို အလုပ်နဲ့ လက်နဲ့ မပြတ်အောင် လုပ်ရတဲ့အမွေပါ။ ကျောင်း တနှစ် လောက် တက်လိုက်ရပြီးကတည်းက တန်းလျားအခန်းမှာ ဆက်လက်နေထိုင်ရဖို့ အဖေက တပတ်မှာ သုံး လေးရက် အလုပ်ဆင်းတိုင်း သူလိုက်ပေးခဲ့ရတာ။
 
အဖေဖြစ်သူက ရောဂါသည်မို့ အကူအနေနဲ့လိုက်လာတဲ့ ပုကြွယ်လည်း ဝင်ငွေလည်းရအောင် ကန်ထရိုက်က အလုပ် ပေးလိုက်တာပါ ။ ကန်ထရိုက် သဘောကောင်းလို့ ဆောက်လုပ်ရေး လုပ်ငန်းမှာ ရေဆွဲ၊ ဖျော်ထားတဲ့ မဆလာ သယ်၊ အုတ်သယ် စတဲ့ အလုပ်တွေ လုပ်ခွင့်ရခဲ့တာ။ ပုကြွယ် လုပ်ခ နည်းနည်းလေးက မိသားစု အတွက် တဖက်တလမ်း ဝင်ငွေ ဖြစ်လာခဲ့တာပါ။
ဒီ ဆောက်လုပ်ရေးလုပ်ငန်း ပုကြွယ် မလုပ်မီက အားတဲ့ အချိန် ပလုံကောက်တဲ့ အလုပ် လုပ်ခဲ့ပါတယ်။ အမေဖြစ်သူက တခြားသူတွေရဲ့ နှိမ်ချ ပြောဆိုတာ မခံစေချင်လို့ အဲဒီအလုပ်ကို မလုပ်ခိုင်းပါ ။
 
ရန်ကုန်မြို့ရဲ့ ဧပြီလက သင်္ကြန်ပွဲတော်နဲ့ လိုက်ဖက်ပြီး ပူပြင်းတဲ့ နွေနေအောက်မှာ လုပ်ကိုင်ရသူတွေ အတွက် ပင်ပန်း ဆင်းရဲကြီးလှပါတယ်။ ဘိလပ်မြေ ၊ သဲနဲ့ ဂေါ်ပြားနဲ့ ပတ်တဲ့ လက်တွေကြိမ်းစပ်နေလို့ ရေမကြာခဏ စိမ်ပေးရပါသေးတယ်။ နေပူဒဏ်နဲ့ ချွေးပြိုက်ပြိုက်ကျလည်း မနားနိုင်ပါ။ ဒါတွေ မငြီးငြူနိုင်ပါ ။ ညနေစောင်း လုပ်ခရမှ အနားရမယ် မလား။
 
နေပူကျဲကျဲမှာ ရေဆွဲလိုက် မဆလာကို မွှေလိုက် ၊ ပုံးတလုံးနဲ့ မဆလာသယ်ပေး ဆက်တိုက်လုပ်ကိုပေး ပါတယ်။ အလုပ်ကို ရက်တိုတိုနဲ့ ပြီးစီးပါက ကန်ထရိုက်အတွက် တွက်ချေကိုက်မယ်၊ ဒါမှ ကန်ထရိုက် သဘောကျပြီး ပုကြွယ်အတွက် အလုပ်အကိုင် အခွင့်အလမ်းအတွက် မျက်နှာသာရမယ်။
 
သင်္ကြန်ရက်မှာ ဆောက်လုပ်ရေးကုမ္ပဏီတွေ အလုပ်တွေရပ်နားလို့ ကြားပေါက်အလုပ်အနေနဲ့ အိမ်တလုံး ပြင်ဆင်တဲ့နေရာမှာ ပုကြွယ် အလုပ်ရလိုက်တာပါ။
 
ဒီအလုပ်မှာ ပုကြွယ်အပါ လူငါးယောက်နဲ့ လုပ်ကိုင်နေရပေမဲ့၊ ပုကြွယ် လုပ်အားခ တရက် ငါးထောင် သာ ရပါတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီမှာ လုပ်တဲ့ လုပ်ခကလည်း တရက် ငါးထောင်ပဲရတာပါ ။ အလုပ်ချိန် နောက်ကျရင်တော့ လုပ်ခ အနည်းငယ်ပိုပေးပေမဲ့ ကျပ်တထောင်ထက် ပိုမရခဲ့ပါ။
 
