NEWS

ချောက်ရေနံမြေက အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အခြေအနေများ

CoverLogo
143 Views

ချောက်ရေနံမြေဒေသဟာ ၁၃၀၀ ပြည့်အရေးတော်ပုံကြီး ကြောင့် လူသိများတဲ့ ဒေသတခုဖြစ်ပါတယ်။ သို့ပေမဲ့ ရေနံမြေအရေးတော်ပုံ စိန်ရတုကာလကျော်လွန်ပြီး ရာပြည့်နှစ်များဆီ နီးကပ်လာသည့်တိုင်အောင် အလုပ်သမားအခွင့်အရေးချိုးဖောက် မှုများမှာ ကြောက်ခမန်းလိလိမြင့်တက်နေဆဲဖြစ်ပါတယ်။ ဒီအချက်တွေကတော့ ဝမ်းနည်းစရာပါ။

အခုလို ဖြစ်ပေါ်နေတဲ့ အခြေအနေတွေရဲ့ နောက်ခံအကြောင်းအရင်းတွေကတော့ 
၁ နိုင်ငံရေး မတည်ငြိမ်ခြင်း
၂ အလုပ်အကိုင် ရှားပါးခြင်း
၃ ဗဟုသုတ နည်းပါးခြင်း
၄ ရှေးရိုးစွဲအယူအဆများ လွှမ်းမိုးခြင်းတို့ကြောင့် ဖြစ်ရကြောင်း လေ့လာသုံးသပ်မိပါတယ်။

၁ နိုင်ငံရေးမတည်ငြိမ်ခြင်း 

လက်ရှိမှာ နိုင်ငံတွင်း ဖြစ်ပေါ်လျှက်ရှိသော အနေအထားများအရ ဂုတ်သွေးစုပ်တတ်သော အလုပ်ရှင်များအတွက် အခွင့်ကောင်းရနေသော ကာလများလည်းဖြစ်ပါတယ်။ လွန်ခဲ့သောနှစ်များဆီက အရပ်သားအစိုးရအုပ်ချုပ်သောကာလများ တွင် အလုပ်သမားသမဂ္ဂများနှင့် အခြားအကူအညီပေးသော အဖွဲ့အစည်းများ အထိုက်အလျှောက် အင်အားကောင်းသဖြင့် အလုပ်ရှင်များအနေဖြင့် ဆိုးဆိုးရွားရွားဖိနှိပ်ခြင်းများ မလုပ်ရဲကြပါ။ ယနေ့အချိန်တွင်မူ စစ်ကောင်စီနှင့် လုပ်ငန်းရှင်များပူးပေါင်းကာ ဖိနှိပ်သဖြင့် အခွင့်အရေးချိုးဖောက်ခံရခြင်းများ အဆမတန်မြင့်တက်လာပါတော့တယ်။

၂ အလုပ်အကိုင်ရှားပါးခြင်း

ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အလုပ်အကိုင်အခွင့်အလမ်းများရှားပါးလျက်ရှိပြီး ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးများတွင်ငသာ အလုပ်အကိုင်များထိုက်သင့်သလောက်ရှိသော်လည်း (ခ) အဆင့် (ဂ) အဆင့်မြို့နယ်များတွင် အလုပ်အကိုင်တွေ တော်တော်လေးရှားပါးပါတယ်။ 

နိုင်ငံအခြေအနေအရ စက်မှု လက်မှု အသေးစားအလတ်စားလုပ်ငန်းများ မှာ မတွင်ကျယ်လှသေးပါ၊ နယ်မြို့တွေမှာဆိုလျင် အစိုးရဌာနများ နိုင်ငံခြားကုမ္ပဏီများမှာ အနည်းငယ်သာရှိသဖြင့် လုပ်သားအင်အားနှင့် အချိုးအစားမမျှပေ။ ထိုအချက်ကြောင့် လူငယ် လူရွယ်အများစု မှာ ဈေးဆိုင် စားသောက်ဆိုင် ပွဲရုံများတွင် အဓိက အလုပ်လုပ်ကိုင်ကြရပါတယ်။ ထိုနေရာမှာ လုပ်အားခေါင်းပုံဖြတ်လိုသော ငွေရှင်ကြေးရှင်များ အကြိုက်ပင်ဖြစ်လျှက်ရှိပါတယ်။ အချို့အလုပ်သမားတွေ အနေဖြင့် မတရားမှန်းသိသော်လည်း စားဝတ်နေရေးကြောင့် ကြိတ်မှိတ် သည်းခံကာလုပ်ကိုင်ကြရပါတယ်။

