NEWS

ပျောက်ဆုံးသွားသော အနာဂတ်များ

CoverLogo
923 Views

"ခံစားချက်လေးကိုပြောပြချင်တယ်"


"လစာထုတ်ပြီးရင် နင့်လိုကောင်မမျိုးတွေက စားစရာမရှိတော့ဘူးလို့ ပြောတာကြားတဲ့အခါ ရင်ထဲမှာနာတယ်"
"သူက ချယ်လှယ်နေတာ အောစူပါ က အလုပ်သမားတွေကို ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုတာတွေရှိတယ် လက်ပါတာတွေရှိတယ် တချို့တလေ အသစ်တွေဆို ခေါင်းခေါက်တာတွေရှိတယ်"

စုစု ကအထည်ချုပ်အလုပ်သမားတစ်ဦးပါ။ သူမက လုပ်ငန်းခွင်ထဲမှာ ကြုံတွေ့ရတဲ့အခြေအနေတွေနဲ့ သူမရဲ့ ခံစားချက်တွေကို ရင်ဖွင့်ပါတယ်။

စုစုလုပ်ကိုင်တဲ့စက်ရုံမှာ အနည်းဆုံးအခကြေးငွေနဲ့ မလုံလောက်တာကြောင့် အပိုဆောင်းစရိတ်တိုးမြှင့်ပေးဖို့ အလုပ်သမားတွေစုပေါင်းပြီး လုပ်ငန်းခွင်ထဲမှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြပါတယ်။

"ဆန္ဒပြပြီးတောင်းတိုင်းရနေလို့ ဒင်းတို့က လူပါးဝနေတာ 
မရဘူး ငါဘာကောင်မဆိုတာ သိစေရမယ် နင်တို့အစွယ်တွေကိုချိုးပြမယ် ဆိုတာတွေ ပြန်ကြားရတယ်"လို့ စုစုက အဖြစ်သနစ်တွေကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ထဲက စုစု လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၈၀၀ ကျော်ဟာ ကုန်စျေးနှုန်း အဆမတန်တိုးမြင့်လာတာကြောင့် အပိုဆောင်းစရိတ်တိုးပေးရေး တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ ။

အလုပ်သမားတွေတောင်းဆိုတာက အခြေခံလုပ်ခလစာတိုးမြှင့်ပေးရေးဖြစ်ပြီး အခြေခံလစာ တိုးမြှင့်မပေးနိုင်ဘူးဆိုရင် ရှားပါးစရိတ်တိုးမြှင့်ပေးဖို့ လုပ်ငန်းခွင်ထဲမှာ အလုပ်ရပ်ပြီး တောင်းဆိုခဲ့ကြတာပါ၊

ဒီအဖြစ်အပျက် က ၂၀၂၂ ခုနှစ် August လထဲမှာ ဖြစ်ပွားခဲ့တာပါ။

"မန်နေဂျာက လုပ်ငန်းခွင်ထဲမှာ တော်တော်ကို စိုးမိုးချယ်လှယ် နေတာ"  
"သမီးတို့ အလုပ်သမားအများစုကို သူကချည်းချယ်လှယ်နေတာ ဆဲတယ် ဆိုတယ် စူပါတွေ လီဒါတွေကိုလည်း သူ့ဘက်ပါအောင် မတရားစည်းရုံးထားတာ သူ့ကိုမော့မကြည့်ရဲလောက်အောင် စည်းရုံးထားတာ"

"သူကမြန်မာပဲ။ သူက အောစူပါ အနေနဲ့ သိထားတာ တကယ်တမ်း ဦးစီးမှူးတွေနဲ့ ညှိတော့မှ သူမန်နေဂျာဆိုတာသိရတာ သူက တော်တော်ခြယ်လှယ်နေတာ အမရေ"

စုစုလုပ်ကိုင်နေတဲ့ စက်ရုံမှာ မန်နေဂျာတာဝန်ထမ်းဆောင်နေသူကို အလုပ်သမားဦးစီးဌာနက တာဝန်ရှိသူတွေ လာရောက် ညှိနှိုင်းကာမှ ရာထူးအမှန်ကိုသိခွင့်ရခဲ့တာလို့ သူမက ဆိုပါတယ်။

