ဒီတကြိမ်မှာငြိမ်ခံနေလိုက်ရင် ဘယ်တော့မှရမှာမဟုတ်တော့ဘူးလေ။

cover
profile
Aug 15, 2022

ရက်မှန်ကြေး ရရှိဖို့ တောင်းဆိုနေတဲ့ PMG ကုမ္ပဏီ ပုလင်းဆေးဌာန အလုပ်သမားတွေဟာ ၆ ရက်မြောက်နေ့ ဆက်လက်သပိတ်မှောက်နေတယ်လို့ သိရပါတယ်။ ဒီကနေ့ သပိတ်မှောက် အဖွဲ့ဝင်တွေထဲက ၁ ဦး နှုတ်ထွက်ခဲ့တာကြောင့် သပိတ်မှောက်အဖွဲ့ဝင် အင်အား ၃၇ ဦး ရှိနေပါတယ်။

PMG ပုလင်းဆေးဌာနက အလုပ်သမားဝန်ထမ်းတွေဟာ ကိုဗစ်ကာလအတွင်း အလုပ် မလုပ်ခဲ့ရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်ခလစာရဲ့ ၁၀ ရာခိုင်နှုန်း ရက်မှန်ကြေးကို ဖြတ်တောက်ခဲ့တာကြောင့် ပြန်လည်ရရှိဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး တောင်းဆိုတာကို PMG အရက်ဌာနက အလုပ်သမားတွေကလည်း ပြီးခဲ့တဲ့ နှစ်အတွင်းကတောင်းဆိုခဲ့ဖူးပေမယ့် ရန်ကုန်တိုင်း ခုံသမာဓိကောင်စီက ပယ်ချခဲ့ပါတယ်။

ဒါကြောင့် PMG ပုလင်းဆေးဌာနက အလုပ်သမားတွေက ခုံသမာဓိကောင်စီရဲ့ အဆုံးအဖြတ်ကို ယုံကြည်မှုမရှိ တာကြောင့် အခုလို လုပ်ငန်းခွင်အတွင်း သပိတ်မှောက်နေကြတာဖြစ်ပါတယ်။

သပိတ်မှောက်ရာမှာပါဝင်တဲ့ အလုပ်သမားတစ်ဦးကို Myanmar Labour News က ဆက်သွယ်မေးမြန်းထားပါတယ်။

 

သပိတ်အခြေအနေလေးပြောပြပေးပါအုံး။

သပိတ်က အလုပ်သမားဝန်ကြီးဌာနကတော့ ဒီနေ့ ခေါ်ပြီးတော့ ညှိနှိုင်းမှုတစ်ခုလုပ်ပေးတယ် အဆင်ပြေမှုတော့အခုထိ မရသေးဘူး။ သူတိုက ဘယ်လိုပြောရမလဲ ၁၀ ရာခိုင်နှုန်း အပြည့်မဟုတ်ရင်တောင်မှ နည်းနည်းလောက် လျှော့ ပေးပါ ဆိုတော့ ကျမတို့ အလုပ်သမားတွေ ဘက်ကလည်း ၂ ရာခိုင်နှုန်းလောက်ထိတော့ လျှော့ပေးထားတယ် ၈ ရာခိုင်နှုန်းလောက်ပေးရင် အလုပ်သမားတွေဘက် က လက်ခံနိုင်ပါတယ် လို့တော့ သူတို့ဘက် ကို တောင်းဆိုထားတယ် ဒါပေမယ့် ညှိနှိုင်းမှုက အချိန်နောက်ကျသွားလို့ မနက် ဖြန် ၂ နာရီထပ်ချိန်းထားပါတယ်

သပိတ်မှောက်အလုပ်သမားက ဘယ်နှစ်ယောက်ရှိပါသလဲ။

၃၈ ယောက်ကို ဒီနေ့မနက်ပဲ ၁ ယောက်ထွက်သွားတယ် ။ သပိတ်မှောက်တဲ့ အစီအစဉ်ကို မပါတော့ဘဲနဲ့ အလုပ်သွားပြန်လုပ်တော့မယ်ဆိုပြီးတော့ ထွက်သွားတာပါ ၃၇ ပဲကျန်တော့တယ်။

ဩဂုတ် ၁၆ ရက် နေ့လည် ၂ နာရီမှာ  အကြောင်းပြန်မယ်ဆိုတော့ မနက်ပိုင်းရောဆက်ပြီးသပိတ်မှောက်သွားဖို့ရှိပါသလား။

