ARTICLE

ကိုယ်ဝန်ဆောင်များ အလုပ်အကိုင် ပျောက်ဆုံးမှု သို့မဟုတ် ရှင်သန်ရေးအတွက် စိုးရိမ်နေသည့်သန္ဓေသား

CoverLogo
835 Views

“ကျွန်မ ဗိုက်ထဲက ကလေးကို ပထမဆုံး စိုးရိမ် မိတယ်”
မကျော့ခိုင်( အမည်လွဲ) စကားကိုပြောရင်း အသံတိမ်ဝင်သွားပါတယ်။ ရန်ကုန်၊လှိုင်သာယာစက်မှုဇုန်အနီး၊ လမ်းဘေး အအေးဆိုင် ခုံမှာထိုင်နေရင်း စိတ်ပျက်နေဟန်နဲ့ ပြောပြနေတာပါ။

အသက် ၃၅ နှစ် အရွယ် အသားရေ ခပ်လတ်လတ်နဲ့ သူမဟာ ခရမ်းနုရောင် ဗိုက်ဖုံးအင်္ကျီ ဝတ်ထားလို့လိုက်ဖက်မှုရှိနေပါတယ်။ 

ကိုယ်ဝန်ဆောင်ထားလို့ အထည်ချုပ် အလုပ်ကနေ နားလိုက်တော့ဆိုပြီးအလုပ်ထုတ်ခံထားရတဲ့ စက်ရုံလုပ်သားအတွက်တော့ ရှေ့ဆက်ရမယ့် ကာလအတွက် စိုးရိမ်ဟန်ကတော့ထင်ရှားပေါ်လွင်နေပါတယ်။

“လကုန်ခါနီး ၂၄ ရက်နေ့မှာ စက်ရုံ မန်နေဂျာရယ်၊ စာရေးမတွေရယ်က သူတို့ရုံးခန်းကို ခေါ်ပြီး ဒီလကုန်အလုပ် မလာတော့ဖို့ ပြောခဲ့တာ” လို့ သူမက ဆက်ပြောပါတယ်။

"အလုပ်ထုတ်လိုက်တယ်" ဆိုပြီး ကြားလိုက်စမှာ သူမ အပြစ်များ လုပ်မိလားဆိုပြီး ပြန်တွေးကြည့်မိခဲ့ပါတယ်။ 

တကယ်တော့ သူမလို နယ်ကနေ ရန်ကုန်ကို လာရောက် အလုပ်လုပ်ကိုင်သူအများစုကတော့စည်းကမ်းလိုက်နာ ကြပြီး အလုပ်ကိုသာ အာရုံစိုက် လုပ်ကိုင်ကြသူတွေ ဖြစ်ကြပါတယ်။

“ဒီစက်ရုံက နေ့စားစက်ရုံ၊ ကိုယ်ဝန်ရှိနေတာ အလုပ်မဖြစ်ဘူး၊ ဒါကြောင့် လကုန်ရင် မလာနဲ့တော့၊ ဘာခံစားခွင့်မှ လည်း မရဘူးလို့ ပြောခဲ့တယ်” လို့ မကျော့ခိုင်က ပြောပါတယ်။

စက်ရုံတာဝန်ရှိသူတွေကတော့ အလုပ်နားလိုက်တယ်လို့ သုံးနှုန်းခဲ့ပြီး လစာထုတ်နိုင်ဖို့ လကုန်ရက်အထိအလုပ် လာဖို့တော့ ပြောခဲ့ပါသေးတယ်။ စည်းကမ်းမဖေါက်ဖျက်ဘူးတဲ့ မကျော့ခိုင်အနေနဲ့အလုပ်ထုတ်ခံ လိုက်ရတာ ကို နားလည်ပေမဲ့ စက်ရုံတာဝန်ရှိသူတွေ ပြောတဲ့ လူမှုဖူလုံရေးခံစားခွင့်တွေမရဘူးဆိုတာကို နားမလည်အောင် ဖြစ်နေခဲ့ပါတယ်။

“ လုပ်ခ လစာကနေ လူမှုဖူလုံရေးကြေးဆိုတာကို လစဉ် အမြဲဖြတ်တယ်၊ ဒါပေမယ့်အလုပ်နားလိုက်ဆိုပြီး ဘာခံစားခွင့်မှ မရဘူးလို့ ပြောတာကိုတော့ နားမလည်ဘူးဖြစ်ခဲ့တယ်” လို့မကျော့ခိုင်က ပြောပါတယ်။