"အရင်က ဆို တရုတ်ဆရာတွေဘာတွေနဲ့ ညှိရင်ခဏလေးနဲ့ ရတယ် သူရောက်လာပြီးနောက်ပိုင်းမှာ သမီးတို့ကို မထီမဲ့မြင်ပြုလာတာ သူကပဲ ခြယ်လှယ်တာ ဆဲတာကို နင်တို့က အိမ်မှာနေသလို နေတာလား ဖာတန်းကို ကုန်းကြောင်းပို့မယ်ဆိုတာမျိုးတွေ လိုင်းထဲမှာက လူပျို အပျိုတွေရှိတယ် အိမ်ထောင်သည်တွေရှိတယ် လူငယ်တယောက်အနေနဲ့ အဲ့လိုအပြောခံရတော့ သမီးတော်တော်ရှက်တယ် မခံချင်ဘူးပေါ့နော် ငါဘာကောင်မဆိုတာ ဘယ်လိုလုပ်ပြမယ် ဘာကောင်မဆိုတာ နင်တို့သိစေရမယ် နင်တို့က ဘာကောင်မလဲ အဲ့လိုပြောတာ သူ့မှာ သမီးလေး ၁ ယောက်ရှိတယ် အိမ်ထောင်ကွဲနေတယ်လို့ သိရတယ်"

အောစူပါလို့ သိထားတဲ့ မန်နေဂျာအမျိုးသမီးက လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေကို ဆက်ဆံတဲ့ အခြေအနေတွေကို သူမက မခံမရပ်နိုင်ပါဘူး။

" စက်ရုံမှာ သမဂ္ဂကအရင်ကတော့ရှိတယ်အခုတော့မရှိတော့ဘူး ကိုယ့်နောက်မှာ မိသားစုရှိတယ်ဆိုတဲ့ စိတ်နဲ့ ဘာမှ လုပ်လို့မရဘူးပေါ့ ။ ကိုယ့်လုံခြုံရေးအတွက် ကိုယ်သတိထားပြီးနေရတာပေါ့။ 
သူတို့က ရှယ်ယာတွေနဲ့ပါ တိုက်ရိုက်ထိတွေ့နေတာက တရုတ် နာမည်ခံထားတာကတော့ မြန်မာနိုင်ငံသားပါ"

"၂၀၁၉ ထဲက စာချုပ်ထဲမှာ ဆဲပိုင်ခွင့်မရှိဘူး လက်ပါပိုင်ခွင့်မရှိဘူး စကားကို ကြမ်းကြမ်းတမ်းတမ်း ပြောပိုင်ခွင့်မရှိဘူးဆိုတာကိုထည့်ချုပ်ထားတာ သူ့မှာ အဲ့လို ပြောပိုင်ခွင့်မရှိဘူး သူက ၂၀၂၀ လောက်မှ ဝင်လာပြီး ခြယ်လှယ်နေတာ နေတာထိုင်တာက အစ လိုက်ပြီးတင်းကြပ်နေတာပါ"

"HR က ရုံးခန်းစာရေးမ သူနဲ့က တထပ်ထည်းပဲ။ စူပါတွေနဲ့သူနဲ့က အတူတူပဲ သူ့စကားတခွန်းပဲ သူကလည်းစူပါတွေကို ဘယ်လို လုပ်ရမလဲ ပြောရမလဲဆိုတာ တထပ်ထဲသင်ပေးပြီးသား"

"သူက လိုင်းထဲမှာ အမြဲတမ်းနေတော့ စိုးမိုးမှုပိုများတယ်"

စုစုက လုပ်သက် ၆ နှစ်ထဲရောက်လာတာဖြစ်ပြီး ဒီကာလတွေမှာ အနိမ့်ဆုံးလစာကနေ တက်သွားတာမရှိဘဲ C grate နဲ့သာ လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

"သမီးလုပ်တာက ၆ နှစ်ထဲရောက်နေပြီ စက်ချုပ်ပဲ လုပ်တာ ၆ နှစ်သာရှိလာတယ် စီဂရိတ်ပဲ အနိမ့်ဆုံးလစာပဲ တက်မသွားဘူး"