မနက်ပိုင်းမှာတော့ သူတို့ဘက်က ဘာမှ ကတိပေးထားတာမရှိတဲ့အတွက် ဒီလိုပဲ သပိတ်မှောက်သွားပါအုံးမယ်။

ညှိနှိုင်းတယ်ဆိုတာကရော။

လာညှိတယ်ဆိုတာက စက်ရုံကိုလာညှိတာတော့မဟုတ်ဘူး ကျမတို့ကိုစက်ရုံက ကားကိုစီစဉ်ပေးပြီးတော့ အင်းစိန် အလဆ ရုံးကိုခေါ်ပြီးတော့ ညှိပေးတာ။ ပြီးတော့ ထွက်သွားတဲ့ ၂ ယောက်ကိုလည်း သူတို့က ခေါ်တယ် ဘာကြောင့် ထွက်တာလဲ ဆိုပြီးတော့ ကျန်တာတော့ ဘာတွေမေးတယ်တော့ မသိဘူးပေါ့။ ကျမတို့ကိုလည်း သပိတ်ဘာကြောင့် သပိတ်မှောက်တာလည်း ဆိုပြီးမေးတယ် ။

ညှိနှိုင်းတဲ့အခြေအနေလေးပြောပါအုံး။

ခုကတော့ ဦးစီးမှူးတွေတင် မဟုတ်ဘူး အလဆ တိုင်းမှူးရယ် အလရ ရော တိုင်းမှူး ၃ ယောက်လုံးလာတယ် ဖိအားပေးမှုတွေတော့မရှိပါဘူး အလုပ်သမားရဲ့ ဆန္ဒအတိုင်းညှိပေးမယ်လို့ သူတို့ကတောင်းဆိုပါတယ်။

သပိတ်မှောက်တာ ၆ ရက်ရှိသွားပြီဆိုတော့ လုပ်ငန်းခွင်ထဲမှာ အပြောင်းအလဲတွေရှိပါသလား။

လုပ်ငန်းခွင်ထဲမှာ ဆန္ဒပြတဲ့အပေါ်  တခြားအလုပ်သမားတွေက ထွေထွေထူးထူးတော့ ဆက်ဆံတာမျိုးမရှိပါဘူး။ သူတို့က ၁၀၀ ရာခိုင်နှုန်းနဲ့ ကျေနပ်ပြီးတော့ အလုပ်လုပ် နေတယ် ကိုယ်တွေကတော့ ၁၀၀ ရာခိုင်နှုန်းနဲ့ မကျေနပ်လို့ ယခင်ပေးခဲ့တဲ့ ရက်မှန်ကြေး ၁၀ ရာခိုင်နှုန်းကို ပြန်တောင်းတယ်ဆိုတော့ ဒီလိုပဲနေရတာပေါ့ တခြား ထွေထူးတော့မရှိပါဘူး။

လုပ်ငန်းခွင်အတွင်းအလုပ်မလုပ်ဘဲ ဆန္ဒဖော်ထုတ်တဲ့အတွက်ရော အလုပ်ရှင်ဘက်က ဘာများပြောဆိုတာရှိပါသလဲ။

အလုပ်မလုပ်တဲ့အတွက် စစချင်းသပိတ်စမှောက်တဲ့နေ့တုန်းက ဩဂုတ် ၈ ရက်နေ့ကပေါ့နော် အလုပ်မလုပ်လို့ရှိရင် လစာမပေးဘူးလို့ အလုပ်ရှင်ဘက်က ပြောတာရှိတယ်ရှင့် ။

ဘယ်လောက်ထိမျှော်လင့်ထားပါသလဲ။

၈  ရာခိုင်နှုန်းထက်တော့ နောက်ဆုတ်မပေးတော့ဘူးပေါ့နော် အဲ့လောက်ထိ နောက်ဆုတ်ပေးထားပြီးပြီဆိုတော့ ရဖို့တော့မျှော်လင့်ပါတယ် ဘာလို့လည်းဆို‌တော့ ခုခေတ်ကာလနဲ့လည်း အရှည်အရှည်တော့ သိပ်ပြီးတော့ မသွားချင်ဘူးပေါ့နော်။

ဘယ်နှစ်လစာအတွက်တောင်းဆိုတာပါလဲ။

ဘယ်နှစ်လစာရယ်လို့တော့ မတောင်းထားပါဘူး ဒီလအတွက်ပဲ ပေးဖို့ ဘတ်ဒိတ်တွေဘာတွေ ပြန်တောင်းတာမလုပ်ပါဘူး ကျမတို့ အလုပ်သမားတွေဘက်ကလေ ဒီလကစပြီးတော့ ပေးသွားဖို့ အဲ့လိုပဲတောင်းဆိုသွားမှာပါ။

