ARTICLE

နောက်နောင်မှာ အလုပ်သမားဆိုတာ နင်းပြားသက်သက်ပဲ ဖြစ်လာတော့မယ်လို့ မြင်မိတယ်။ Interview

CoverLogo
745 Views

နဂိုကတည်း အားနည်းတဲ့ ဥပဒေရယ်၊ လူသားမဆန် အရမ်းဆိုးတဲ့ အလုပ်ရှင် တွေရယ်၊  အခုလို စျေးဆစ်ပေးတဲ့ အရာရှိတွေနဲ့သာဆို နောက်နောင်မှာ အလုပ်သမားဆိုတာ နင်းပြားသက်သက်ပဲ ဖြစ်လာတော့မယ်လို့ မြင်မိတယ်။
(အလုပ်သမားကူညီရေး အဖွဲ့ဝင် တစ်ဦး)

နိုင်ငံရေး မတည်မငြိမ်မှုတွေကို အခွင့်ကောင်းယူပြီး အလုပ်သမား ဥပဒတွေကို အလုပ်ရှင်သာမက ဖြေရှင်းပေးရမဲ့ တာဝန်ရှိ အလုပ်သမားအရာရှိတွေ ကိုယ်တိုင်ချိုးဖောက်တာနဲ့ ပတ်သက်ပြီး အလုပ်သမားကူညီရေးအဖွဲ့ဝင် တစ်ဦးကို Myanmar Labour News က မေးမြန်းထားပါတယ်။

အခုမေးမြန်းမှုအတွင်း ဥပဒေချိုးဖောက်မှု၊ အလုပ်သမားတွေ နစ်နာရမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေ ဖြစ်ပေါ်နေတာတွေကိုလည်း သိရှိခဲ့ရပါတယ်။

မေး... အလုပ်သမားတွေ အပေါ် အခွင့်အရေးချိုးဖောက်မှုတွေကို အလုပ်သမားရုံးတွေမှာပဲ ပေါ်ပေါ်ထင်ထင် ကျူးလွန်မှု တွေ ရှိနေတယ်လို့ သိရတယ် ဒါနဲ့ ပတ်သက်ပြီး ပြောပြပါဦး။

ဖြေ... အခုလက်ရှိနိုင်ငံရေး အခြေအနေကို အခွင့်ကောင်းယူပြီး အလုပ်သမားတွေ အပေါ်မှာ အခွင့်အရေး ချိုးဖောက်မှုတွေကို အလုပ်သမားရုံးတွေမှာကိုပဲ ပေါ်ပေါ်ထင်ထင်ကျူးလွန်မှုတွေကို တွေ့ရှိလာရတယ်။ အလုပ်သမားဦးစီးတွေက ဥပဒေမှာ သတ်မှတ်ထားတဲ့ အတိုင်းယူရင် အလုပ်ရှင်က အလုပ်သမားတွေကို အလုပ်ထုတ်တာ၊ အရေးယူတာ ခံရနိုင်တယ်လို့ ပြောပြီးတော့ အလုပ်သမားတွေအပေါ်မှာ ဥပဒေပါ ခံစားခွင့် တွေကို စျေးဆစ် ညှိနှိုင်းမှုတွေ တွေ့ရတယ်။

မေး... ဒီလို ကျူးလွန်တာတွေဟာ ဘယ်သူတွေကို နစ်နာစေလဲ၊ အလုပ်သမားတွေကိုလား၊ အလုပ်ရှင်တွေကိုလား ဆိုတာလေး ဖြေပေးပါ။

ဖြေ... အလုပ်သမား ဥပဒေကို ချိုးဖောက်တာဟာ အဓိကကတော့ အလုပ်သမားတွေကို ထိခိုက်နစ်နာစေပါတယ်။

မေး... ဥပဒေတွေကို အလုပ်သမားအရာရှိတွေ ကိုယ်တိုင် ဘာလို့ ချိုးဖောက်တယ်လို့ ပြောနိုင်တာလဲ။