"စစချင်းတုန်းက ၃၆၀၀ နဲ့ ရတာ ပြီးတော့ ၄၈၀၀ တိုးသွားတယ် အဲ့တာပဲ ဂရိတ်တွေဘာတွေ တိုးပေးတာမရှိဘူး"

"အရင်ကတော့ ဂျပန်စက်ရုံမှာလုပ်ခဲ့ဘူးတယ် ၂ နှစ်လောက်လုပ်သက်ရှိခဲ့တယ် စက်ရုံမဝင်ခင် အိမ်စက်ရုံမှာလဲ လုပ်ခဲ့တော့ ဒီလောကထဲမှာ ၁၀ နှစ်လောက်တော့ရှိပြီ"

"သမီးက ၈ တန်းနဲ့ထွက်တာ ကျောင်းထွက်ပြီးတော့ အလုပ်လုပ်ခဲ့တာ ။"လို့ သူမရဲ့ ပညာရေးအခြေအနေကို ပြောပြပါတယ်။ သူမမိဘတွေက ဝန်ထမ်းတွေဖြစ်တာကြောင့် ရှမ်းပြည်နယ်မှာ သွားရောက် နေထိုင်နေရတာလို့ ဆိုပါတယ်။

စုစု ရန်ကုန်ကို ရောက်လာတာ ဆယ်စုနှစ် တစ်ခု ရှိသွားပါပြီ။ သူအတွက် ဘာတွေပြောင်းလဲ တိုးတက်သွားပါလဲ ။

၂၀၂၁ ဖေဖေါ်ဝါရီမှာ စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။

"သမီး တို့က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကုန်ဈေးနှုန်းတွေ နဲ့ လုပ်ခလစာနဲ့ နေထိုင်မှုဘဝက လုံးဝ ညီမျှမှုမရှိတော့ဘူး လောက်ငှမှုလဲ မရှိဘူး ခုဆို အကြွေးတင်နေ တယ် တခါမှ အကြွေးမတင်ဘူးတဲ့ လူတယောက်က အကြွေးတွေ တင်နေတော့ နိုင်ငံခြားထွက်ဖို့လုပ်နေပါတယ်"

ဒါပေမယ့် အခုချိန်မှာ အရင်တုန်းက ကုန်တာထက် အခုကုန်တာက ၃ ဆလောက်တက်နေတော့ အခက်အခဲတွေရှိတယ် သမီးကတော့ မလေးသွားဖို့ စီစဉ်နေတာပေါ့နော်

မလေးရှားကို အလုပ်သွားလုပ်ချင်တဲ့ စုစု

“သမီး မလေးသွားဖို့လုပ်နေတယ်”

"၄ လပိုင်းလောက်ထွက်နိုင်မယ်လို့ တော့ စဉ်းစားထားတယ် ဟိုဘက်က ပိတ်တာတွေ ဒီဘက်က ပိတ်တာတွေ တော့ရှိတယ် မကြီး ဒီနေ့နဲ့မနက်ဖြန်တောင်တူတာမဟုတ်တဲ့အတွက် သမီးတို့အနေနဲ့ပြောလို့တော့မရသေးဘူး"

"သမီးကတော့ တယောက်ထဲပဲ ကိုယ့်မိသားစုအတွက် ကိုယ်လုပ်မှ ဖြစ်မှာ မို့လို့ အားတင်းပြီးသွားမယ်လို့ စဉ်းစားထားတယ်"

"စက်ရုံမှာက လူဟောင်းများတော့ လူသစ်တရုံ လူဟောင်းတရုံခွဲထုတ်လိုက်တယ် လူသစ်တွေကျတော့ အိမ်သာသွားတာတောင် ဘယ်နှစ်ခေါက်သွားတယ် ဒီလိုဆိုအဆင်မပြေဘူး ဆိုပြီးချယ်လှယ်တယ်"

