မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် ( MSF Myanmar Seafarers Federation )ဥက္ကဌ ကပ္ပတိန်စိုးမင်းအောင် နှင့် တွေ့ဆုံမေးမြန်းခြင်း။

cover
profile
Jul 3, 2022

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် ( MSF Myanmar Seafarers Federation )ဥက္ကဌ ကပ္ပတိန်စိုးမင်းအောင် နှင့် တွေ့ဆုံမေးမြန်းခြင်း။

ဇူလိုင်လ ၁၀ ရက်မှာ အဖွဲ့ချုပ်က အလုပ်အမှုဆောင် သစ်တွေ ရွေးချယ်တင်မြောက်တော့မှာဆိုတော့ အဲဒီအခြေအနေလေး ရှင်းပြပေးပါ။

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်က မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော အလုပ်သမားအဖွဲ့ချုပ်ဖြစ်ပါတယ်။ မှတ်ပုံတင်နံပါတ် ၁/၂၀၁၂ ခုနှစ် ဧပြီလ ၅ရက်မှာ မှတ်ပုံတင်ခွင့်ပြုမိန့်ရခဲ့တယ်။ အဲဒီကနေ  စပြီးတော့ ၂၀၁၃မှာ တစ်ကြိမ်၊ ၂၀၁၅ မှာ တစ်ကြိမ်၊ ၂၀၁၇ မှာ တစ်ကြိမ်၊ ၂၀၂၀ မှာ တစ်ကြိမ်ပေါ့ ကျင်းပပြီးပါပြီ။ ကျွန်တော်တို့က အလုပ်သမားအဖွဲ့ချုပ် ဖြစ်တဲ့အတွက် အလုပ်သမားဝန်ကြီးဌာနကနေ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ အလုပ်သမားအဖွဲ့အစည်း ဥပဒေပေါ့လေ။ ဥပဒေ၊ နည်းဥပဒေအပေါ်မှာ မူတည်ပြီးတော့ အဖွဲ့ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းကို ရေးသားရပါတယ်။ ၂ နှစ် တစ်ခါ ရွေးကောက်ပွဲလုပ်ရမယ်ဆိုပြီးတော့ ဖြစ်လာတယ်။ ဒီတော့ ၂၀၂၂ မှာ ငါးကြိမ်မြောက် ရွေးကောက်ပွဲ ကျင်းပတာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေမှာ ပင်လယ်ကူးသင်္ဘောသားတွေရဲ့ အလုပ်အကိုင်အခြေအနေကို သိချင်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဘယ်အခြေအနေပဲ ဖြစ်ဖြစ်ပေါ့နော်၊ ကျွန်တော်မြင်တာက ကမ္ဘာ့စီးပွားရေး ကောင်းနေတယ်ဆိုရင် သင်္ဘောသားလုပ်ငန်းက အမြဲတမ်းလိုလို တိုးတက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာ ကုန်ပစ္စည်းတွေ သယ်၊ပို့ခြင်းရဲ့ ၉၀ ရာခိုင်နှုန်းက သင်္ဘောနဲ့ သယ်ပို့လုပ်ကြတာ ဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ စီးပွားရေး လုပ်ငန်းကောင်းရင် သင်္ဘောလုပ်ငန်းက ကောင်းတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့အတွက် ကြီးမာတဲ့ အခွင့်အလမ်းတစ်ခု ရနေပါတယ်။ အဲဒါက ယူကရိန်-ရုရှားပဋိပက္ခကြောင့် အရှေ့ဥရောပနိုင်ငံမှာ ရှိတဲ့ သင်္ဘောသားအရာရှိတွေက သင်္ဘောလိုက်တာက ကျဆင်းသွားမဲ့ သဘောမှာ ရှိတယ်။ အဲဒီလူဦးရေး ကျမဲ့ဟာမှာ လစ်လပ်သွားမဲ့နေရာတွေမှာ ကျနော်တို့ ဘက်က အမိအရ ရယူဖို့လိုတယ်။ အဲဒီအခွင့်အလမ်းကလည်း တစ်သက်လုံးပေါ်နေမှာ မဟုတ်ပါဘူး။ အခုလောလောဆယ်မှာပဲ ပေါ်နေတာပေါ့နော်။ 