၃ ဗဟုသုတနည်းခြင်း

နိုင်ငံရဲ့ ပညာရေးစနစ်ကြောင့် သော်လည်းကောင်း နယ်မြို့လေးများရဲ့ ဖွံ့ဖြိုးမှု အားနည်းခြင်းကြောင့် သော်လည်း ကောင်း အခြေခံလူတန်းစားများမှာ မိမိတို့ ရပိုင်ခွင့်များ ကို သိရှိသူနည်းပါးကြပါတယ်။ အခြေခံလုပ်ခလစာများ ခံစားခွင့်များ လူမှုဖူလုံရေးခံစားခွင့်များနှင့် အခြားသောရပိုင်ခွင့်များ မသိရှိကြသလို အဆိုပါ အခွင့်အရေးများချိုးဖောက်ခံရလျင်လည်း တိုင်ကြားရမယ့် နေရာ ဌာနများကို သိရှိခြင်းမရှိကြဘဲ တိုင်ကြားရကောင်းမှန်းပင်မသိကြသေးပါ။

၄ ရှေးရိုးစွဲ အယူအဆများလွှမ်းမိုးခြင်း 

ဒီအချက်က အထက်ဖော်ပြပါအချက်များနှင့် အပြန်အလှန်ချိတ်ဆက်နေပါတယ်။ ဖွံ့ဖြိုးမှုအားနည်းသော ဒေသများတွင် ရှေးရိုးစွဲဝါဒီများ ကြီးစိုးမှု များပြားလျက်ရှိပါတယ်။ ထင်ရှားတဲ့အချက်အနေနဲ့ အတွေးအခေါ်သစ်များ စိန်ခေါ်မှုအသစ်များ ပြုပြင်ပြောင်းလဲမှုများ ကို လက်သင့်မခံနိုင်ခြင်းပင် ဖြစ်ပါတယ်။ ထို့ကြောင့် မျက်စိပိတ် နားပိတ်ဖြစ်ပြီး မတရားမှုကို မတရားမှုမှန်း မသိနိုင်တော့ပဲ တွန်းလှန်ရန် မစဉ်းစားတော့ဘဲ "မလုပ်၊ မရှုပ်၊ မပြုတ်" မူဝါဒကို လက်ကိုင်ထားပြီး ခေါင်းငုံ့ခံတတ်ကြပါတယ်။ ယင်းအချက်သည်လည်း ဂုတ်သွေးစုပ်လိုသူတို့အကြိုက် တွေ့သော အရာပင်ဖြစ်ပါတယ်။

အထက်ပါ အချက်များကို ဥပမာအနေဖြင့် ပြရသော် အလုပ်သမားတယောက်၏ အခြေခံ လုပ်ခလစာ ၁၄၈၀၀၀ ဖြစ်သော်လည်း ၇၀၀၀၀ ကျပ်၊ ၈၀၀၀၀ ကျပ်ဖြင့် သာ လုပ်ကိုင်နေရခြင်း ထိုလစာဖြင့် လုပ်ကိုင်ရခြင်းမှာ တရက် အလုပ်ချိန် ၈ နာရီ သာ လုပ်ရခြင်းမျိုးမဟုတ်ဘဲ တရက်လျင် ၁၁ နာရီ ၁၂ နာရီအထိ လုပ်ကိုင်ကြရပါတယ်။ ဒါတင်မကသေး ။ ပိတ်ရက်လုံးဝမရှိဘဲ လုပ်ကိုင်ကြရခြင်းဖြစ်ကြောင်း အံဩစရာတွေ့မြင်ရပါတယ်?