"ကိုယ်တိုင်ကြုံရတာပေါ့နော် လိုင်းသစ်ထဲရောက်သွားတုန်းက အိမ်သာသွားတာ နှေးလို့ ဆိုပြီးတော့ သွားတိုင်တယ် စူပါတွေက ရုံးခန်းထဲကိုတိုင်ခံရတယ် သမီးတို့မှာ ဟိုဘက်ဒီဘက် လှည့်ဖို့မပြောနဲ့ အထည်အလျဉ်မီအောင်ချုပ်ပေးနေရတာကိုပဲ သူတို့တောင်းတဲ့ စံချိန်မရလို့ သမီးကို ဟိုလိုလုပ်မယ် ဒီလိုလုပ်မယ် ဖြစ်ကုန်တယ်"

"စူပါတွေက မျက်စိဒေါက်ထောက်ကြည့်နေတာ ကိုယ်တွေ လူဟောင်းတွေအနေနဲ့ က သူတို့ပြောလာရင် ဒါတော့ ဖြစ်သင့်တယ် ဒါတော့မဖြစ်သင့်ဘူး ပြန်ပြီးတော့ ပြောနိုင်တဲ့ အခြေအနေမှာ ရှိတဲ့အတွက်ကြောင့် လမ်းလျှောက်တာနှေးလို့  ဆိုပြီး အဖော်ခေါ်လို့တောင်မရဘူး သူတို့ဖြစ်စေချင်တာက အိမ်သာကို အမြန်ပြေးသွား ပြီးရင် ပြန်ပြေးလာ အဲ့လိုမျိုး ဖြစ်စေချင်တာ"

"အခုလောလောဆယ်ချုပ်နေရတာက တစ်နာရီကို အထည် ၆၀ နီးပါးပေးရတယ် အိမ်သာသွားတာ ရေခပ်ရတာတွေရှိတယ် အဲ့တော့ ၅၅ ထည်နီးပါးရတယ် ဆီးကျင်တာတွေဖြစ်ရင် ဆေးသောက်ပြီးချုပ်ရတယ် ၁၀ နာရီ ( ညနေ ၆ ခွဲထိ) ဆိုရင် ၅၅၀ ပေးရတယ် အဲ့ဒါကို အထည် ၆၀ နှုန်းရအောင်ချုပ်မှ ရေသောက်ချိန်ရယ် အိမ်သာသွားချိန်ရယ်ရတာ"

"ကိုယ့်ပွိုင့်ပဲကိုယ်ချုပ်ရတာ သမီးကျတော့ အနောက်ဘက် အရွက်၂ ခုကိုကပ်ပြီး အလှချုပ်ရတာ၊ လွယ်တဲ့ပွိုင့်ဆိုရင် ၈၅၀ တယောက်ထည်းချုပ်ရတာ တလိုင်းနဲ့တလိုင်းက အော်ဒါမတူတော့ ပွိုင့်လည်းမတူကြဘူး"

"လိုင်နင်လိုင်း ရှဲလိုင်း ဆိုပြီးရှိတယ် တထည်လုံးချုပ်ရတာ ရှိတယ်။ချုပ်ရတာက ခက်တဲ့ထဲမှာပါတယ် အလုပ်အင်တာဗျူးလုပ်ရင် သမီးတို့ပွိုင့်ကို ချုပ်ပြရတာ ဖောင်းကြောင်းညှိရတာ အရွက်ကပ်ရတာ တွေလုပ်ရတာပေါ့။"

"စက်ပျက်သွားတာတို့ ပဲကျတာတို့ဆို ရူးနှမ်းနှမ်းတောင်ဖြစ်သွားတယ် ကိုယ်ရပ်သွားရင် အနောက်ကလူတွေကငုတ်တုပ်ဖြစ်သွားမှာလေ စက်ပျက်မှာကို ကြောက်လို့ ဂရုစိုက်ပြီးတော်တော့်ကိုအာရုံစိုက်ပြီးချုပ်ရတာပေါ့ စက်ပျက်သွားရင် တော်ရုံဆို စက်ပြင်မခေါ်ဘူး ကိုယ့်ဟာကိုယ်ပြင်ပလိုက်တာ စက်ပြင်က လူအများနဲ့မလုံလောက်တော့ နည်းနည်းပါးပါးဆိုကိုယ့်ဘာသာ လုပ်လိုက်ရတယ်"

