ARTICLE

ကျီးလန့်စာ စား၊ ကျောမလုံသည့် အထည်ချုပ် အလုပ်သမားများ

CoverLogo
523 Views

မနက်အစော ကြားနေကြဖြစ်တဲ့ ပဲပြုတ်သည် အသံပျောက်သွားတော့ ကိုချစ်ဖူး တစ်ယောက် အိပ်ယာထဲကနေ ထ လိုက်ပါ တယ်။ 

 

မနက် ပုံမှန်အတိုင်း ပြုလုပ်နေကြ ကိုယ်လက် သန့်စင် ရေချိုး၊ ဘုရားစင်ဦးချပြီး အမေဖြစ်သူ ပြင်ဆင် ပေးထားတဲ့ ဟင်းအကျန်နဲ့ နယ်ထားတဲ့ ထမင်းကို ထည့်စားလိုက်ပါတယ်။

 

“သူတို့ ဒီအချိန်ဆို ဒီလိုတောင် စားရပါ့မလား” ဆိုပြီး တွေးမိနေ ပါတယ်။

 

သူတို့ ဆိုတာက ကိုချစ်ဖူး အလုပ်လုပ်ကိုင်တဲ့ စက်ရုံက ဖမ်းဆီး ခံထားရတဲ့ အလုပ်သမား ကိုယ်စားလှယ် နှစ်ဦး ကိုပါ။ 

 

ဖမ်းဆီးခံရတာ ၁ လနီးပါးကြာတဲ့အထိ သတင်းစကား မကြားရ။ ဒီကာလအတွင်း ဘယ်သူ့ဖမ်းမယ်၊ ဘယ်ဝါကို ဖမ်းမယ်ဆိုပြီး ခြောက်လန့်မှုတွေကြောင့် စက်ရုံအလုပ်သမားတွေ ထွက်ကြတာနဲ့ဆို စက်ရုံထဲမှာ စက်လိုင်း ၇ လိုင်းသာ ချုပ်နိုင်တော့ ပါတယ်။

 

“တကယ်ဆို မသီတာဝင်းတို့က ခေါင်းဆောင်တွေ မဟုတ်ပါဘူး ၊ အလုပ်သမား ကိုယ်စားလှယ်တွေပါ။ လုပ်ခ တိုးဖို့ တောင်းတာက စက်ရုံက အလုပ်သမားတွေ အားလုံး တညီတညွတ်တည်း တောင်းဆိုတာပါ။ “ လို့ ကိုချစ်ဖူး က ပြောပြပါတယ်။ 

 

ကိုချစ်ဖူး လုပ်ကိုင်နေတဲ့ Sun Apparel (Myanmar) အထည်ချုပ်စက်ရုံဟာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၅) ၊ မလိခလမ်းမှာ ရှိပြီး ထိုင်းနိုင်ငံသားက စက်ရုံကို ပိုင်ဆိုင်တယ်လို့ ပြောပါတယ်။ ဒီစက်ရုံမှာ ကိုချစ်ဖူး လုပ်ကိုင်တာဆို ၅ နှစ်နီးပါး ရှိလာပါပြီ ။ 

 

အခု ၆လပိုင်း (ဇွန်လ) လဆန်းမှာ လုပ်ခတိုးပေးဖို့ တောင်းဆိုမှုကို ခေါင်းဆောင်တယ်ဆိုပြီး အာဏာသိမ်း စစ်အစိုးရက ကိုချစ်ဖူး လုပ်ကိုင်နေတဲ့ စက်ရုံက ကိုလှိုင်ဝင်းထက်နဲ့ မသီတာဝင်းတို့ကို ဇွန်လအလယ်မှာ ဖမ်းဆီး ခဲ့ပါတယ်။ 

 

“စက်ရုံဘက်က ဖမ်းခိုင်းတယ်ဆိုပြီး ပြောဆိုတာတွေရှိတယ် ။ ဘာလို့ ဆို အလုပ်သမားနှစ်ယောက်ကိုဖမ်းပြီး၊ နောက်ထပ် စက်ရုံထဲမှာ ထပ်ဖမ်းဦးမယ်ဆိုပြီး သတင်းလွှင့်တယ် ။ နောက် တခြားအလုပ်သမားတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ရဲတွေကို ပေးလိုက်တယ်”လို့ ကိုချစ်ဖူးက ပြောပြပါတယ်။ 

 

ဒါ့အပြင် ဇွန်လ ၁၅ ရက်မှာ Sun Apparel စက်ရုံလုပ်ငန်းခွင်အတွင်း ကိုလှိုင်ဝင်းထက် ဖမ်းဆီးခံရပြီး ညနေပိုင်းမှာ စက်ရုံတာဝန်ရှိသူတွေက အလုပ်သမားတွေပါဝင်တဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ 