အဲဒီကာလ ၅လ/၇လ/၈လ ကို အခွင့်အရေး ရသွားလို့ရှိရင် လစ်လပ်သွားတဲ့ အရှေ့ဥရောပက နေရာတွေကို အလုပ်ရှင်တွေဘက်က ကျွန်တော်တို့ဆီကို ဆက်တိုက်အလုပ်ခန့်မယ့် သဘောလေး တွေ့ရပါတယ်။ ဒုတိယတစ်ချက်တော့ ကိုဗစ်ကာလ တစ်လျှောက် စီးပွားရေး လေကြောင်းလိုင်းတွေ ကန့်သတ်တာ ရှိတယ်။ သွားရေး လာရေး ခက်ခဲတဲ့အခါကျတော့ ဥရောပနိုင်ငံဘက်က သင်္ဘောပိုင်ရှင်တွေက မြန်မာသင်္ဘောသားတွေကို ခေါ်တာ နည်းနည်းလေး ကျသွားတယ်လို့ မြင်ရတယ်။ ဘာကြောင့်လဲဆိုတော့ သွားတဲ့ လေကြောင်းခရီးစဉ်၊ နောက် ကျွန်တော်တို့ဘက်က မြန်မာနိုင်ငံသားတွေမှာ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရမဲ့ဟာက တချို့ဟာတွေမှာ အချိန်မီ မပေးနိုင်တာတွေ ရှိတဲ့အတွက် ကျွန်တော်တို့ဘက်က အလုပ်အကိုင်အခွင့်အလမ်း ကျသွားတယ်လို့ မြင်ရတယ်။ သိုသော် အခု အာရှတိုက်ထဲမှာ သင်္ဘောပိုင်ရှင်တွေက မြန်မာလူမျိုးတွေကို ပိုခေါ်တယ်။ ဘာလို့လဲဆိုရင် သွားလို့၊ လာလို့ အဆင်ပြေတယ်။ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်တယ်။ ဒီတော့ ကိုဗစ်ကာလမှာ အလုပ်အကိုင်အခွင့်အလမ်း ကျသွားတာ သိပ်မတွေ့ရပါဘူး။ 