စုစုက အသက် ၂၆ အရွယ်မြန်မာမိန်းကလေးတစ်ဦးပါ။ သူမရဲ့ လုပ်သက်က ၁၀ နှစ်။ အထည်ချုပ်နေရင်း စက်ပျက်သွားရင်တောင် အသေးအမွှားဆို ကိုယ်တိုင်ပြင်တတ်နေပြီလို့ ဆိုပါတယ်။

"လူဟောင်းတွေချည်းပဲဆိုရင် အပျက်အစီးနည်းတယ် မရှိသလောက်ပဲ ၊ အိတ်ထောင်ချုပ်လို့ ရွဲ့သွားတာ ချည်ကျတာ လွန်းဆံကုန်လို့ ပွင့်သွားတာတွေ ချည်စဆွဲမိလို့ ပြုတ်ထွက်တာ ချည်မွှေးညှပ်တွေက ကိုယ့်ပွိုင့်ကို ညှပ်မိတာမျိုးတွေရှိတယ်"

"စူပါ အောစူပါ တွေက အချုပ်သမားနဲ့ လစာ တအားကွာတယ် သူတို့ရဲ့ အစွန်းထွက်တောင်မရှိဘူး  လိုင်းအော ၆ သိန်းကျော်စူပါ ၅ သိန်းကျော်လောက်ရတယ် လီတာ ဖြစ်ဖို့က လုပ်သက်မလိုဘူး သူတို့ခိုင်းတာလုပ်ရင် လီတာပဲ ။

စုစုက သွက်သွက်လက်လက်နဲ့ ပြောပြန်တယ်။

"စက်ရုံမှာအရည်အချင်းရှိလို့ တက်သွားတယ်ဆိုတာထက် အိုတီဆင်းနိုင်တယ် သူတို့ကို ဖားနိုင်တယ်ဆိုရင် လီတာဖြစ်တယ် ရေဆိုရေ ဆီဆိုဆီ အချိုရည် ကော်ဖီအဲ့လိုပေးနိုင်ရတယ်"

"အလုပ်ချိန်က မနက် ၈ ကနေ ညနေ ၆ ခွဲထိ နေ့လည် ၁၂ နာရီကနေ ၁၂ ခွဲထိ ထမင်းစားချိန်
စနေက ညနေ ၄ ခွဲထိ အိုတီ ၄ နာရီ လုပ်ရတယ်။

"အထည်အရေးကြီးရင် နားလည်မှုနဲ့ခေါ်တာမျိုးရှိတယ် မဆင်းရတာများတယ်"

"၈ ခွဲထိ ဆင်းပေးရတာတွေရှိတယ်"
"အလုပ်ချိန် တစ်နေ့ ၁ဝနာရီခွဲ  အိုတီ ၂နာရီ"

"သမီးကတော့ အမြဲတမ်းခါးနာတဲ့သူပေါ့ ခြေထောက်တွေကိုက်တယ် လက်တွေကိုက်တယ် အမြဲတမ်းအကြောတက်တယ် အခုဆိုမျက်မှန်လုပ်ထားရတယ် မိုးရွာရင် ခြေဆစ်လက်ဆစ်တွေ အရမ်းကိုက်တယ်"

မိုးရွာမှာကြောက်တဲ့စုစုက သူငယ်ချင်းတွေနဲ့ အတူ အခန်းလေးတစ်ခုငှားနေတာပါ။

"တချို့ကျတော့လည်း နှလုံး သွေးတိုး သွေးပေါင်ကျတာတွေလည်းရှိတယ် ရောဂါအမျိုးမျိုးပေါ့ ။"

"သူငယ်ချင်းတယောက်ဆိုရင် ဖော့ကိုင်ရတာ လုပ်သက်ကလည်း ၈ နှစ်လောက်ရှိပြီဆိုတော့ အဆုတ်ရောဂါ ဖြစ်နေတာ ငှက်ပျောသီးလည်း တစ်နေ့တလုံးမစားဖြစ်ဘူး သူသူကိုယ်ကိုယ် ဈေးကြီးတာတွေဘာတွေဆို မစားဖြစ်ဘူးလေ ဖူလုံရေးခွင့်တွေနဲ့ နားတာများလာတော့ သူလည်း အားနာလာလို့ ထွက်သွားတယ် အလုပ်က မက်စ်တွေဘာတွေက ကိုဗစ်တုန်းက ရတယ် ကျန်တဲ့အချိန်တော့မရဘူး"

