ARTICLE

ငွေပုံပေး၍ ကျွန်လမ်းခင်းနေရသူများ

CoverLogo
442 Views

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်ပနိုင်ငံတွေကို လုပ်သားစေလွှတ်တဲ့ဈေးကွက်ဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့  လည်ပတ်လာပြီးတော့ လိုင်စင်ရအေဂျင်စီအရေအတွက်ဟာလည်း နှစ်ဆကျော် တိုးလာခဲ့ပါတယ်။

အရင်က ပြည်ပလုပ်သားစေလွှတ်တဲ့ လိုင်စင်ရအေဂျင်စီအရေအတွက်ဟာ နှစ်ရာမပြည့်ခဲ့ပေမယ့် လက်ရှိချိန်မှာ တော့ (၄၅၅)ခု အထိ တိုးလာတာ ဖြစ်ပါတယ်။ 

ဒီအရေအတွက်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကျမှ တိုးလာတဲ့ ကိန်းဂဏန်းဖြစ်တယ်လို့ အေဂျင်စီအသိုင်းအဝိုင်းကနေ သိရပါတယ်။

ပြည်ပကို လုပ်သားစေလွှတ်လိုသူတွေနဲ့ လိုင်စင်သစ် လျှောက်ထားလိုသူတွေဟာ အာမခံစပေါ်ငွေ ကျပ်သိန်း (၂၅၀)နဲ့ မရွှေ့ပြောင်းနိုင်တဲ့ အာမခံပိုင်ဆိုင်မှု ကျပ်သိန်း (၁၀၀၀) ပြနိုင်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ 

ဒီပမာဏဟာ ငွေကြေးတတ်နိုင်တဲ့သူတွေနဲ့ အုပ်စုဖွဲ့လိမ်လည်နေတဲ့ပွဲစားတွေအတွက် ဆူလွယ်နပ်လွယ်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုပါပဲ။

“လိုင်စင်ယူတဲ့အထဲမှာ စစ်တပ်ဖက်နဲ့ ဆက်နွယ်တဲ့ အငြိမ်းစားတွေပါတယ်။ နောက်စီးပွားရေး လုပ်ငန်းလုပ်နေတဲ့ သူတွေလည်း ပါတယ်။ ကုန်ကုန်ပြောရရင် လိမ်စားနေတဲ့ပွဲစားတွေက လိုင်စင်ယူနေတာတွေတောင်ရှိတယ်”လို့ ထိုင်းနိုင်ငံကို လုပ်သားစေလွှတ်နေတဲ့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာတာ၊ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာတာနဲ့ မိသားစုစားဝတ်နေရေးခက်ခဲတာတွေကြောင့် ပြည်ပနိုင်ငံတွေမှာ အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေတဲ့လူငယ်အရေအတွက်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သိသိသာသာများလာတာဖြစ်ပါတယ်။ 

ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ငွေကြေးလိမ်လည်တောင်းခံတာတွေကလည်း နေ့စဉ်နဲ့အမျှ တိုးနေတာပဲ ဖြစ်ပါတယ်။

လိမ်လည်တာတွေ လုပ်ဆောင်ရာမှာ Demand letter(အလုပ်ခေါ်စာ) အတုတွေနဲ့ လုပ်သားစု‌ဆောင်းတာ၊ သင်တန်းတက်ဖို့အကြောင်းပြပြီး ငွေကြေးကြိုတင်တောင်းခံတာ၊ ဆေးစစ်တာတွေ ကြိုလုပ်ခိုင်းတာ၊ အလုပ်သမားတွေရဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းထားတာနဲ့ ဝန်ဆောင်ခကြိုတင် ကောက်ခံတာတွေ လုပ်နေတာပါ။

အာဏာမသိမ်းခင် ကာလတွေက ဝန်ဆောင်ခ ပိုမိုကောက်ခံတာတွေ၊ ငွေကြေး လိမ်လည်ခံရတာတွေကို မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) ရုံးမှာ ညှိနှိုင်းပေးတာတွေ လုပ်ဆောင်နေပေမယ့် လက်ရှိမှာတော့ ဒီလိုညှိနှိုင်းတာတွေလည်း အရင်လိုအားမကောင်းတော့ဘူးလို့ အေဂျင်စီလုပ်ငန်း လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