အလုပ်သမားဥပဒေကို ဘာလို့ အရာရှိတွေ ချိုးဖောက်တယ်လို့ ပြောနိုင်တာလဲဆိုရင် အလုပ်သမားနဲ့ အလုပ်ရှင် ကြား ပြေလည်ဖို့ ညှိနှိုင်းတာထက် စျေးဆစ်တာပေါ့။ အလုပ်သမားတွေကို မသိမသာခြိမ်းခြောက်ပြီး ဥပဒေအရ အလုပ်သမားတွေ ရကို ရသင့်တယ်လို့ သိထားပေမဲ့ အလုပ်သမားအရာရှိတွေက ဥပဒေပါ သတ်မှတ်ထားတဲ့ ပမာဏထဲက  ဒီလောက်ပဲ ယူလိုက်ပါ၊  ဥပဒေ သတ်မှတ်တဲ့အတိုင်းဆိုရင် ရေရှည်အလုပ်မမြဲနိုင်ဘူးဆိုတာမျိုး ပြောပြီး အလုပ်သမားတွေကို စျေးဆစ်ပြီး အရာရှိတွေကိုယ်တိုင် က ဥပဒေသတ်မှတ်ချက်တွေကို ချိုးဖောက်နေကြတယ်။

မေး... ဥပဒေပါ အခွင့်အရေးကို ကျော်လွန် ဖောက်ဖျက် ညှိနှိုင်းနိုင်တယ်လို့ ပြဌာန်းထားတာများရှိလား။
ဖြေ... အလုပ်သမား ဥပဒေမှာတော့ ပြဌာန်းထားတာမျိုး မရှိဘူး။

မေး... အလုပ်သမားတွေနစ်နာတယ်ဆိုရင် ဘယ်လောက်အတိုင်းအတာ အထိ နစ်နာတယ် ထင်ပါသလဲ။
ဖြေ.... အလုပ်သမားတွေရဲ့ နစ်နာမှု ပမာဏ၊ ကာလတွေ၊ အခြေအနေအပေါ်မှာမူတည်ပြီး နစ်နာမှု အနည်းအများ ရှိပါတယ်။ ပမာဏနဲ့ ကာလ တွေများရင် များသလို နစ်နာတာပါ။

မေး.... ဥပဒေကို ဖောက်ဖျက်ပြီး ဘယ်လို  ညှိနှိုင်းမှုမျိုး တွေ့ရှိထားပါသလဲ။
ဖြေ... မကြာသေးခင်ကာလက ဖြစ်သွားတဲ့အမှုဆိုရင် အလုပ်သမားတွေကို အချိန်ပိုတွေခိုင်းတယ်၊ နောက် တစ်ပတ်တစ်ရက်ပိတ်ရက်နဲ့ တခြား အများပြည်သူအလုပ်ပိတ်ရက်တွေမှာ အလုပ်ရှင်က ဘယ်လိုခံစားမှုမျိုးမှ ပေးမထားဘဲ အလုပ်ကို တစ်ဆက်တည်း ခိုင်းစေထားတယ်။ ဒါကို အလုပ်သမားတွေက ပြန်တောင်းကြတယ်။  အချိန်ပို OT ကြေးနဲ့ အလုပ်ပိတ်ရက်တွေအတွက် နောက်ပြန် ၆ လအတွက် ပြန်တောင်းကြတယ်။ ဒါကို ဦးစီးတွေက အလုပ်သမားတွေ အလုပ်လုပ်ခဲ့ရတဲ့ နာရီအပြည့်ကို မပေးစေတာမျိုး၊ ဥပဒေအတိုင်းရဖို့ရှိတဲ့ ငွေကြေးခံစားခွင့်ကို လျှော့ခိုင်းတာမျိုး၊ နင်တို့ ဒီလိုတောင်းဆိုမယ်ဆိုလုပ်ရင် အလုပ်ပြုတ်မယ်လို့ အရာရှိတွေက ပြောပြီး အလုပ်သမားတွေရဲ့ ဥပဒေပါ ရပိုင်ခွင့်တွေကို ချိုးဖောက်ပြီး ပြည့်ပြည့်ဝဝ ပြန်မပေးခဲ့ကြဘူး။

