ယခု နိုဝင်ဘာလ တတိယ ၁၀ရက် ပတ်အတွင်း အချိန်အခါမဟုတ်မိုးရွာခြင်း အအေးပိုခြင်း စတဲ့ လာနီညာ ဖြစ်စဉ် တွေ ဖြစ်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နိုဝင်ဘာ၂၀ ရက် မှာ အသိပေး ထုတ်ပြန် ထားပါတယ်။
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ် ရေမျက်နှာပြင်အပူချိန်နဲ့ လေထုဖြစ်စဉ်များဟာ အားအနည်းငယ်ရှိတဲ့ လာနီညာအခြေ အနေသို့ ရောက်ရှိနေတယ်လို့ဆိုပါတယ်။
နိုင်ငံတကာ မိုးလေဝသဌာနများရဲ့ သင်္ချာပုံစံပြုမော်ဒယ်လ်များ ခန့်မှန်းချက်အရ နိုဝင်ဘာလ တတိယ (၁၀)ရက်ပတ်အတွင်း အားအနည်းငယ်ရှိတဲ့ လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်တယ်လို့ ဟု ခန့်မှန်းကြောင်း ထုတ်ပြန်ထားပါတယ်။
ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တဲ့ ဖြစ်စဉ် ဖြစ်ပေမယ့် ၎င်း လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှု ဟာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဒေသအချို့တွင် ညအပူချိန်များ လျော့နည်းနိုင်ခြင်းနဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်တွေ ပိုမိုဖြစ်ပေါ်လာခြင်း စတဲ့ ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိတယ်လို့ အသိပေးထားပါတယ်။
ဒါကြောင့်လာနီညာဖြစ်ပေါ်မှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေ ကို အချိန်နဲ့ တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေး ထားပါတယ်။