လိမ်လည်မှုတွေနဲ့ပတ်သက်ပြီး တိုင်ကြားချက်တွေများလာတာကြောင့် စစ်ကောင်စီရဲ့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ၂၀၂၃ခုနှစ် ဇွန်လ (၁၅) ရက်မှာ အေဂျင်စီတိုင်း လိုက်နာရမယ့်အချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။  

ထုတ်ပြန်ရာမှာ အေဂျင်စီတွေအနေနဲ့ နိုင်ငံအလိုက် အလုပ်ရှင်တွေ လက်မှတ်ရေးထိုးပေးပို့လာတဲ့ employment contract တွေကို နီးစပ်ရာ မြို့နယ် အလုပ်သမား ညွှန်ကြားရေးရုံးတွေမှာ အေဂျင်စီနဲ့ အလုပ်သမားတွေ တစ်ဦးချင်း စာချုပ်ချုပ်ဖို့၊ အလုပ်သမား သံအရာရှိ ထောက်ခံပြီးတဲ့ demand letter တွေကို သက်ဆိုင်ရာ နိုင်ငံအလိုက် မြန်မာသံရုံးက စိစစ်ပြီးအကြောင်းပြန်မှ၊ ဦးစီးဌာန(ရုံးချုပ်)က စေလွှတ်ရေးလုပ်ငန်းစဉ် စတင်နိုင်ကြောင်း အကြောင်းကြားစာရမှသာ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ချုပ်ဆိုဖို့၊ မြို့နယ်ရုံးတွေမှာ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ချုပ်ဆိုရာမှာ ဦးစီးဌာနရဲ့ ခွင့်ပြုစာ၊ demand letter၊ ပတ်စပို့ (မူရင်း၊မိတ္တူ)၊ နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေ ယူဆောင်လာဖို့ စတာတွေ ပါဝင်လာတာပဲ ဖြစ်ပါတယ်။

ဒီအချက်တွေဟာ ထိုင်းနိုင်ငံကို လုပ်သားစေလွှတ်တဲ့ လုပ်ငန်းစဉ်ကိုတော့ သက်ရောက်မှု မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်တွေ့မှာတော့ ဒီထုတ်ပြန်ချက်တွေကြောင့် မြေပြင်မှာဖြစ်ပေါ်နေတဲ့ လိမ်လည်မှုတွေ လျှော့ချနိုင်မှု ရှိ၊ မရှိ မသိရပေမယ့် ပြည်ပမှာသွားရောက်လုပ်ကိုင်လိုသူတွေကတော့  ဝန်ဆောင်ခ ပိုမိုပေးချေနေကြရပါတယ်။ ငွေကြေးလိမ်လည်ခံနေရတာနဲ့ ပွဲစားတွေက ငွေလိမ်ပြေးတာတွေကလည်း လူမှုကွန်ရက်စာမျက်နှာထက်မှာ တွင်တွင်ကျယ်ကျယ်ထွက်ပေါ်နေဆဲဖြစ်ပေမယ့် အရေးယူမှုတွေကတော့ အားရစရာ မတွေ့ရပါဘူး။

စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့စာရင်းဇယားတွေအရလည်း (၂၀၂၁)ခုနှစ်ကနေ (၂၀၂၃)ခုနှစ် ဇူလိုင်လလယ်အထိ ကာလတွင်း ပြည်ပလုပ်သား စေလွှတ်ခွင့် ရာသက်ပန်ပိတ်သိမ်းခံရတဲ့ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ (၄)ခုသာ ရှိတယ်လို့ ဖော်ပြထားပါတယ်။

(၂၀၂၁) ခုနှစ်နဲ့ (၂၀၂၂)ခုနှစ်ထဲမှာ (၁)ခုစီနဲ့ (၂၀၂၃)ခုနှစ်ထဲမှာ (၂)ခုပဲ ရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၂နှစ်ကုန်ပိုင်းကနေ ၂၀၂၃ မတ်လထိ ယာယီလိုင်စင်ပိတ်သိမ်းခံထားရတဲ့ အေဂျင်စီအရေအတွက်လည်း (၈)ခုသာ ရှိနေတာဖြစ်ပါတယ်။ ဒါဟာ လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ လိမ်လည်မှုတွေကို အရေးယူထားတဲ့ သတင်းထုတ်ပြန်ချက်တွေပဲ ဖြစ်ပါတယ်။