မေး... အလုပ်သမားကူညီရေးအဖွဲ့ဝင် တစ်ဦးအနေနဲ့  အလုပ်သမားအရာရှိတွေကိုယ်တိုင် ဥပဒေ ချိုးဖောက် ဈေးဆစ်တာတွေကို ဘယ်မြို့နယ်တွေမှာ တွေ့နေရလဲ။ 
ဖြေ... မြန်မာနိုင်ငံက အလုပ်သမားအရေးဖြေရှင်းနေတဲ့ မြို့နယ်တိုင်းလိုလိုမှာ ရှိနေတာကို တွေ့ရတယ်။ ပြောမယ်ဆိုရင် မြို့နယ်မဟုတ်ပဲ ရန်ကုန်၊ မန္တလေးတိုင်းတွေမှာကို ရှိနေတာပါ။ ကျွန်တော်တို့ အဖွဲ့ လက်လှမ်းမမှီတဲ့ တခြား မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာလည်း ရှိနေမယ်လို့ ထင်မိတယ်။

မေး... အလုပ်သမား အရာရှိကိုယ်တိုင် ဥပဒေပါအခွင့်အရေးတွေကို ချိုးဖောက်တယ်ဆိုရင် နောက်ဆက်တွဲ ကြီးကြီးမားမား သက်ရောက်တာတွေရှိနိုင်ပါသလား။
ဖြေ...အလုပ်သမားရုံးက အရာရှိတွေ ကိုယ်တိုင်က ဥပဒေကို ချိုးဖောက်နေတာဖြစ်နေတော့ အလုပ်သမားတွေ အနေနဲ့ အားကိုးစရာ ဘယ်ရှိတော့မလဲ။  နဂိုကတည်း အားနည်းတဲ့ ဥပဒေရယ်၊ လူသားမဆန် အရမ်းဆိုးတဲ့ အလုပ်ရှင် တွေရယ်၊  အခုလို စျေးဆစ်ပေးတဲ့ အရာရှိတွေနဲ့သာဆို နောက်နောင်မှာ အလုပ်သမားဆိုတာ နင်းပြား သက်သက်ပဲ ဖြစ်လာတော့မယ်လို့ မြင်မိတယ်။

မေး... ဥပဒေချိုးဖောက်တာတွေက ဘာကြောင့်ဖြစ်လာတာလဲ၊ ဘယ်လိုအခြေအနေကြောင့်လဲ။
ဖြေ... ဥပဒေချိုးဖောက်တာတွေက နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတော့ သက်ဆိုင်ရာဌာနတွေက စည်းကြပ်နိုင်မှု အားနည်းတာကို အခွင့်ကောင်းယူပြီးတော့ အခွင့်အရေးချိုး ဖောက်ခံရတာတွေ၊ အာဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေ မြင့်တက်လာတာတွေကြောင့် အခုလို ဥပဒေချိုးဖောက်တာတွေ ဖြစ်လာတယ်လို့ မြင်မိတယ်။  လာဘ်ပေးလာဘ်ယူမှုတွေကို ဘယ်မှာ တွေ့ရလည်းဆိုရင်တော့ အလုပ်သမားကတ် (လေဘာကတ်) လုပ်ပေးတဲ့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန (အလည) မှာ မျက်မြင်တွေ့နိုင်ပါလိမ့်မယ်။

မေး ... အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမားကူညီရေးအဖွဲ့အစည်းတွေကို ဖိနှိပ်ခံတားရတာတွေက အခုလို ချိုးဖောက်မှုနဲ့ လာဘ်စားမှုတွေကို ပိုပြီး များပြားစေလား။