"အလုပ်ထဲမှာ ဘေးကင်းဖို့ လုပ်ပေးသင့်တယ်လို့ ထင်တယ်"
"နှစ်ပေါင်းအများကြီးစက်ချုပ်နိုင်လားဆိုတော့ အသက်က ၃၅ လောက်ဆို ဒီအလုပ်ကို မလုပ်နိုင်တော့ဘူး အခုတောင်မှ အေးဆေးနေတဲ့အချိန်မှာတောင် မထိုင်နိုင်ဘူး အကြောတွေအရမ်းတက်လို့"  

"၃၅ နှစ်လောက်ဆို ဒီစက်ချုပ်တဲ့အလုပ်ကိုလုံးဝမလုပ်နိုင်တော့ဘူး"

"လုပ်ငန်းခွင်ထဲမှာတော့ ၃၅ နှစ်ကျော်တဲ့လူတွေတော့ရှိတယ် စားဝတ်နေရေးအရပေါ့"

"သမီးဒီအလုပ်ဆက်လုပ်နိုင်မယ်ဆို အလွန် ဆုံး ၁၀ နှစ်ကနေ ၁၅ နှစ်ပေါ့ ဒီက ကုန်ဈေးနှုန်းနဲ့ ဒီအလုပ်ဆက်လုပ်နေရင် သမီးဘဝရပ်တည်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး သမီး မိသားစု ရပ်တည်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး အဲ့အတွက်ကြောင့်မို့ နိုင်ငံခြားမှာ ပိုက်ဆံရှာပြီး ပြန်လာရင် ဆိုင်လေးဖွင့်တာပဲ ဖြစ်ဖြစ် အစားအသောက်ရောင်းတာပဲ ဖြစ်ဖြစ် ကိုယ်ပိုင်စီးပွားရေး လုပ်နိုင်အောင်ကြိုးစားရမှာ အဲ့လိုမှ သမီးအတွက် အဆင်ပြေမှာ"

"အဆောင်လခက သုံးယောက်တခန်းကို တယောက်ကို ၄၀၀၀၀ ကျော်လောက်ကျတယ် ဒီကုန်ဈေးနှုန်းနဲ့ အိမ်ကိုမပို့နိုင်တာ ၂ လလောက်ရှိသွားပြီ"

"အိမ်ကလည်း သမီလုပ်စာပဲရှိတာလေ သမီးတော်တော်လမ်းပျောက်နေပြီ"

"အရင်တုန်းကတော့ ၅ သောင်းဆိုဆန်ဆီရတယ် ခုမရတော့ ဘူး ကုန်ဈေးနှုန်းက ၃ ဆလောက်တက်သွားတာဆိုတော့ အိမ်ကတော့ ဟိုချေးဒီချေးနဲ့ နေရတာပဲ"

"သမီးတို့က မိဘနဲ့အဝေးမှာနေတာဆိုတော့ ကိုယ့်ဘာသာစားဖို့ ချက်ပြုတ်ရတယ် ကိုယ့်ဖာသာဝေယာဝစ္စ လုပ်ရတယ် အိမ်သန့်ရှင်းရေးကအစပေါ့ သမီးအနေနဲ့ မနက်ဆိုရင် ၅ ခွဲလောက်ထတယ် ထမင်းဟင်းချက် ရေချိုး ဆွမ်းတော်ကပ် ပြီးရင် သနပ်ခါးလိမ်း ပြီး ဖယ်ရီကားဂိတ်ကို ၁၅ မိနစ််လောက်ကြိုသွားရတယ် စက်ရုံကပြန်လာပြီဆိုရင်  ဈေးဝယ်တယ် မနက်ထမင်းချိုင့်အတွက် ချုက်ပြုတ်တယ် ရေမိုးချိုးပြီး ထမင်းစားချိန်က ည ၉ နာရီ နောက်ပိုင်းမှာ အိပ်ပျော်တာပဲ"

အထည်ချုပ်အလုပ်သမားတစ်ယောက်ရဲ့ တစ်နေ့တာ လှုုပ်ရှားမှုတွေအကြောင်းကို စုစုက အကျဉ်းချုပ်ရှင်းပြပါတယ်။