ပြည်သူ့အစိုးရလက်ထက်၊ ပြည်ပကို သွားရောက်လုပ်သူတွေမပေါများသေးချိန် (၂၀၁၄)ခုနှစ်ကနေ (၂၀၂၀)ခုနှစ်အတွင်းမှာ ငွေကြေးလိမ်လည်မှုကြောင့် ပိတ်သိမ်းခံရတဲ့ အေဂျင်စီအရေအတွက်ဟာ အခု(၂၀)လောက် ရှိခဲ့တာပါ။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လတ်တလောဖြစ်ပေါ်နေတဲ့လိမ်လည်မှုတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဘူးဆိုတာကို အရေးယူခံရတဲ့ အေဂျင်စီအရေအတွက်က ပြသနေပါတယ်။ 

နည်းမျိုးစုံနဲ့ခေါင်းပုံဖြတ် အမြတ်ကြီးစားနေတဲ့ အေဂျင်စီလောကကြီးမှာ မှန်မှန်ကန်ကန် လုပ်ကိုင်နေတဲ့ အေဂျင်စီ အရေအတွက်ဟာ လက်ချိုးရေလို့ရမယ့် အခြေအနေဖြစ်နေတယ်လို့ လုပ်ငန်းလုပ်ကိုင်သူတွေကလည်း ဆိုပါတယ်။ 

“အခုကလေ ဦးလေးတို့က မှန်မှန်ကန်ကန်လေး လုပ်ချင်ရင်တောင် အများတန်းတူ မလုပ်ရင် ဈေးကွက်ဖျက်တယ် လို့ အပြောခံနေရတယ်။ အခုက ထွက်ချင်တဲ့သူများလေ လိမ်ချင်တဲ့သူတွေနဲ့ ငွေပိုလိုချင်တဲ့သူတွေ အကြိုက်တွေ့လေ ဖြစ်နေတာ။ အလိမ်ခံရလို့ တိုင်ရင်လည်း မထူးဘူးလေ။ လိမ်တဲ့ကောင်က အထဲဝင်မယ်ဆိုတာချည်းပဲ ဖြစ်နေတာ။ ထောင်ထဲဝင်လိုက်ရင် နည်းနည်းပါးပါးပေးလိုက်ရင် သက်သက်သာသာ နေရမယ်။ ခဏနဲ့ ပြန်ထွက်လို့ရတယ်။ အဲဒီတော့ သိန်းကိုသောင်းနဲ့ချီပြီးလိမ်တယ်။ ငွေပြန်မအမ်းဘူး ထောင်ထဲဝင်မယ်။ ဖြစ်ကုန်တယ်”လို့ ဂျပန်နိုင်ငံကို လုပ်သားစေလွှတ်နေတဲ့ အေဂျင်စီ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်အာဏာမသိမ်းခင်ကာလတွေကတည်းက ပြည်ပလုပ်သားဈေးကွက်မှာ ငွေကြေးလိမ်လည်တာတွေ၊ သတ်မှတ်ဝန်ဆောင်ခထက် ပိုမိုကောက်ခံတာတွေ ရှိနေတာပါ။

ဒါပေမယ့် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်နဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့တွေ ပူးပေါင်းပြီး ညှိနှိုင်းမှုတွေ လုပ်ဆောင်တာ၊ အရေးယူဖို့တွေ တွန်းအားပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

ဒီအခြေအနေဟာ အလုပ်သမားထု အတွက် ထိရောက်တဲ့ အကာအကွယ်တစ်ခုဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဌာနဆိုင်ရာတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေဟာလည်း အားနည်းလာသလို အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေဟာလည်း ပြည်တွင်းကနေ ထွက်ပြေး တိမ်းရှောင်ရတာတွေ၊ ပုန်းရှောင်နေရတာတွေ ရှိနေတာပါ။ ဒါဟာ လိမ်လည်လိုသူတွေ အကြိုက်တွေ့နေတဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။