ဖြေ... အခုလို အခွင့်အရေးချိုးဖောက်တာတွေနဲ့ လာဘ်စားမှုတွေဟာ အလုပ်သမားတွေနဲ့ အလုပ်သမား အခွင့်အရေးတွေကို ကာကွယ်ပြီး အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေ၊ အလုပ်သမားသမဂ္ဂတွေကို ဖိနှိပ်မှုတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပဲ ဖြစ်တယ်။

မေး... အလုပ်သမားတွေက အလုပ်သမားရုံးတွေမှာ ဘယ်လို အမှုတွေတိုင်းတန်းကြတာများလဲ။
ဖြေ... လက်ရှိတွေ့ရတာက စက်ရုံတွေကို ပိတ်ပစ်လိုက်တယ်။ ၁၅ ရက် ၊ ရက် ၂၀ ဒါမှမဟုတ် ၂လ၊ ၃ လ ပိတ်လိုက်ကြတယ်။  အလုပ်ရှင်ဘက်က အလုပ်မပေးနိုင်လို့ ပိတ်ထားတဲ့ရက်တွေမှာ အလုပ်သမားကို အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ပေးဖို့ တာဝန်ရှိတယ် ။ ဒါကိုမပေးကြဘူး ။ ဒီလို အမှုတွေ တိုင်တာများကြတယ်။

မေး.. ချိုးဖောက်မှုတွေကြောင့် အဓိက ခံစားရတာက အလုပ်သမားတွေဖြစ်တယ်။  ဒီလိုချိုးဖောက်မှုတွေ ပျောက်ဖို့ဆို ဘာတွေလုပ်သင့်တယ်လို့ မြင်ပါသလဲ။

ဖြေ... လုပ်ငန်းရှင်အသင်းချုပ်တွေ၊ ကုန်အမှတ်တံဆိပ်တွေ၊ နိုင်ငံတကာသံရုံးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက  မိမိတို့နဲ့ သက်ဆိုင်ရာတဲ့လုပ်ငန်းရှင်တွေကို အလုပ်သမားတွေအပေါ် အခွင့်အရေးချိုးဖောက်တာ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို တင်းတင်းကျပ်ကျပ်တားမြစ် ကိုင်တွယ်နိုင်ရင်တော့ အနေအထားတစ်ခု အထိ ထိန်းထားနိုင်မယ်လို့ မြင်မိတယ်။

Photo- အလုပ်သမားရုံး (ပုံဟောင်း)

 

 


Related posts

Cover
အမျိုးသမီးများပါသွားရောက်လုပ်ကိုင်နိုင်မည့် ကိုရီးယား EPS-TOPIK စာမေးပွဲဧပြီ ၃၀ ရက် နေ့ဖြေဆိုရမည်
Apr 20, 2024
Cover
HOPE ONE CO,LTD စက်ရုံလုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်အပါအဝင် အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေဟုဆို
Apr 19, 2024
Cover
လုပ်သားအင်အားရှားပါးမှုကြောင့် ကလေးလုပ်သား အသုံးပြုမှုပိုများလာ
Apr 15, 2024
Cover
ဒေါ်ခိုင်ဇာအောင်အား Arthur Svensson Prize ချီးမြှင့်
Apr 15, 2024
Cover
Myanmar Dongxin စက်ရုံတွင် လိင်ပိုင်းဆိုင် ထိခိုက်စော်ကားမှုတွေ ဖြစ်ပွားနေ
Apr 13, 2024
Cover
လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ ကျူးလွန်နေ
Apr 13, 2024
Cover
ကိုယ်ဝန်ဆောင်အလုပ်သမားတွေ မီးဖွားခွင့် ခံစားခွင့်ဆုံးရှုံးနေရ
Apr 13, 2024
Cover
သင်္ကြန်ပိတ်ရက်အတွက် အလုပ်သမားများ အချိန်ပို ဆင်းပေးရ
Apr 13, 2024