ARTICLE

နိုင်ငံတကာအမှတ်တံဆိပ်တွေနောက်ကွယ်က ချိုးဖောက်ခံ လုပ်သားများ

CoverLogo
699 Views

“ကျွန်တော်တို့ တောင်းဆိုထားတဲ့အထဲမှာ ဥပဒေကို ဖောက်ဖျက်တောင်းဆိုတာ တစ်ခုမှ မပါပါဘူး။ လုပ်ငန်း ခွင်ထဲမှာပဲ အေးအေးချမ်းချမ်း တောင်းဆိုကြတာပါ။ အဲဒါကိုပဲ ဖမ်းဆီးတာတွေ ရှိလာတာ”လို့ စက်ရုံတွင်းမှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ Sun Apparel စက်ရုံက အလုပ်သမားတစ်ဦးက ပြောပါတယ်။

သူတို့စက်ရုံတွင်းမှာ ခေတ်နဲ့လျော်ညီတဲ့ လုပ်ခလစာ ရရှိဖို့၊ လုပ်ငန်းခွင်တွင်း ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေကို အလုပ်ရှင်က ကာကွယ်ပေးဖို့၊ လျှောက်လမ်းနဲ့အမိုးတွေ လုံအောင်ပြုပြင်ပေးဖို့၊ ထမင်းစားဆောင်တွေ သီးသန့် စီစဉ်ပေးဖို့စတဲ့ အချက်တွေ အပါအဝင် တောင်းဆိုချက် (၂၅) ချက်ကို အလုပ်သမား (၄၀၀) ကျော်က တောင်းဆို ခဲ့ကြတာပါ။ 

Sun Apparel Myanmar အထည်ချုပ်စက်ရုံဟာ JAKO လုပ်ငန်းစုရဲ့ အဝတ်အထည်တွေကို ချုပ်လုပ်နေတာ ဖြစ်ပြီး အဲဒီလိုတောင်းဆိုမှုတွေကြောင့် စက်ရုံအလုပ်သမားနှစ်ယောက်ဟာလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ 

အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဂျာမန် အားကစားဝတ်စုံလုပ်ငန်းစု JAKO အမှတ်တံဆိပ်ဟာ ပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေ ရပ်နားတော့မယ်လို့ ကြေညာခဲ့ပါတယ်။ 

ဒီဖြစ်စဉ်ဟာ နိုင်ငံတကာ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတဲ့ စက်ရုံတွေမှာ ဖြစ်ပေါ်နေတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့အခြေအနေတွေကို မီးမောင်းထိုးပြလိုက်တဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါ တယ်။ 

နိုင်ငံတကာ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတဲ့စက်ရုံတွေအပါအဝင် အထည်ချုပ်စက်ရုံတိုင်းမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေဟာ စစ်အာဏာမသိမ်းခင်ကတည်းက ရှိနေတာပါ။

ဒါပေမယ့် အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ buyer တွေ ပူးပေါင်းပြီး ဥပဒေမလိုက်နာတဲ့ လုပ်ငန်းရှင်တွေကို အော်ဒါရပ်နားတဲ့ပုံစံနဲ့ ထိန်းချုပ်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ 

ဒါကလည်း ရာခိုင်နှုန်းတစ်ခုအထိ အောင်မြင်ခဲ့ပါတယ်။ 

ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒီလုပ်ငန်းစဉ်တွေက အားနည်းတဲ့ အခြေအနေကို ရောက်ရှိလာပါတယ်။ 

အလုပ်သမားတွေကိုယ်တိုင်ကလည်း အခွင့်အရေး ချိုးဖောက်ခံရတာတွေကို ပူးပေါင်းဖော်ထုတ်ဖို့ထက် အလုပ်ရှင်တွေရဲ့ဖိအားကို ပိုမိုကြောက်ရွံ့လာကြပါတယ်။