ဒါကို နားလည်အောင် အထည်ချုပ် ကြီးကြပ်ရေးခေါင်းဆောင်ဆိုသူတွေကို မေးမြန်းကြည့်ရာမှာလည်းအဖြေ မရတဲ့ အပြင် “စက်ရုံကနေ အထုတ်မခံနဲ့ ကိုယ်ဘာသာ နုတ်ထွက်”ဆိုတဲ့ နည်းလည်းမကျတဲ့စကားတွေ သာ ကြားခဲ့ရတယ်လို့ ပြောပြပါတယ်။

ဒီလို ပြောကြတော့ ဗိုက်ထဲက ကလေးအတွက် စိုးရိမ်စိတ်ဖြစ်မိပြီး မကျော့ခိုင်က အကူအညီတောင်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။


“စက်ရုံထဲမှာ အကူအညီတောင်းဖို့ သမဂ္ဂရှိတယ်လည်း မကြားဘူး၊ ရှေ့မှာလည်း ရက်ပျက်လို့အလုပ်ထုတ်ခံရ တဲ့သူတွေလည်း အများကြီးပဲ၊ အကူညီတောင်းဖို့လည်း မသိကြဘူး” လို့ မကျော့ခိုင်ကစကားကို လေးလေးပင်ပင် နဲ့ပဲ ပြောပြပါတယ်။

သူမစိတ်ထဲမှာ လူမှုဖူလုံရေးပေးထားတယ်ဆိုတဲ့ အကြောင်းအရာရှိနေတာကြောင့် နေထိုင်တဲ့အနီးပတ်ဝန်ကျင် မှာ စုံစမ်းရင်း ညီမအရွယ် အမျိုးသမီးတစ်ဦးက အလုပ်သမားအကူအညီပေးရေးအဖွဲ့တစ်ခုနဲ့ ချိတ်ဆက်ပေးတာ ကြောင့် အလုပ်သမားရုံးကို တိုင်တန်းစာ ပို့နိုင်ခဲ့တာပါ။

“ကျွန်မ ငယ်ငယ်က ကြားဖူးတာက လူမှုဖူလုံရေးကြေး ပေးသွင်းထားရင်၊ ဆေးအလကားကုသခွင့်ရတယ်၊ ကလေးမွေးရင် စရိတ်စခရတယ်၊ ခွင့်တွေလည်း ရတယ်လို့ကြားဖူးထားတာ” လို့ ပြောပြပါတယ်။

မကျော့ခိုင်ကတော့ ရန်ကုန်တိုင်းနဲ့ ဆက်စပ်နေတဲ့ ပဲခူးတိုင်းက ကျေးရွာတစ်ရွာမှာ နေထိုင်သူပါ။မူလတန်း ပညာရေးသာ တတ်မြောက်သူလို့ ဆိုပါတယ်။ အိမ်ထောင်သက်အတွင်း ဗိုက်ထဲက ကလေးက၄ ယောက်မြောက် လို့ ပြောပါတယ်။

မိဘတွေက အချုပ်အလုပ် ပညာကို သင်ပေးထားတာကြောင့် ငယ်စဉ်ကတည်းက စက်ချုပ်ပညာကိုတတ်မြောက် ထား သူလည်း ဖြစ်ပါတယ်။ တတ်မြောက်ထားတဲ့ အချုပ်အလုပ်ပညာနဲ့ မြို့ကြီးပြကြီးကိုလာရောက် လုပ်ကိုင်ဖို့ ဆိုတာက စွန့်စားခန်းကြီးတစ်လို ဖြစ်ခဲ့တာပါ။

“စက်ရုံမှာ အလုပ်လုပ်ဖို့ ဆွေးနီးစပ် တစ်ယောက်က ပြောလို့ လုပ်ဖြစ်လိုက်တယ်၊ ရန်ကုန်ကိုတစ်ယောက် စွန့်စားပြီးလာတာ။ ဘယ်သူ့ကိုမှ အားမကိုးချင်လို့ အလုပ် ဝင်လုပ်ဖြစ်သွားတာ” လို့ပြောပြပါတယ်။

ရန်ကုန်ကိုရောက်လာဖြစ်တာကတော့  စစ်အာဏာသိမ်းပြီးနောက် အိမ်ထောင်ဖက်နဲ့ အဆင်မပြေတာကြောင့်သားသမီး ၃ယောက်ကို မိဘတွေဆီအပ်ထားပြီး လှိုင်သာယာအထည်ချုပ် စက်ရုံမှာ အလုပ် လုပ်နေတာ ၆ လနီးပါးသာ ရှိပါသေးတယ်။