"တနင်္ဂနွေဆို ဈေးမသွားတော့ဘူး စနေနေ့ကတည်းက ကြိုဝယ်လာတယ် အိပ်ယာကို ၉ နာရီလောက်မှထတယ် ချက်ပြုတ်တယ် အိမ်သန့်ရှင်းရေး လျှော်ဖွတ် ကြမ်းတိုက် ၂ နာရီလောက် ထမင်းစား တယ် ဖုန်းတွေဘာတွေ ကြည့်တယ် မနက်ထမင်းချိုင့်အတွက် ပြင်ဆင်တယ် ပြီးရင် ဘုရားရှိခိုးပြီးတော့ အိပ်တယ်"

"အဲ့လိုဖြတ်သန်းတာပဲ တယောက်နဲ့တယောက်တော့မတူဘူး။"

"လစာထုတ်ပြီးရင် အိမ်ဘက်မှာကရှားတော့ ငါးခြောက်တို့ ငရုတ်သီးဘာညာဝယ်ပြီး ကားဂိတ်ကနေသွားပို့တယ် တခါတလေ ကျရင် သူငယ်ချင်းတွေနဲ့အပြင်သွားတာရှိတယ် ကိုဗစ်ကာလနဲ့ အာဏာသိမ်းပြီနောက်ပိုင်းမှာ‌ေတာ့ မသွားဖြစ်တော့ဘူး"

"ရည်းစားတော့မရှိဘူး"

"ဗမာလူမျိုးပဲ ။ နယ်မှာပဲ ကြီးတာ အသက်ပြည့်တော့ ရန်ကုန်ရောက်လာပြီးအလုပ်လုပ်ရတာပဲ မိဘတွေက လက်လုပ်လက်စားပဲ ခုသီတင်းကျွတ်လပြည့်ဆို အဖေဆုံးတာ ၁၅ နှစ်ပြည့်ပြီ။"

"တစ်လကို ၂ သိန်း ၄ သောင်းကျော်ရတယ်"

"တစ်နေ့နဲ့တစ်နေ့ ကုန်ဈေးနှုန်းက တက်သွားတော့ ဘယ်လိုပြောရမှန်းမသိဘူး ဝယ်စားရတာလဲ အဆင်မပြေဘူး ချက်ပြုတ်စားရတာလဲ ကုန်ဈေးနှုန်းက တက်သွားတော့ ကြက်သွန် တောင် ထောင်နဲ့ချီပြီး ဝယ်ရတယ် အာလူးဆို ခေါင်ခိုက်နေလို့ ဈေးတက်ကတည်းက အာလူးမစားရတာကြာပြီ"

"ကန်စွန်းရွက်တော့ စားသေးတယ် ခုက ၅၀၀ ဆို‌တော့ နည်းနည်းတော့ရှောင်နေတယ်"

"ရန်ကုန်မှာ အိုးပိုင်အိမ်ပိုင်လေးနေဖို့က သမီးရဲ့အိမ်မက်ပဲ"

"မလေးသွားဖို့ က စုထားဆောင်းထားတာလည်းမရှိ‌တော့  စာအုပ်အရင် လုပ်လိုက် တကယ်လို့ ရပ်ကွက်က လှည့်လို့ရတယ်ဆိုရင် ယူသွားမယ် ရောက်မှ ပြန်ဆပ်ပေါ့ ထိုင်းဆိုလည်း အမ်အိုယူရှိတယ်လေ ဇီးရိုးကော့စ် တွေလည်းရှိတယ်ဆိုတော့ သိတဲ့သူတွေကို တိုင်ပင်တာမေးမြန်းတာရှိတယ် ကြည့်လုပ်တာပေါ့"

စုစုက သူမရဲ့ ပြည်ပထွက်ခွာမယ့်အစီအစဉ်အတွက် ခေါင်းစားနေပါတယ်။

"အမေကတော့ ပေးမသွားစေချင်ဘူး ခုက အလုပ်နဲ့ ကုန်ဈေးနှုန်းနဲ့ ရပ်တည်မှုက ဘယ်လိုမှ အဆင်မပြေတော့ဘူး သားသမီးတွေနဲ့တော့ မခွဲချင်းဘူးအမေက ခုအခြေအနေအရက လည်း မလုပ်လို့မရတော့ ခွဲရအုံးမှာပေါ့ "