၁ ကျပ်မှ မရတာထက်စာရင် ၈ ရာခိုင်နှုန်း လောက်ရရင်တော့ နည်းနည်းပါးပါး လမ်းစရိတ် ဖိုးထွက်လာတာပေါ့ လစာရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲပေးတာဆိုတော့ အခုလစာ ၁ သိန်း ၆ သောင်းနဲ့  ၉ ထောင့် ၅ ရာ။ ကျမလစာကဆိုတော့ ရက်မှန်ကြေးကျရင် ၁၆၉၅၀ ပေါ့ ရက်မှန်ကြေးက အဲ့လိုရတယ်။

ပုလင်းဆေး ဌာနမှာဝန်ထမ်းဘယ်လောက်ရှိပါသလဲ။

ပုလင်းဆေးဌာနမှာ လုံခြုံရေးအပါဆိုရင်တော့ ၇၀ ကျော်လောက်ရှိတယ် ရေးဆးဌာနမှာတော့ယောက်ကျားလေးမရှိဘူး  မိန်းကလေးအများစုပဲ အလုပ်တွေလုပ်ရတာ

တောင်းဆိုချက်တွေက အလုပ်သမားအကုန်လုံးအတွက်လား။

အမတို့ကတော့ ခွဲခြားပြီးတော့ တောင်းဆိုတာမရှိဘူး ကျမတို့ကိုပဲပေးပါ ဟိုလူတွေကိုမပေးပါနဲ့ဆိုပြီးတော့ မပြောဘူး

အကုန်လုံးက ဝန်ထမ်းတွေချည်းပဲဆိုတော့ မတောင်းတဲ့လူကိုလည်းပေးမယ်လို့တော့ထင်တာပဲ။ 

သပိတ်မှောက်ဖို့ဆုံးဖြတ်ခဲ့တဲ့အတွက် ခံစားချက်ကိုသိပါရစေ။

အရမ်းသတ္တိတွေရှိလွန်းလို့လုပ်တာမဟုတ်ပါဘူး။ ဒီ ၁၀ ရာခိုင်နှုန်းရက်မှန်ကြေးက ၂၀၂၀ ခုနှစ် ၉ လပိုင်းကတည်းကမပေးဘူးလေ မပေးတဲ့ အခါကျတော့ အဆင့်ဆင့်တောင်းဆိုနေလည်း မပေးတဲ့အခါကျတော့ ဒီတကြိမ်မှာငြိမ်ခံနေလိုက်ရင် ဘယ်တော့မှရမှာမဟုတ်တော့ဘူးလေ။

ဘယ်တော့မှ ရမှာမဟုတ်တော့တဲ့အတွက် အမတို့ကလည်း ဥပဒေဘောင်ထဲကသွားတာပဲ တခြား အန္တရာယ်တော့မရှိလောက်ပါဘူးပေါ့ နော် ရှိလာခဲ့ရင်လည်းရင်ဆိုင်မယ် ဆိုတဲ့အတွေးမျိုးနဲ့‌ ရွေးချယ်ပြီး လုပ်ခဲ့ရတာပေါ့နော် ။

လူမှုဖူလုံရေးအခြေအနေရောဘယ်လိုရှိပါသလဲ။

လူမှုဖူလုံရေး နဲ့ပတ်သက်လာရင်တော့ အဆင်ပြေတယ် ၂၀၁၂ ထည်းက ဖူလုံရေးကြေးထည့်ထားတာဆိုတော့ အဆင်ပြေပါတယ်။ဆေးခွင့်တွေလည်း ယူလို့ရပါတယ်။

လုပ်သက်က ၁၁ နှစ်လောက်ရှိပါပြီ ရေဆေးဌာနမှာ ဝိုင်းခေါင်းဆောင်ပါ။


ခုရတဲ့ လစာနဲ့ လောက်ငှမှုရှိပါသလား။သိရပါစေ။

ရတဲ့လစာက ၁၆၉၅၀၀ ပါ၊ မလောက်ပါဘူး အရင်တုန်းကတော့ မပိုလျှံဘူးဆိုပေနဲ့ လောက်ငှမှုတော့ရှိတာပေါ့ အခုကျတော့ ဆီတပိဿာကို ၉၀၀၀ လောက်ဖြစ်နေတာဆိုတော့ ဘယ်လောက်ငှမလဲ မရှိပေမယ့်လည်း အမတို့က အသက်တွေကလည်း ၃၀ ကျော်ပြီ အလုပ်မှာလည်း ၁၀ နှစ်ကျော်ကြာပြီဆိုတော့ တခြားအလုပ်တွေရှာဖို့ကျလည်း အဆင်မပြေဘူး တက်ကျွမ်းတဲ့ ပညာရပ်ကလည်း မရှိဘူးရှင်။