အလုပ်ထုတ်တဲ့ စက်ရုံမှာ ချုပ်လုပ်မှုကျွမ်းကျင်တာကြောင့် ဘယ်လိုပြဿနာမှ မဖြစ်ခဲ့ဘဲ လုပ်ကိုင်နိုင်ခဲ့တာလို့ ပြောဆိုပါတယ်။
“ချုပ်စက်ကို ရက်ပိုင်းအတွင်း ကျွမ်းကျင်သွားတယ်။ ကြီးကြပ်သူတွေကလည်း သဘောကျကြတယ်။အလုပ်ရုံမှာ တော့ ရက်ပျက်လို့တို့ တခြား အကြောင်းကြောင်းကြောင့် အထုတ်ခံရသူတွေကတော့နေ့တိုင်းလိုလို ကြားမြင် နေရတာ ပေါ့”လို့ မကျော့ခိုင်က ပြောပါတယ်။

ဒါပေမဲ့ သူမ အလုပ်ထုတ်ခံရမယ့် အလှည့်ကတော့ လပိုင်းလောက် အတွင်း ရောက်လာပါတယ်။ကိုယ်ဝန်ရှိနေပြီ ဆိုတာကို အဲဒီ စက်ရုံမှာ အလုပ်ဝင်ပြီး ၂ လ နီးပါးလောက်မှာ သူမ သိခဲ့တာပါ။“စက်ရုံထဲမှာ အလုပ်လုပ်နေတုန်း သိတာပါ၊ ကျွန်မအဲတုန်းကလည်း အလုပ်မပျက်ခဲ့ဘူး၊ ကိုယ်ဝန်နဲ့ပတ်သက် ပြီးတော့ ခွင့်လည်းမယူခဲ့ဘူး။ နောက် မသွားတတ်မလာတက်နဲ့မို့ ကိုယ်ဝန်ကို ဘယ်မှလည်းမပြဖြစ်ဘူး” လို့ ပြောပါတယ်။

တကယ်တော့ မကျော့ခိုင် မသွားတက်မလာတတ်ဆိုတာ တကယ်ပါ။ သူ့အနေနဲ့ နေထိုင်ရာနေရာကနေစက်ရုံကို ဖယ်ရီ စီးသွားတာက လွဲပြီး ၊ စက်ရုံ လိပ်စာကို ပြောမပြတတ်ပါဘူး။

“အလုပ်သမားရုံးကို တိုင်ကြားထာားတယ်ဆိုတာ စက်ရုံကို အကြောင်းကြားစာပေးဖို့လိပ်စာတောင်းတော့ သူ မပြောနိုင်ဘူးဖြစ်နေတယ်။ သူ့အသိတစ်ယောက်ကို မေးပြီးမှ ပို့နိုင်ခဲ့တယ်”လို့မကျော့ခိုင်ကို ကူညီနေတဲ့ အလုပ်သမားအဖွဲ့အစည်းတာဝန်ရှိသူ အမျိုးသမီးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ အလုပ်သမား သမဂ္ဂအဖွဲ့အစည်းဝင်တွေကိုဖိနှိပ်ဖမ်းဆီးတာတွေဟာ စက်ရုံတွေဘက်ကနေ အလုပ်သမားတွေရဲ့ ဥပဒေပါ အခွင့်အရေးတွေချိုးဖောက်ဖို့အတွက် တွန်းအားဖြစ်လာတယ်လို့ အဲဒီ အမျိုးသမီးက ပြောပါတယ်။

အချိန်ပိုလုပ်ခမပေးတာ၊ အလုပ်ချိန်ကျော်လွန်ခိုင်းစေတာ၊ လူမှုဖူလုံရေး ခွင့်လို ဥပဒေမှာ သတ်မှတ်ပေးထားတဲ့ ခွင့်ကိုမပေးတာ၊ ခွင့်ယူရင် လုပ်ခ လစာထဲက ဖြတ်တောက် တာ၊ ဥပဒေကို ကျော်လွန်ပြီး အလုပ်ထုတ်တာ စတာတွေ လုပ်ဆောင်နေတယ်လို့ အလုပ်သမားအဖွဲ့အစည်း တာဝန်ရှိသူ အမျိုးသမီးက ပြောပါတယ်။

“ချိုးဖောက်မှုတွေက အများကြီးပဲ၊ အခုလို ကိုယ်ဝန်သည်တွေကို အလုပ်ထုတ်တာတွေကစစ်အာဏာသိမ်း ပြီးဆိုရင် ပိုတောင်များလာတယ်” လို့ ယင်းကပြောပါတယ်။