"မောင်နှမ ၄ ယောက်မှာ နံပတ် ၃ ပါ ရှေ့က လူတွေက အိမ်ထောင်သည်တွေဆိုတော့ အိမ်ကို ပြန်မကြည့်နိုင်ဘူး လုပ်စာကတော့ သမီးလုပ်စာပဲရှိတာပေါ့။"

"ရွှေ့ပြောင်းလုပ်သား တယောက်အမြင်ကတော့ မနက်မိုးလင်းရင် သွား ညမိုးချုပ်ရင်ပြန် အဲ့လိုမျိုး အခြေအနေမှာရှိတယ် တချို့ကကတော့လည်း ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေရှိတယ် ကြိုးစားနေတဲ့သူတွေရှိတယ် မဖြစ်မနေ ငါဒီအလုပ်လုပ် မှ အဆင်ပြေမယ် နောက်အလုပ်ပြောင်းမယ်ဆိုရင် ငါ့ရဲ့မိသားစုတွေ အဆင်မပြေဖြစ်မှာ စိုးရတယ်လေ သမီးအနေနဲ့ ဆိုရင် အထည်ချုပ်ကို လုံးဝစိတ်မဝင်စားဘူး ဒါပေမယ့် သမီးဒီအလုပ်လုပ်မှ မိသားစုအဆင်ပြေမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီအလုပ်မှာ နှစ်တွေ ကြာနေတာပေါ့"  "ဒါသမီးရဲ့ ခံစားချက်ပေါ့"

"သမီးအနေနဲ့ ကုမ္ပဏီမှာ မားကတ်တင်းတို့ အရောင်းအဝယ် ဝါသနာပါတယ် အဲ့လိုအလုပ်လုပ်နေရင် မိသားစုအတွက် ဘယ်လိုမှ အဆင်မပြေ ဘူး အဲ့ဒါနဲ့ တယောက်ထည်း ရန်ကုန်တက်လာတယ် အထည်ချုပ် မှာလုပ်တယ် ဒါကျတော့ မိသားစုအတွက် အဆင်ပြေသွားတာပေါ့ အရမ်းကြီး ပြီးပြည့်စုံသွားတာတော့ ဘယ်ဟုတ်မလဲ မကြီး ရယ်"

"စားရေးသောက်ရေးတော့ နည်းနည်းအဆင်ပြေသွားတာပေါ့"

 

#MyanmarLabourNews

 


Related posts

Cover
တရုတ် သို့ မြန်မာအလုပ်သမားစေလွှတ် ဖို့ ဆွေးနွေး ညှိနှိုင်းနေ ဟုဆို
Apr 23, 2024
Cover
သင်္ကြန်ကာလပြီးနောက် လူငယ်များပြည်ပထွက်ခွာမှုပိုများလာ
Apr 23, 2024
Cover
ဘန်ကောက်တွင် သေဆုံးခဲ့သည့် မြန်မာလုပ်သားအတွက် ဘတ် နှစ်သိန်းနှင့် ညှိနှိုင်း
Apr 22, 2024
Cover
ဧပြီလ ၂၉ရက် မှစပြီးထိုင်းနိုင်ငံသို့ MOU မြန်မာအလုပ်သမား များ ကို လေကြောင်း ဖြင့် စေလွှတ်မှု စတင်မည်
Apr 21, 2024
Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ဆူညံသည်ဆိုပြီး မြန်မာလူငယ်များအား ထိုင်းအာဏာပိုင်များက ပြည်တွင်းသို့ ပြန်ပို့ရန် စီစဥ်
Apr 13, 2024
Cover
အလုပ်သမားများ နစ်နာမှုများအား ပြည်ပအလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ ဆွေးနွေးခြင်းမရှိ
Apr 13, 2024
Cover
ထိုင်း-ကော့တောင်ကျွန်းအနီး ကုန်တင်သင်္ဘောမီးလောင်မှုမှာ မြန်မာလူငယ်တဦးပျောက်ဆုံးနေ
Apr 07, 2024