 

အဲဒီ အစည်းအဝေးမှာပဲ Myanmar Labour News ရဲ့ သတင်းကို လူမှုကွန်ရက် ဖေဘွတ်မှာ ဖြန့်ဝေမှု ရှိမရှိ စစ်ဆေး မယ်ဆိုပြီး စကားပြန် ဆိုသူက ပြောဆိုခဲ့ပါတယ်။  

“ အဲလိုတွေ ခြိမ်းခြောက်တော့ ။ နောက်တနေ့ ဆိုတာကိုကို စိတ်မချတော့ဘူး ။ အလုပ်သမားတွေက လုပ်ငန်းခွင် မလုံခြုံတော့ဘူးလို့ ပိုပြီးခံစားလာရတယ် ” လို့ ကိုချစ်ဖူးက ပြောပါတယ်။ 

 

Myanmar Labour News က ဇွန်လ ၁၄ ရက်မှာ ဟို့စိမ် အထည်ချုပ်စက်ရုံအတွင်း ဆန္ဒပြနေတဲ့ အလုပ်သမား တွေကို စစ်ကောင်စီတပ် အရာရှိနဲ့ စက်ရုံတာဝန်ရှိသူတို့ ခြိမ်းခြောက်ပြောဆိုတဲ့ အသံဖိုင်ကို ဖော်ပြခဲ့တာ ဖြစ်ပါ တယ်။ 

 

ဇွန်လအတွင်းမှာတော့ ရန်ကုန်မြို့က အထည်ချုပ်စက်ရုံအများစုမှာ တရက်လုပ်ခလစာတိုးပေးဖို့ တောင်းဆို မှုတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့တာပါ။

 

အလုပ်သမားတွေက တရက်လုပ်ခလစာ တိုးမြှင့်ပေးဖို့ နဲ့ စက်ရုံအတွင်း တခြား လိုအပ်ချက်တွေအတွက် ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ 

 

“စက်ရုံထဲမှာ တောင်းဆိုတာပါ ။ နေရာမှာပဲ အလုပ်မလုပ်ဘဲ ထိုင်နေကြတာပါ ။” လို့ Sun Apparel စက်ရုံအတွင်း ငြိမ်းချမ်းစွာ တောင်းဆိုခဲ့တာကို ကိုချစ်ဖူးက ပြန် ပြောပြပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်မှာ Sun Apparel အလုပ်သမားတွေက အခွင့်အရေး ချိုးဖောက်ခံမှုတွေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် တရက် လုပ်ခလစာကျပ် ၁၂၀၀ နဲ့ ရက်မှန်ကြေး ကျပ် ၂၀၀၀၀ တိုးမြင့် ပေးဖို့ ၊ လုပ်ငန်းခွင် ထိခိုက်မှုတွေကို အလုပ်ရှင်က အကာအကွယ်ပေးဖို့ ၊ သောက်ရေ မသန့်ရှင်းမှုကို စက်ရုံက စီစဥ်ပေးဖို့ ၊လျှောက်လမ်းတွေ အမိုး လုံအောင်ပြုပြင်ပေးဖို့ ၊ ထမင်းစားဆောင် သီးသန့် ပြုလုပ်ပေးဖို့ အချက်တွေ အပါအဝင် တောင်းဆို ၂၅ ချက်ကို အလုပ်သမား ၄၀၀ ကျော်က တောင်းဆိုခဲ့ကြတာပါ ။

 

အဲဒီနောက် ပထမအကြိမ် ညှိနှိုင်းမှုမှာ အဆင်မပြေခဲ့လို့ ဇွန်လ ၁၅ ရက်မှာ လှိုင်သာယာမြို့နယ် အလုပ်သမား ရုံးမှာ ညှိနှိုင်းဖို့ ချိန်းဆိုထားစဉ် ဇွန်လ ၁၄ ရက် ညမှာ မသီတာဝင်းဟာ နေအိမ်မှာ ရှိနေစဉ် စစ်ကောင်စီ လက်အောက်ခံ ရဲ တွေက ဖမ်းဆီးခဲ့ ပါတယ်။ 

 

အဲဒီနောက် ကိုလှိုင်းဝင်းထက်နဲ့ တခြား စက်ရုံတွေက အလုပ်သမား တွေ၊ ကူညီရေးအဖွဲ့ဝင်တွေ အပါအဝင် အားလုံး ၁၀ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

 

ဒီလိုဖမ်းဆီးမှု တွေရှိလာပြီးနောက် Sun Apparel Myanmar စက်ရုံတာဝန်ရှိသူတွေရဲ့ ခြိမ်းခြောက်ပြောဆိုတဲ့ အပြုအမူတွေ ဟာလည်း အလုပ်သမား အတော်များများက အလုပ်ထွက်ဖို့ ဖြစ်လာပါတယ်။ 