ကိုယ်ဝန်ဆောင် အလုပ်သမားတွေကို အလုပ်ထုတ်တာဟာ လူမှုဖူလုံရေး ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ဆက်ပြောပါတယ်။ ဒီလို အလုပ်ထုတ်တာတွေဟာကိုယ်ဝန်ဆောင်တွေအတွက် အလုပ်အကိုင် အတွက် စိန်ခေါ်မှုတွေဖြစ်လာသလို  မြန်မာနိုင်ငံကအိမ်ထောင်သည် အမျိုးသမီးတွေအတွက် လုပ်ငန်းခွင် အလုပ်ကိုင် တည်မြဲရေးဆိုတာ စိုးရိမ်စရာတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီကာလအတွင်း ကိုယ်ဝန်သည်တွေကို အလုပ်ထုတ်တာတွေ မကြာခဏကြားသိရပေမဲ့ လာရောက်တိုင်ကြားတာ နည်းတယ်လို့ အလုပ်သမားကူညီပေးရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“ ပြီးခဲ့တဲ့ရက်က ရွှေပြည်သာစက်မှုဇုန်ထဲက စက်ရုံမှာ ကိုယ်ဝန်ဆောင်ကို အလုပ်ထုတ်တာရှိတယ်။ကျွန်တော်တို့ လည်း ကြားတာပဲရှိတာ။ လာပြောတာမျိုး မရှိဘူး။ မသိကြတာလား၊ ဆက်သွယ်ဖို့ခက်နေတာလားတော့ မသိဘူး” လို့ ပြောပါတယ်။

ရန်ကုန်မြို့က စက်မှုဇုန်တွေထဲမှာ ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို တခြားအလုပ်သမားနည်းတူလုပ်ကိုင် ခိုင်းတာ၊ အချိန်ပို ခိုင်းစေတဲ့စက်ရုံ တွေကို Myanmar Labour News ကမှတ်တမ်းပြုစုထားရာမှာ စက်ရုံ ၅ ရုံ ထက်မနည်း ရှိနေပါတယ်။

စက်ရုံတွေကအခွင့်ရေးချိုးဖောက်ခံရတာနဲ့ ဥပဒေမဲ့ ဆောင်ရွက်မှုကို အလုပ်သမား အဖွဲ့အစည်းတွေ၊အလုပ်သမားရုံးတွေကို အသိပေးတိုင်ကြားဖို့တော့ မကျော့ခိုင်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ သိကြဟန်မရှိကြပါဘူး။

“ရက်ပျက်တယ်ဆိုပြီး အလုပ်ကထုတ်တာဆိုတာ နေ့တိုင်းနီးပါးပဲ၊ တိုင်ကြားကြတယ်လို့တော့မကြားမိခဲ့ဘူး” လို့ ပြောပါတယ်။

မကျော့ခိုင် ကတော့ အလုပ်ထုတ်ခံရတာဟာ စုဆောင်းထားတဲ့ ရပိုင်ခွင့်ကို ပယ်ဖျက်တယ်လို့ ယူဆတဲ့အတွက်အလုပ်သမားကူညီးရေးအဖွဲ့အစည်း အကူအညီနဲ့ အလုပ်သမားရုံးကို သွားရောက်အကြောင်းကြား တိုင်တန်းခဲ့ပါတယ်။

“သူတို့ကပြောတယ် စက်ရုံက နေ့စား စက်ရုံမို့လို့ ဘာအခွင့်အရေးမှ ခံစားခွင့်မရှိဘူးလို့ ပြောလိုက်တယ်။
လူမှုဖူလုံရေးလို့ အခွင့်အရေးမျိုးလည်း မရဘူးလို့ သဘောမျိုးလို့ “ ပြောပါတယ်။

အလုပ်သမားရုံးကို တိုင်ကြားပြီး ပြဿနာကို ဖြေရှင်းနိုင်ဖို့ မကျော့ခိုင် ရက်အတန်ကြာစောင့်ဆိုင်းခဲ့ရပါတယ်။ ဒီကလာအတွင်း နေထိုင်တဲ့ အခန်းကို ပြန်အပ်ခဲ့ကာ ဆွေးမျိုးနီးစပ်တစ်ဦးဆီ ဝိုင်းလုပ်ဝိုင်းစားနဲ့ နေထိုင်နေ ပါတယ်။

