NEWS

တိုင်းနှင့်ပြည်နယ် ၅ ခုမှာ ရာသီဥတုပိုပူလာနိုင်

CoverLogo
165 Views

နေပြည်တော် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း မန္တလေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှာ နောက်နှစ်ရက်အတွင်း နေ့အပူချိန်တွေတိုးလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။ 

လွန်ခဲ့သော ၂၄ နာရီအတွင်း ရှမ်းပြည်နယ်အပါအဝင် ပြည်နယ်နှင့်တိုင်းအချို့မှာ မိုးအနည်းငယ်ရွာသွန်းခဲ့ပြီး နေ့အပူချိန်တွေ ကတော့ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် အမြင့်ဆုံး ၅ ဒီဂရီဆဲစီးယပ်စ် အထိ မြင့်တက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်း အောက်ပိုင်းတွင် ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီဆဲစီးယပ်စ် စစ်ကိုင်းတိုင်းအထက်ပိုင်း မန္တလေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး တနင်္သာရီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီဆဲစီးယပ်စ် မှ ၄ ဒီဂရီဆဲစီးယပ်စ်အထိ ပိုမိုပူပြင်းခဲ့တယ်လို့ ဆိုပါတယ်။

ကျန်တိုင်းနဲ့ပြည်နယ်တွေဖြစ်တဲ့ ‌နေပြည်တော် ပဲခူးတိုင်းဒေသကြီး ဧရာဝတီတိုင်းဒေသကြီး ကချင်ပြည်နယ် ရှမ်းပြည်နယ် အရှေ့ပိုင်း ချင်းပြည်နယ် ရခိုင်ပြည်နယ် ကယားပြည်နယ် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီဆဲစီးယပ်စ် ပိုခဲ့ပြီး ကျန်ဒေသတွေမှာ ပျမ်းမျှအပူချိန်ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

"ပူတာက မနှစ်ကထက်ပိုပူတယ်လို့ ခံစားရတယ် အသက်ကြီးတဲ့သူတွေဆို နေစရာကိုမရှိဘူး မီးမလာတဲ့ အချိန်တွေဆိုရင် ပိုဆိုးတယ် သေမတတ်ပဲ အရမ်းပူတယ် အပြင်ကိုမလိုအပ်ဘဲ မထွက်ချင်ဘူး အလုပ်ကိစ္စရှိတော့လဲ သွားကြရတာပဲ "လို့ အပူချိန်မြင့်မားမှုကို သိသိသာသာ ခံစားနေရတဲ့ ရန်ကုန်တိုင်းဒေသကြီးက ပြည်သူတဦးက မှတ်ချက်ပြုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့မှာလည်း မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ်မှာ စားသုံးဆီတန်းစီနေတဲ့ အမျိုးသားတဦး ကိုယ်အပူချိန်မြင့်ပြီး မူးလဲမှုဖြစ်ပွားခဲ့တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ထူးခြားတဲ့နေ့အပူချိန်တွေအနေနဲ့ မနေ့က ဧပြီ ၂၄ ရက်နေ့မှာ မကွေးတိုင်းဒေသကြီးရှိ ချောက်မြို့တွင် ၄၆.၂ ဒီဂရီဆဲစီးယပ်စ် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၄၅.၅ ဒီဂရီဆဲစီးယပ်စ်၊ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့တွင် ၄၅ ဒီဂရီဆဲစီးယပ်စ် မကွေးတိုင်းဒေသကြီး ဂန့်ဂေါ မြို့ တွင် ၄၄.၆ ဒီဂရီဆဲစီးယပ်စ် ညောင်ဦးမြို့တွင် ၄၄.၅ ဒီဂရီဆဲလ်စီးယပ်၊ မုံရွာမြို့တွင် ၄၄.၃ ဒီဂရီဆဲလ်စီးယပ်၊ ရွှေဘိုမြို့တွင် ၄၄.၀ ဒီဂရီဆဲလ်စီးယပ်၊ ဆင်ဖြူကျွန်းမြို့တွင် ၄၃.၉ ဒီဂရီဆဲလ်စီးယပ်၊ တံတားဦး(လေကြောင်းမိုးလေဝသ)နှင့် ပခုက္ကူမြို့တို့တွင် ၄၃.၅ ဒီဂရီဆဲလ်စီးယပ်စီ အထိ အသီးသီးပူပြင်းခဲ့တယ်လို့ မိုးဇလက ယနေ့ ထုတ်ပြန်ပါတယ်။

အခုလို အပူချိန်မြင့်မားမှုတွေအနက် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မကွေးတိုင်းဒေသကြီး ချောက်မြို့အပူချိန်ဟာ ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းမှာ နံပတ် ၄ ချိတ်ခဲ့တယ်လို့ ဧပြီလ ၂၅ ရက်နေ့ ကမ္ဘာ့မိုးလေသဌာနတွေရဲ့ အပူချိန်တိုင်းထွာချက်တွေအရသိရပါတယ်။

ဆက်လက်ပြီးတော့လဲ မြန်မာနိုင်ငံက မကွေးတိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသကြီး မန္တလေးတိုင်း ဒေသကြီး နေပြည်တော်နဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ အပူချိန်တွေမြင့်တက်လာနိုင်သေးတယ်လို့ မိုးလေဝသ ခန့်မှန်းသူဦးဝင်းနိုင်ရဲ့ mmweather.org မှာလည်း ဖော်ပြထားပါတယ်။


Related posts

Cover
ဧပြီလအတွင်း တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် နေ့အပူချိန်မြင့်တက်လာနိုင်၊ စက်ရုံ အလုပ်ရုံလုပ်ငန်းခွင်အတွင်း အပူဒဏ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားရန်လိုအပ်
Apr 22, 2024
Cover
ငလျင်ဗဟုသုတနိုးကြားမှုက အားနည်းနေပါသေးတယ်။ Interview with Myanmar Labour News
Jul 10, 2022