 

“ အလုပ်သမား မိဘတွေ၊ ဆွေမျိုးတွေက စိုးရိမ်ကြတော့ ထွက်ခိုင်းကြတယ် ။ ကြားရသလောက် ဆိုရင် အလုပ်သမား ၂၅၀ ဝန်းကျင်လောက်ပဲ ကျန်တောတယ်လို့ ။ ” လို့ အလုပ်သမားကူညီရေး အဖွဲ့ဝင် မနွေဦးက ပြောပါတယ်။

 

အလုပ်သမားနှစ်ဦး ဖမ်းဆီးခံရပြီး ရက်သတ္တပတ်အတွင်း စက်ရုံအတွင်း ခြိမ်းခြောက် ပြောဆိုမှုတွေကြောင့် စက်ရုံ အလုပ်သမား ငါးဆယ် ဝန်းကျင် အလုပ်ထွက်သွားကြသလို တချို့လည်း တိမ်းရှောင်သွားကြတယ်လို့ ကိုချစ်ဖူး က ပြောပါတယ်။ 

 

ဇွန်လကုန်မှာ အလုပ်သမားတွေ အလုပ် ဆက်ထွက်တာကြောင့် လက်ရှိ Sun Apparel Myanmar စက်ရုံအတွင်း စက်လိုင်း ၇ လိုင်းသာ ချုပ်လုပ် နေတယ်လို့ ဆက်ပြော ပါတယ်။

 

ဆန္ဒပြ အလုပ်သမား ကိုယ်စားလှယ် နှစ်ဦး ဖမ်းဆီး ခံထားချိန်မှာ စက်ရုံက အောစူပါ အမျိုးသမီးဟာ လိုင်းတလိုင်းကို နှစ်ဦးနှုန်း ရွေးချယ်သင်ကြားပြီး မြို့နယ် အလုပ်သမားအရာရှိတွေနဲ့ စက်ရုံမှာ တွေ့ဆုံ စေခဲ့တယ်လို့ ဆိုပါတယ်။ 

 

ဖမ်းဆီးခံရသူတွေကို ငဲညှာပြီး စက်ရုံ အလုပ်သမားတွေဟာ တောင်းဆိုမှု ရလဒ် အနည်းငယ်နဲ့ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခဲ့ကြတယ်လို့ ကိုချစ်ဖူးက ပြောပါတယ်။

 

“ရလဒ်ကတော့ တောင်းဆိုထားတဲ့ထဲက အချက်တွေထဲက အချက် နှစ်ချက်ကိုတောင် ပြည့်ပြည့်ဝဝကို မရခဲ့ဘူး ။ ကျန်တာ တွေကတော့ လုံးဝ မရတာပါ။” လို့ ကိုချစ်ဖူးက ပြောပါတယ်။ 

အလုပ်သမားတွေတောင်းဆိုတဲ့ တရက်လုပ်ခ ကျပ်၁၂၀၀ ကို ၈၀၀ သာ တိုးပေးခဲ့ပြီး ရက်မှန်ကြေးကိုလည်း တောင်းဆိုထားတဲ့ ကျပ် ၂၀၀၀၀ ကို ကျပ် ၁၀၀၀၀ သာ Sun Apparel Myanmar စက်ရုံဘက်က တိုးပေးခဲ့ ပါတယ်။ 

 

“ အလုပ်သမား နှစ်ယောက်က အဖမ်းခံရတယ်။ တောင်းဆိုထားတဲ့ အထဲမှာ ဥပဒေကို ဖောက်ဖျက်တောင်းဆိုတာ တခုမှ မပါဘူး ။ ဒီလို တိုးပေးတာကို ကျွန်တော်ကတော့ ရတယ်လို့တောင် မမြင်ပါဘူး ။” လို့ ကိုချစ်ဖူးက ပြော ပါတယ်။ 

 

ရက်မှန်ကြေးကို စက်ရုံဘက်က တိုးပေးတာဟာ မူလအတိုင်းပြန်လည်ရရှိခဲ့တာလို့ ဆိုပါတယ်။ တရက်လုပ်ခလစာ ကျပ် ၄၈၀၀ မရမီက စက်ရုံဘက်က ရက်မှန်ကြေး ကျပ် ၂၀၀၀၀ ပေးခဲ့ပြီး နောက်ပိုင်းမှာ ကျပ် ၁၀၀၀၀ လျှော့ချ ခဲ့လို့ တောင်းဆိုခဲ့တာလို့ ကိုချစ်ဖူးက ပြောပါတယ်။ 

 