“ စာတင်ထားတဲ့ ကာလမှာ စက်ရုံမှာ လစာမထုတ်ရဲဘူး၊ ကိုယ်တိုင်ကလည်း ဘာမှမသိတော့ ၊ မသိတဲ့စာရွက်စာတမ်းတွေ လက်မှတ်ထိုးခိုင်းလိုက်မှာလည်း ကြောက်လို့” လို့ သူမက ဆိုပါတယ်။

မကျော့ခိုင်ရဲ့ လစာ အများဆုံး တစ်သိန်းရှစ်သောင်းဝန်းကျင်ဟာ အခန်းခ၊ စားသောက်စာရိတ်၊သားသမီး ၃ ယောက်ကို ထောက်ပံ့တာမို့ စုဆောင်းမိတာမျိုး မရှိခဲ့ပါဘူး။ သူမ ကိုယ်ဝန်နဲ့ နောက်ထပ် ၃ လလောက်အထိ စက်ရုံမှာ အလုပ်လုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်မိခဲ့တာပါ။

“နောက်ထပ် ၃ ၊၄ လလောက် လုပ်နိုင်မယ်ဆို ကိုယ်ဝန်အတွက်မပူရတော့ဘူး၊ အဲလို ထင်တာပေါ့၊အလုပ် ထုတ်ခံရတော့ ကျွန်မကိုယ်ဝန်အတွက် အတော်တော်ကို စိတ်ပူတာ” လို့ ပြောပါတယ်။

အလုပ်သမားရုံးကို စာတင်တိုင်တန်းထားပေမဲ့ စက်ရုံဆီက ဘာမှ မမျှော်လင့်ထားဘူးလို့ မကျော့ခိုင်ကပြော ပါတယ်။ လစဉ်ဖြတ်ထောက်တားတဲ့ လူမှုဖူလုံရေး အခကြေးငွေ အတွက် ခံစားခွင့်နဲ့ကိုယ်ဝန်ဆောင်ထားတဲ့ သန္ဓေသားငယ်ကို စိုးရိမ်စိတ်ကင်းကင်းနဲ့ ကောင်းမွန်စွာ မွေးဖွားလာစေဖို့သာမျှော်လင့်ထားပါတယ်။

“ စိတ်အေးအေးနဲ့ မွေးနိုင်ဖို့ဆို အလုပ်ရှိမှ ရမယ်လ၊ ကျွန်မမျှော်လင့်တာ အလုပ်ပြန် လုပ်ရဖို့ပါပဲ”

(ဓါတ်ပုံပါ ပုဂ္ဂိုလ်နဲ့ ဆောင်းပါးတွင်ပါဝင်သည့် ပုဂ္ဂိုလ် ပတ်သက်ခြင်းမရှိပါ)

*မကျော့ခိုင်ဟာ အလုပ်သမားကူညီရေးအဖွဲ့အစည်းရဲ့ ကူညီမှုနဲ့ အလုပ်သမားရုံးတာဝန်ရှိသူတွေရဲ့
ဖြေရှင်းမှုကြောင့် အလုပ်ပြန်ဝင်ခဲ့ရပေမယ့်၊ မွေးဖွားပြီးနောက် အလုပ်အကိုင်အတွက်
အာမခံချက်မရရှိခဲ့ပါဘူး။
----------
#MyanmarLabourNews


Related posts

Cover
အလုပ်ထွက်တဲ့အလုပ်သမားတွေ ဒေးကြေး ရက်မှန်ကြေး အချိန်ပိုကြေးနှင့် ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်ခံနေရ
Apr 23, 2024
Cover
လုပ်ငန်းခွင်အတွင်းက အခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးရန် တိုင်ကြားထားဟုဆို
Apr 22, 2024
Cover
လုပ်ခ မလုံလောက်မှုကြောင့် အလုပ်သမားများ စားဝတ်နေရေး ပိုမိုခက်ခဲလာ
Apr 22, 2024
Cover
အမျိုးသမီးများပါသွားရောက်လုပ်ကိုင်နိုင်မည့် ကိုရီးယား EPS-TOPIK စာမေးပွဲဧပြီ ၃၀ ရက် နေ့ဖြေဆိုရမည်
Apr 20, 2024
Cover
HOPE ONE CO,LTD စက်ရုံလုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်အပါအဝင် အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေဟုဆို
Apr 19, 2024
Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
လုပ်သားအင်အားရှားပါးမှုကြောင့် ကလေးလုပ်သား အသုံးပြုမှုပိုများလာ
Apr 15, 2024
Cover
ဒေါ်ခိုင်ဇာအောင်အား Arthur Svensson Prize ချီးမြှင့်
Apr 15, 2024