“အရင်ကဆို Brand တွေချုပ်တဲ့စက်ရုံတွေမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေလုပ်ရင် buyer တွေဆီ စာပို့တယ်။ သူတို့ကတစ်ဆင့် အလုပ်ရှင်တွေဆီ ဖိအားပေးတယ်။ ဒီလိုချိုးဖောက်တာတွေ လုပ်နေရင် အော်ဒါရပ်နားတာတွေ လုပ်တယ်။ ဒါကသူတို့ကို တိုက်ရိုက်သက်ရောက်မှုရှိတော့ အလုပ်ရှင်တွေကို ထိန်းချုပ်လို့ ရတယ်။ အခုကျတော့ အလုပ်သမားတွေကိုက လုပ်ငန်းခွင်အခက်အခဲတွေကို ထုတ်ပြောဖို့စိုးရွံ့နေကြတယ်”လို့ အလုပ်သမားအရေး ဆောင်ရွက်သူတစ်ယောက်က ဆိုပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းဖြစ်တဲ့ ပြည်တွင်းကနိုင်တကာအမှတ်တံဆိပ်တွေချုပ်လုပ်တဲ့  အထည်ချုပ်ကဏ္ဍမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုက သိသာစွာဖြစ်ပေါ်နေပြီး အလုပ်သမားတွေအနေနဲ့လည်း မငတ်ရုံတမယ် လုပ်ကိုင်စားသောက်ရတဲ့အခြေအနေဖြစ်နေတာပါ။

ဆိုလိုတာက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားရဲ့ဝင်ငွေက တစ်ရက် လုပ်ခ ၄၈၀၀ ကျပ်သာဖြစ်နေပြီး ပိုမိုကောင်းမွန်တဲ့ လစာ ၊ လူမှုဖူလုံရေး ခံစားခွင့်၊ ပိတ်ရက် အနားယူခွင့်၊ လုပ်သက်ခံစားခွင့်၊ မတော်တဆ ထိခိုက်မှု ဆိုင်ရာ ခံစားခွင့်တွေ တစ်ခုမှ  သာလွန်ကောင်းမွန်တာတွေ ပိုပြီးရရှိနေတာမရှိပါဘူး။

ဒါ့အပြင် နေ့စားသမားဖြစ်ပါက နေ့စား လရှင်းပုံစံမျိုးနဲ့ လုပ်ကိုင်နေရပြီး အလုပ်သမားလို့တောင် သတ်မှတ်လို့မရနိုင်အောင် အခွင့်အရေး ဘာတစ်ခုမှ ရမနေဘဲ တရက်ကို ၅၀၀၀ ကျပ် လောက်နဲ့ မြိုသိပ်လုပ်ကိုင်နေရတာပါ။ 

မတော်တဆထိခိုက်မှုဖြစ်စေ အလုပ်လုပ်နိုင်စွမ်းမရှိတော့လောက်အောင် ကျန်းမာရေး ထိခိုက်မှုဖြစ်ပွားမယ်ဆိုရင်  နစ်နာကြေး တစုံတရာ မရှိဘဲ လူမသိ သူမသိ စက်မှုဇုန်ထဲကနေ  ကျောခိုင်း ထွက်ခွာသွားရမှာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်နေတဲ့ နိုင်ငံတကာအမှတ်တံဆိပ်တွေကို CES - Comprehensive Economic Sanctions (အလုံးစုံစီးပွားရေး ပိတ်ဆို့မှု) အနေနဲ့  ပြည်တွင်းကနေ ထွက်သွားပေးဖို့ အလုပ်သမားအရေးဆောင်ရွက်သူတွေနဲ့ အဖွဲ့အစည်းအသီးသီးက တောင်းဆို မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

ဒီတောင်းဆိုချက်တွေကြောင့်လည်း နိုင်ငံတကာအမှတ်တံဆိပ်တစ်ချို့ဟာ ပြည်တွင်းကနေ ထွက်ခွာမယ်လို့ ကြေညာတာတွေ ရှိလာပါတယ်။

ကြေညာချက်တွေနဲ့အတူ အမှန်တကယ် ထွက်ခွာသွားတာတွေရှိနေသလို ဆက်လက်လည်ပတ်နေတာတွေလည်း ရှိနေပါတယ်။ 

အခုလိုမျိုး နိုင်ငံတကာအမှတ်တံဆိပ်တွေ ပြည်တွင်းမှာဆက်လက်လည်ပတ်နေတာဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမိုဦးတည်နေတဲ့အခြေအနေ ဖြစ်နေပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြဋ္ဌာန်းပြီးဖြစ်တဲ့ဥပဒေတွေဟာ နယ်ပယ်အသီးသီးမှာ သက်ရောက်မှု အားနည်းလာသလို စက်ရုံတွေမှာလည်း လုပ်ငန်းရှင်တွေဘက်က ပုံစံအမျိုးမျိုးနဲ့ ချိုးဖောက်မှုတွေ လုပ်ဆောင်လာ ပါတယ်။ 

ဒါ့အပြင် ဥပဒေအရ ညှိနှိုင်းရမယ့်အခြေအနေတွေမှာလည်း စစ်တပ်ကိုအသုံးပြုပြီး အာဏာရှင်ဆန်ဆန် ဖြေရှင်းလာကြတာပဲ ဖြစ်ပါတယ်။