ဆောက်လုပ်ရေးလုပ်သားတွေမှာ အလုပ် မပြတ်ရေး၊ လုပ်ခ မှန်မှန်ရရှိရေးသာ အဓိကပါ။ ဒါမှ တရက်စာ စားဝတ် နေရေးအတွက် အလျင်မီမယ်။ ဗိုက်ဝမယ်။ နောက်နေ့ အလုပ်ဆင်းဖို့ အဆင်ပြေမယ်။ အချိန်ပို လုပ်ခအကြောင်းမပြောနိုင်၊ ကန်ထရိုက် အပြန် အငှားယာဉ်နဲ့ ကပ်လိုက်ဖို့ မျက်နှာလုပ်ရ။ ပိတ်ရက် အတွက်လည်း လုပ်ခလစာ နှစ်ဆ မတောင်းနိုင်ပါ။ အလုပ်ရှင်က နောက်ထပ် အလုပ်မပေးရင် ၊ စားဝတ်နေ ဒုက္ခရောက်နိုင်တာမို့ ပါ။
 
ဒီ သင်္ကြန်ကာလ အလုပ် လုပ်ရတာကလည်း ပုကြွယ်အမေ ကိုယ်ဝန်ဆောင်လာတဲ့အတွက် ပုကြွယ် အလုပ် လုပ်ဖို့ ဖြစ်လာတာပါ ။ နှစ်စကတည်းက ပုကြွယ် မေမေ အလုပ်လုပ်နေတဲ့ အထည်ချုပ်စက်ရုံက အလုပ်က မကောင်း။ အချိန်ပိုတွေ မရှိ။ ရတဲ့လစာက မိသားစု မလောက်င နိုင်တော့။
 
လုပ်ခလစာ အပြည့်အဝရဖို့ သင်္ကြန်ပိတ်ရက်အတွက်ဆိုပြီး လုပ်ခ နှစ်ဆရမဲ့ ပိတ်ရက်တွေမှာ အထည်စက်ရုံတွေက အလုပ်ဆင်းခိုင်းလည်း၊ ပုကြွယ်မေမေ အလုပ် မပျက်ရဲ။ ရက်အစား မဆင်းခဲ့ရင် အလုပ်ပျက်ဆို သင်္ကြန်မှာ ပေးလေ့ရှိတဲ့ နှစ်ကြေး ငါးသောင်း ဝန်းကျင် မရမှာ၊ ဒါကြောင့် ကိုယ်ဝန်သည်ဖြစ်ပေမဲ့ မပျက်မကွက် အလုပ်ဆင်းခဲ့ ရတယ်။ မွေးဖွားဖို့၊ ပုံမှန် စားသောက်နိုင်ရေး ကြိုတင်တွေးရင်း သားဖြစ်သူ ပုကြွယ်ကို ရှိတဲ့ အလုပ် လုပ်ခိုင်းခဲ့တာပါ။
 
ဒီနှစ် သင်္ကြန်က ရပ်ကွက်အတွင်းကလေးတွေ အပျော်ရေကစား ကတော့ ကို ပုကြွယ်တွေ့ပါတယ်။ ပျော်ချင် ပါတယ်။ ဒါပေမဲ့ မကစားနိုင်သေးပါ။ ပိတ်ရက် ၁၀ ရက်အတွက် မိသားစုအတွက် အလုပ်တွေ လုပ်ရ ဦးမယ်။
ဧပြီ ၁၇၊ ၂၀၂၄

Related posts

Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024
Cover
ပြာပုံထဲမှာပြန်လည် ရှာဖွေခဲ့ရတဲ့ တရားမျှတမှုခြေရာများ
Jan 12, 2024
Cover
ရွှေ့ပြောင်းလုပ်သားတွေအတွက် NUG အစိုးရ ရပ်တည်ပေးမှုအပေါ် အလုပ်သမားအရေးလှုပ်ရှားသူများဝေဖန်
Dec 25, 2023
Cover
MCE စက်ရုံ  အငြိုးတရားနှင့် သမဂ္ဂဖြိုခွဲခဲ့သလား။
Nov 25, 2023
Cover
ဝမ်းရေးတဖက် လုံခြုံရေးအခက်နဲ့ စိုးရိမ်သောကပွေရတဲ့ စက်မှုဇုန်လုပ်သားများ
Nov 19, 2023
Cover
တစ်နာရီလုပ်ခ ၆၀၀ ကျပ် နဲ့ အလုပ်သမားထုရဲ့ မျှော်လင့်ချက်
Oct 01, 2023
Cover
အာဏာရှင် ခေတ်ဆိုး၊ စနစ်ဆိုးနဲ့ အခြေခံပြည်သူလူထုကြား စတင်ပေါက်ဖွားလာပြီဖြစ်တဲ့ ‘ဒုဗ္ဘိက္ခန္တရကပ်’
Sep 24, 2023