အဲ့ဒီတော့ ရှိတဲ့အလုပ်ကိုပဲ သည်းခံပြီးတော့ လုပ်နေရတဲ့ သဘောပေါ့နော် ရန်ကုန်ဇာတိလည်းမဟုတ်တော့ မိသားစုနဲ့ငှားနေရတာ အိမ်လခက ၆၀၀၀၀ တချို့လတွေလည်း သူများဆီက ချေးသုံးရတာတွေလည်းပါသေးတယ်။

တခြားဘာအခက်အခဲတွေရှိသေးလဲ။

ဘယ်လိုအခက်အခဲတွေရှိလည်းဆိုတော့ အခုလိုသပိတ်မှောက်ရတဲ့ကာလမှာ မိသားစုစားဖို့နေရေး အခက်အခဲတွေတော့ရှိတာပေါ့နော် ရှိပေမယ့်လည်း ဒီတိုင်းနေလို့မှမရတာ တသက်လုံးဒီတိုင်း နေသွားရ တော့မှာလေ 
အဲ့တာ ကြောင့် အားတင်းပြီးလုပ်ရတာပေါ့နော် အမတို့အနေနဲ့တော့ ဒီညှိနှိုင်းမှု အမြန်ဆုံး အဆင်ပြေသွားချင်ပါတယ်။

ဖြေကြားပေးတာကျေးဇူးအထူးတင်ရှိပါတယ်။

 

803 Views

Related News

cover
Myanmar Gigi စက်ရုံမှာ နေ့စား တနှစ်နီးပါး လုပ်ကိုင်ပေမဲ့ အမြဲတမ်းလုပ်သား ခန့်ထားခြင်းမရှိ
Mar 21, 2023
cover
ပဲခူး ကောင်းဝိတ်ဆဲလ်ကုမ္ပဏီပိုင် စက်ရုံက သင်္ကြန် အလုပ်ပိတ်ရက်များအား အစားထိုးဆင်းခိုင်း
Mar 19, 2023
cover
လုပ်ငန်းခွင်နဲ့မသက်ဆိုင်တဲ့ အလုပ်တွေ ခိုင်းစေခြင်းမပြုလုပ်ဖို့ အလုပ်သမားတွေတောင်းဆို
Mar 18, 2023
cover
၂၀၂၂ ခုနှစ်အတွက် အလုပ်သမားအရေး အနှစ်ချုပ် (Myanmar Labour News)
Mar 18, 2023
cover
ရွှေပြည်သာက GY Sen(Primseng GUO) စက်ရုံပိတ်သိမ်းပြီးတစ်လမပြည့်မီပြန်လည်လုပ်သားခေါ်ယူနေ
Mar 18, 2023
cover
တရားစွဲခံ ရိမ်းဘိုးဆပ်ပြာစက်ရုံသမဂ္ဂခေါင်းဆောင်များအား နုတ်ထွက်ရန် ညှိနှိုင်း
Mar 17, 2023
cover
H&M အမှတ်တံဆိပ်ချုပ်တဲ့ Suzhou Silk Fashion (Myanmar) အထည်ချုပ်စက်ရုံပိတ်ရက်တွေအတွက် ဒေးကြေးပေးဖို့အလုပ်သမားတွေတောင်းဆို
Mar 16, 2023
cover
အလုပ်သမားအခွင့်အရေးများ လစ်လျူရှု့ခံနေရတယ်လို့ အလုပ်သမားတွေပြော
Mar 14, 2023
cover
သင်္ကြန်အလုပ်ပိတ်ရက် လုပ်ခလစာမပေးလိုတာကြောင့် အလုပ်သမား(၄၀၀)ကျော်အား အလုပ်မှရပ်ဆိုင်းခဲ့ဟုဆို
Mar 14, 2023
cover
W&F GROUP CO.,LTD အထည်ချုပ်စက်ရုံမန်နေဂျာ မှ အလုပ်သမားများအား မိုက်ရိုင်းစွာပြောဆိုအလုပ်ထုတ်
Mar 14, 2023



About Us

To uphold the rule of law needed to improve the social-economic life of the working class in Myanmar. To help the transition to democracy as media role in the workforce gender equity.

Contact Us

Download App

applegoogle