“အရင်တုန်းက ငွေပိုတောင်းတယ်ဆိုတာ ထိုင်းသွားမယ့်သူကို ခြောက်သိန်း၊ ခုနှစ်သိန်းလောက် တောင်းတာ။ အခုကျ မြန်မာငွေ တန်ဖိုးမရှိတာပါပေါင်းပြီး ထိုင်းသွားချင်တဲ့သူတောင် သိန်းငါးဆယ်လောက် ကုန်နေတာ ဖြစ်နေပြီ”လို့ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းရေးဖြစ်စဉ်တွေမှာ ပါဝင်ခဲ့ဖူးတဲ့ ကိုမင်းမင်း (အမည်လွှဲ)က ပြောပါတယ်။

ဒီလိုအခြေအနေမှာ ပြည်ပကိုသွားရောက်လုပ်ကိုင်လိုသူတိုင်းက သတ်မှတ်ဝန်ဆောင်ခထက် ပိုမိုကုန်ကျနေတာ ဟာ ပုံမှန်အခြေအနေလို ဖြစ်နေပြီးတော့ လိမ်လည်ခံရသူတွေအတွက် အကာအကွယ်ပေးမယ့်သူတွေလည်း ပျောက်ဆုံးနေပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ အလုပ်သမား ဝန်ကြီးဌာနကလည်း ဒီအခြေအနေတွေကို လစ်လျူရှုပြီး လုပ်ပိုင်ခွင့်ကိုအသုံးချလို့ ငွေကြေးရယူဖို့သာကြိုးစားနေတာပါ။ 

လုပ်သားစေလွှတ်ခွင့်လိုင်စင်တွေကို အလွယ်တကူ ထုတ်ပေးနေပေမယ့် လုပ်ထုံးလုပ်နည်းနဲ့ ကြပ်မတ်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ကိုတော့ အားစိုက်မှု မရှိသေးပါဘူး။ 

"တောမီးလောင် တောကြောင်လက်ခမောင်းခတ်"ဆိုသလိုပဲ အဖက်ဖက်က ဆိုးရွားနိမ့်ဆင်း လာတဲ့ အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာ ပြည်ပမှာ အလုပ်သွားလုပ်ချင်တဲ့သူတွေဟာ ငွေတွေအပုံလိုက်ပေးပြီး ကျွန်လမ်းခင်းနေရသလို ဖြစ်နေပါပြီ။ 

“ဒီမှာ လုပ်ကိုင်စားသောက်လို့ မရလို့သာ ပြည်ပထွက်ဖို့ လုပ်နေရတာ။ တစ်ဖက်နိုင်ငံမှာ ကျွန်ခံဖို့ ဒီဘက်မှာ ငွေတွေပုံပေးနေရတာက ရင်နာစရာကြီး”ဆိုတဲ့ ထိုင်းနိုင်ငံကို သွားရောက်နိုင်ဖို့ ကြိုးစားနေသူတစ်ဦးရဲ့ စကားသံက ပျက်သုဉ်းနေတဲ့ ခေတ်စနစ်ရဲ့ အခြေအနေကို  ဖော်ပြနေပါတယ်။
#MyanmarLabourNews 


Related posts

Cover
ချောက်ရေနံမြေက အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အခြေအနေများ
May 07, 2024
Cover
နေ့စားခ ကျပ်တစ်သောင်း လွန်ဆွဲပွဲ
May 06, 2024
Cover
"ဒီလောက်ထိ ဒုက္ခတွေကို  ကြံ့ကြံခံနေနိုင်တဲ့အတွက် အလုပ်သမားတွေကို အံ့လဲ ဩတယ် ဂုဏ်လဲယူပါတယ်"
May 05, 2024
Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024
Cover
ပြာပုံထဲမှာပြန်လည် ရှာဖွေခဲ့ရတဲ့ တရားမျှတမှုခြေရာများ
Jan 12, 2024
Cover
ရွှေ့ပြောင်းလုပ်သားတွေအတွက် NUG အစိုးရ ရပ်တည်ပေးမှုအပေါ် အလုပ်သမားအရေးလှုပ်ရှားသူများဝေဖန်
Dec 25, 2023