ဒါ့အပြင် အကြောင်းကိစ္စတခုခုကြောင့် ခွင့်ယူမယ်ဆိုပါက မတန်တဆ လစာဖြတ်တောက်ခံရပြီး အလုပ်ထုတ်ခြင်းတွေလည်းခံရပါသေးတယ်။

အလုပ်သမားတွေအနေနဲ့ ခံစားခွင့်လုံးဝမရှိသေးဘဲ အလွန်နည်းပါးသော လုပ်ခ ပမာဏဖြင့် လုပ်ကိုင်ကြရသော်လည်း အရေးယူခံရမည့် အပိုင်းများတွင် ပြင်းပြင်းထန်ထန်အရေးယူခံကြရပါတယ်။ အချို့အလုပ်ရှင်များမှာ အမျိုးသမီးအလုပ်သမများကို မစာမနာ ပြောဆို လုပ်ကိုင်မှုတွေလည်းရှိနေတာပါ။ မိသားစုကိစ္စ  ကျန်းမာရေးကိစ္စစတဲ့ မဖြစ်မနေ ခွင့်ယူရတဲ့အခါမျိုးတွေမှာတော့ တရက်လုပ်ခ ပမာဏ၏ နှစ်ဆ သုံးဆ ကို ဖြတ်တောက်ယူလေ့ရှိကြပါတယ်။

စိတ်မထင်လျင်မထင်သလို အလုပ်ဖြုတ်ပစ်တတ်ကြပါတယ်။

ထိုသို့ လုပ်အားခ ခေါင်းပုံဖြတ် အမြတ်ထုတ် ဂုတ်သွေးစုပ်သူများမှာ ဘာသာ‌ရေး နှင့်လူမှုရေး ကိစ္စများတွင် ငွေပမာဏအများအပြားကို အပြိုင်အဆိုင် လှူဒါန်းကြပြီး အလှူ့ရှင် အမည်ခံ ခံလေ့ရှိကြပါတယ်။ လူအများကလည်း ထိုအချက်ကိုသာကြည့်ကာ လေးစားကြည်ညိုကြပြီး ထိုလူများ၏ မတရားမှုများ အပေါ်တွင် လျစ်လျူရှု့ခဲ့ကြပါတယ်။

အချုပ်အားဖြင့်ဆိုရသော် နိုင်ငံမှာ အဖက်ဖက်က ယိုယွင်းပျက်စီးမှုများကြောင့် နှင့် ဖွံ့ဖြိုးရေး နိမ့်ကျမှုများကြောင့် အထက်ပါကဲ့သို့ လွှဲချော်မှုများ ဖြစ်ရကြောင်း သုံးသပ်ရပါတယ်။ အထက်ပါ ကဲ့သို့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများကို အကာအကွယ်ပေးရန် အသိပညာများမျှဝေခြင်း ကူညီဆောင်ရွက်ပေးမည့် ပုဂ္ဂိုလ်များ အဖွဲ့အစည်းများ အား ပံ့ပိုးပေးခြင်း ပြစ်မှုကျူးလွန်သူများကို စံနမူနာအဖြစ် အရေးယူခြင်း များ ပြုလုပ်ရန် လိုအပ်ပါတယ်။လူသားတိုင်းတွင် ရှိသော မွေးရာပါ လူ့အခွင့်အရေး ရပိုင်ခွင့်များကို အားလုံးသိရှိပြီး လေးစားတန်ဖိုးထားတတ်စေရန် ရည်ရွယ်ကာ ရေးသားအပ်ပါတယ်။


Related posts

Cover
အကျဉ်းစံတို့ရဲ့ ဘဝများ
May 15, 2024
Cover
အရွယ်ကောင်းအမျိုးသားတွေရဲ့ ဘဝကို ချုပ်ကိုင်ချယ်လှယ်လာတဲ့ စစ်ကောင်စီ
May 08, 2024
Cover
နေ့စားခ ကျပ်တစ်သောင်း လွန်ဆွဲပွဲ
May 06, 2024
Cover
"ဒီလောက်ထိ ဒုက္ခတွေကို  ကြံ့ကြံခံနေနိုင်တဲ့အတွက် အလုပ်သမားတွေကို အံ့လဲ ဩတယ် ဂုဏ်လဲယူပါတယ်"
May 05, 2024
Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024
Cover
ပြာပုံထဲမှာပြန်လည် ရှာဖွေခဲ့ရတဲ့ တရားမျှတမှုခြေရာများ
Jan 12, 2024