နိုင်ငံတကာအမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတဲ့ အဲဒီစက်ရုံတွေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတာတွေဟာ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ တွင်တွင်ကျယ်ကျယ် ထွက်ပေါ်တာတာကြောင့် ADIDAS၊ ZARA ၊ H&M၊ Primark၊ Uniqlo၊ JAKO ၊ Marks and Spencer (M&S) အစရှိတဲ့ အမှတ်တံဆိပ်တွေဟာလည်း ပြည်တွင်းကနေထွက်ခွာဖို့ ကြေညာတာတွေရှိလာပေမယ့် အမှန်တကယ် ထွက်ခွာမှုရှိ၊ မရှိကို မသိရတဲ့အခြေအနေဖြစ်နေပါတယ်။ 

ယခုဖော်ပြခဲ့တဲ့ အမှတ်တံဆိပ်တွေက မြန်မာနိုင်ငံ ကနေ ထွက်ခွာမယ်လို့ကြေညာထားတာရှိသလို အော်ဒါ လျှော့ချမယ်လို့ ပြောဆိုထားတာတွေလည်းရှိပါတယ်။ 

“brand တွေက ထွက်တော့မယ်ကြေညာတာ တော်တော်ကြာနေပြီ။ တစ်ချို့ဆို နှစ်ပေါက်နေပါပြီ။ ဒါပေမယ့် သူတို့တကယ် ထွက်ပြီလား။ ဆက်ရှိသေးလား။ တိတိကျကျ ထုတ်ပြန်တာမျိုးတော့ မတွေ့ရဘူး”လို့ အလုပ်သမား အရေး ဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အလုပ်ရှင်တွေကို ထိထိရောက်ရောက်ကိုင်တွယ်ဖို့ဆိုတာ ဥပဒေကိုအားကိုးဖို့ အခွင့်အလမ်းနည်းပါးနေပြီဖြစ်ပါတယ်။ 

ဥပဒေမလိုက်နာတဲ့ လုပ်ငန်းရှင်တွေရဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ကသာ ထိရောက်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်နေပါတယ်။

“brand တွေ ထွက်သွားဖို့ လုပ်တာနဲ့ ပတ်သက်ရင် သဘောထား ကွဲလွဲတာတွေက ရှိနေပါတယ်။ တချို့က အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးမှာကြောက်ကြတယ်။ ဒါပေမယ့် တွေးရမှာက လုပ်ရတာနဲ့ ပြန်ရတာ မတန်အောင် အခွင့်အရေးတွေ ချိုးဖောက်ခံရတာတွေ၊ ထိုက်သင့်တဲ့ လုပ်ခလစာမရတာတွေကိုလည်း တွေးတတ်ဖို့လိုပါတယ်။ အလုပ်လုပ်နေရပြီး ဘာမှမထူးလာတဲ့ အခြေအနေဖြစ်နေတာတွေကို မေ့ထားလို့မရဘူး။ သူတို့ကိုကိုင်တွယ်ဖို့ ပေးဆပ်ရမယ့်အရင်းအနှီးကို ကြောက်နေလို့မရဘူး။ အခုဆို ဥပဒေပါအခွင့်အရေးတောင်းဆိုလို့ ထောင်ထဲရောက်ကုန်တဲ့ အလုပ်သမားတွေလည်း ရှိနေပြီ”လို့ အခြေခံအလုပ်သမား သမဂ္ဂခေါင်းဆောင်တစ်ယောက်က သူအမြင်ကို ပြောပါတယ်။

နိုင်ငံတကာအမှတ်တံဆိပ်တွေ ပြည်တွင်းကနေ အမှန်တကယ်ထွက်ခွာသွားဖို့ တောင်းဆိုတာနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေကတော့ လက်ရှိအချိန်ထိ ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဘက်မှာလည်း အခွင့်အရေးချိုးဖောက်ခံရတာတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ့်နည်းလမ်းက အဖြေမထွက်သေးတဲ့ ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေပါတယ်။