ဒါ့အပြင် ကျပ် ၈၀၀ တိုးပေးတယ် ဆိုတာလည်း ပိတ်ရက်တွက်မပါဘဲ ၂၆ ရက်အတွက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

လက်ရှိ စက်ရုံအတွင်း ပုံမှန်ထက် အလုပ်သမားဦးရေ နည်းသွားလို့ လည်ပတ်မှုတွေ နှေးကွေးနေတယ်လို့ ပြောပါ တယ် ။ 

 

ဒါပေမဲ့ စက်ရုံပုံမှန် လည်ပတ်နေလို့ ဖမ်းဆီးခံထားရတဲ့ လုပ်ဖော်ကိုင်ဖက် နှစ်ဦး ပြန်လွတ်လာဖို့ မျှော်လင့် နေတာပါ ။ 

 

“ကိုယ်တယောက်တည်း မျှော်နေတာတော့ မဟုတ်ဘူး ၊ စက်ရုံထဲက လုပ်သားအားလုံးက လွတ်လာစေချင်တာပါ ။ တတ်နိုင်တဲ့ နည်းလမ်းတွေကနေ ကူညီပေးဖို့လည်း တောင်းဆိုပါတယ် “လို့ ကိုချစ်ဖူးက ပြောပါတယ်။

 

လက်ရှိကာလဟာ အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမားခေါင်းဆောင်တွေနဲ့ အလုပ်သမားအရေး လုပ်ဆောင် သူ တွေကို စစ်ကောင်စီက ဖမ်းဆီးတာ၊ ထောင်ချနဲ့ ဖမ်းဝရမ်း တွေထုတ်ထားပါတယ်။ 

 

ဒီလို ဆောင်ရွက်တာကြောင့် ဖမ်းဆီးခံ အလုပ်သမားတွေကို ကူညီနိုင်မဲ့ အခွင့်အရေးကတော့ နည်းပါးတယ်လို့ ပြောဆိုပါတယ်။ 

 

ကုန်အမှတ် တံဆိပ်ဘက်ကလည်း ကူညီမှုတွေကလည်း နှေးကွေးနေတယ်လို့ အလုပ်သမား အဖွဲ့အစည်း ခေါင်းဆောင် တဦးက ပြောဆိုပါတယ်။ 

 

ဒါ့အပြင် Sun Apparel Myanmar စက်ရုံက အဓိက ချုပ်လုပ်နေတဲ့ ဂျာမနီ ကုန်အမှတ်တံဆိပ် JAKO ဟာ အလုပ်သမား နှစ်ဦး ဖမ်းဆီးခံရပြီးနောက် မြန်မာနိုင်ငံက ထွက်ခွာတော့မယ်လို့ အခု ဇူလိုင်လ အစောပိုင်းမှာ ထုတ်ပြန်ထား ပါတယ်။ 

 

ကိုချစ်ဖူးအနေနဲ့ တော့ Sun Apparel စက်ရုံမှာ နှစ်အတော်တော်ကြာလုပ်ကိုင်ခဲ့တာနဲ့ လက်ရှိကာလမှာ ဝင်ငွေ အတွက် ရွေးချယ်ခွင့်နည်းတာတွေကြောင့် ခြိမ်းခြောက်မှု၊ မလုံခြုံမှုနဲ့ စိုးရိမ်ကြောက်လန့်တွေရှိနေပေမဲ့ ဆက်လုပ် ဖြစ်နေတယ်လို့ ပြောပါတယ်။ 

 

“နောက်ထပ် ဘာတွေထပ်ဖြစ်ဦးမလဲဆိုပြီး နေ့တိုင်း ကျီးလန့် စာစား လို ခံစားရတယ် ၊ နောက်ကျောမလုံလည်း ဆက်တော့လုပ် ရဦးမယ်” လို့ ပြောဆိုပါတယ်။

 

#MyanmarLabourNews


Related posts

Cover
အကျဉ်းစံတို့ရဲ့ ဘဝများ
May 15, 2024
Cover
အရွယ်ကောင်းအမျိုးသားတွေရဲ့ ဘဝကို ချုပ်ကိုင်ချယ်လှယ်လာတဲ့ စစ်ကောင်စီ
May 08, 2024
Cover
ချောက်ရေနံမြေက အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အခြေအနေများ
May 07, 2024
Cover
နေ့စားခ ကျပ်တစ်သောင်း လွန်ဆွဲပွဲ
May 06, 2024
Cover
"ဒီလောက်ထိ ဒုက္ခတွေကို  ကြံ့ကြံခံနေနိုင်တဲ့အတွက် အလုပ်သမားတွေကို အံ့လဲ ဩတယ် ဂုဏ်လဲယူပါတယ်"
May 05, 2024
Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024