“ကျွန်မအမြင်ကတော့ ငြိမ်မခံချင်တော့တာပဲ။ အခုဆို စက်ရုံတိုင်းမှာ အချိန်ပိုတွေ မဖြစ်မနေ ဆင်းရတယ်တို့၊ တစ်လလုံး ပိတ်ရက်မရဘူးတို့က ကြားနေရတာပဲ။ လုပ်ခလစာဆိုလည်း အတိုးပြတယ်။ (၄၈၀၀) ကနေ (၅၆၀၀) လောက် တိုးပေးပြီး ဘယ်အချိန်ထိ ဆက်ခိုင်းမလဲ။ တောင်းဆိုမှုတွေလုပ်ရင် စစ်တပ်ခေါ် ဖမ်းခိုင်းတယ်။ ကျွန်မတို့ အလုပ်သမားတွေဘဝက ဒီထက်နစ်မွန်းဖို့ပဲ ရှိတော့တယ်”လို့ နိုင်ငံတကာ အမှတ်တံဆိပ်တွေကို ပြည်တွင်းကနေ ထွက်သွားဖို့ လိုလားနေသူတစ်ဦးက ပြောပါတယ်။

ပြည်တွင်းကနေ နိုင်ငံတကာ အမှတ်တံဆိပ်တွေ တာဝန်သိစွာ  ထွက်သွားဖို့က အလုပ်ရှင်တွေအတွက် ထိရောက်တဲ့ဖိအားတွေ ဖြစ်လာဖို့ အလုပ်သမားတစ်ချို့တစ်ဝက်က မျှော်လင့်နေကြပါတယ်။ 

တစ်ချို့တစ်ဝက်ကတော့  နိုင်ငံခြားရင်းနှီးမြုပ်နှံတဲ့ လုပ်ငန်းတွေကနေ အလုပ်အကိုင်  အခွင့်အလမ်းတွေ ပျောက်ဆုံးသွားမှာ ကြောက်ရွံ့နေကြပါတယ်။ သူတို့ကတော့ targeted sanctions ကိုသာ တောင်းဆိုကြပါတယ်။

ဒါဟာ အာဏာရှင် အုပ်စိုးတဲ့ကာလတွေမှာ ကြိုးတန်းပေါ် လမ်းလျှောက်နေရတဲ့ အလုပ်သမားတွေရဲ့ဘဝတွေပဲ ဖြစ်ပါတယ်။

အဏာမသိမ်းခင်က လုပ်သားဦးရေ ၇ သိန်းခန့်ကို အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့တယ်ဆိုတဲ့ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု အထည်ချုပ်ကဏ္ဍမှာ လက်ရှိ အလုပ်သမားဦးရေ ၄ သိန်းခန့်သာကျန်တော့တယ်လို့ စာရင်းတွေအရသိရပါတယ်။

ချုပ်လုပ်ရေးလုပ်သားတွေ အဓိကပါဝင် မောင်းနှင်နေတဲ့ အထည်ချုပ်ကဏ္ဍမှာ လုပ်သားတွေက အကျိုးခံစားခွင့်ပျောက်ဆုံးလာနေတာကို တာဝန်သိ လုပ်ငန်းအမှတ်တံဆိပ်တွေအနေနဲ့ သတိထားသင့်တဲ့ အခြေအနေရောက်ရှိနေပြီဖြစ်ပါတယ်။

ဒီအခြေအနေမှာ အလုပ်သမား အခွင့်အရေးကို ဟစ်ကြွေးနေတဲ့ နိုင်ငံတကာ အမှတ်တံဆိပ်တွေရဲ့ ရပ်တည်ချက် က လက်ရှိအခြေအနေထက် ပိုမိုပြတ်သားဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။ 

ထုတ်ပြန်ချက်တွေ၊ အသိပေးစာတွေ ထုတ်ပြန်နေရုံနဲ့ မလုံလောက်နိုင်တဲ့ အခြေအနေမှာ ပိုမိုသေချာတဲ့လုပ်ရပ်တွေကို အကောင် အထည်ဖော်ဆောင်ရွက် ပေးဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
အကျဉ်းစံတို့ရဲ့ ဘဝများ
May 15, 2024
Cover
အရွယ်ကောင်းအမျိုးသားတွေရဲ့ ဘဝကို ချုပ်ကိုင်ချယ်လှယ်လာတဲ့ စစ်ကောင်စီ
May 08, 2024
Cover
ချောက်ရေနံမြေက အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အခြေအနေများ
May 07, 2024
Cover
နေ့စားခ ကျပ်တစ်သောင်း လွန်ဆွဲပွဲ
May 06, 2024
Cover
"ဒီလောက်ထိ ဒုက္ခတွေကို  ကြံ့ကြံခံနေနိုင်တဲ့အတွက် အလုပ်သမားတွေကို အံ့လဲ ဩတယ် ဂုဏ်လဲယူပါတယ်"
May 05, 2024
Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024