သို့သော် ပထမ ပြောခဲ့တဲ့ ရုရှား-ယူကရိန်းပဋိပက္ခဖြစ်နေတဲ့ ၅လ/၈လကို  အခွင့်အလမ်း ယူနိုင်ရင် လက်ရှိ ရှိနေတဲ့ ပြည်ပထွက်ပြီးတော့ သင်္ဘောလိုက်နေတဲ့ သင်္ဘောသားအရေအတွက်ထက် နောက်ထပ် ၄၀၊ ၅၀ ရာခိုင်နှုန်းကျော် အလုပ်ရဖို့ ဖြစ်နိုင်တယ်။ သာဓကအနေနဲ့ လောလောဆယ် ကျွန်တော်တို့ဘက်က မြန်မာတွေက တစ်နှစ်ကို လူဦးရေး ၄၀၀၀ နီးပါးလောက် ပြည်ပကို ထွက်ပြီးတော့ သင်္ဘောလိုက်ကြတယ်ဆိုတာ တကယ်လိုသာ ပထမပြောတဲ့ အခွင့်အလမ်းကို ယူနိုင်ရင် ၁၅၀၀၀၊ ၂၀၀၀၀ ဦးခန်း အလုပ်ရနိုင်ခြေ ရှိတယ်ပေါ့။ ဒါကို သွားမယ်ဆိုရင် လိုက်ဖြည့်ရမှာတွေ ရှိတယ်။ အခုက စီးပွားဖြစ် လေကြောင်းလိုင်းတွေ ပြန်ဖွင့်ပြီးဆိုတော့ လေယာဉ်ခရီးစဉ်တွေအတွက် အခက်အခဲ မရှိတော့ဘူး။ သို့သော် ပတ်စပို့ အသစ်လျှောက်တာပဲဖြစ်ဖြစ်၊ အဟောင်းကို သက်တမ်းတိုးတာပဲ ဖြစ်ဖြစ် အွန်လိုင်းကနေ ရက်ချိန်းယူပြီးမှ လုပ်နေရပါတယ်။ ဒါက သင်္ဘောသားတွေအတွက် ဖင့်(နှေးကွေး)နေပါတယ်။ ၁လခွဲ၊ ၂ လနေမှ ရက်ချိန်းရတယ်။ သို့သော် သင်္ဘောသားက ကြားကာလမှာ အလုပ်အကိုင်ပေါ်လာရင် သွားမရဘူး ဖြစ်သွားမှာပေါ့နော်။ ဒုတိယအချက်က ကိုဗစ်ကြောင့် ရေကြောင်းနဲ့ဆိုင်တဲ့ သင်တန်းတွေ ပိတ်ခဲ့ရတယ်။ အခုမှ ပြန်ဖွင့် ရတယ်ဆိုတော့ အဲဒီကာလအတွင်းမှာ သင်တန်းမတက်ရသေးသူတွေက သင်တန်းတွေ ပြန်တက်ကြမယ်။ အဲဒါအပြင်ကို မနှစ်က အောက်တိုဘာလ ခန့်က စတင်ပြီးတော့ အမျိုးသမီး သင်္ဘောသားတွေ အတွက်ပါ အခွင့်အလမ်းဖြစ်လာတော့ တရားဝင် အမျိုးသမီးသင်္ဘောသားတွေလည်း ပါလာတယ်။ သူတို့ကလည်း သင်တန်းတက်မယ်။ မတက်ရသေးသူတွေလည်း တက်မယ်ဆိုတော့ သင်တန်းက အချိန်စောင့်နေရတာတွေ ဖြစ်နေတယ်။ သင်တန်းဆင်း လက်မှတ်တွေမှာလည်း ဖင့် (နှေးကွေး)နေတာ တွေ့ရတယ်။ ဒါတွေကို မြန်မြန်ဖြည့်ဆည်းပေးနိုင်ရင်တော့ ကျွန်တော်တို့ဘက်က ပြည်ပကို မြန်မြန်ထွက်နိုင်မယ်။ အလုပ်ရဖို့လည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံက ပင်လယ်ကူး သဘော်သားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲစိန်ခေါ်မှုတွေကို တာဝန်ရှိသူတွေက ဘယ်လိုဖြေရှင်းသင့်ပါသလဲ ။

နှစ်ပိုင်းရှိတယ်ခင်ဗျာ။ တာဝန်ရှိတဲ့ သူအပေါ်မှာတော့ အကုန်ပုံချလို့ မရဘူး။ တာဝန်ရှိသူကတော့ လိုအပ်ချက်ကို မူဝါဒချပေးမယ်။ အရည်အချင်း ဖြည့်ပေးမယ်။ စာရွက်စာတမ်းတွေ ဖြည့်ဆည်းပေးမယ်။ ဒါက ဥပမာပြောတာပေါ့နော်။ တာဝန်ရှိသူက လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရဲ့သာနဲ့ ကိုယ်ဘက်က ဒါကို ပြည့်စုံအောင် မလုပ်ဘူးဆိုရင် ဒါဟာ နှစ်ဦးနှစ်ဖက်အတွက် အဆင်မပြေဘူးလေ။ ကျနော်ပြောချင်တာက နောက်ဆုံးကြတော့ ဗုဒ္ဓရဲ့ ခံယူချက်အတိုင်း ကံ၊ ကံ၏ အကျိုးဆိုတာ ရှိတယ်။ ကိုယ်ခြေထောက်ပေါ် ရပ်တည်ကြိုးစားဖို့လိုတယ်။ သင်္ဘောသားလုပ်မယ်ဆိုရင် သင်္ဘောသားရဲ့ ဘဝက ဘယ်လိုလဲဆိုတာ သိထားဖို့ လိုမယ်။ ဒါမှ ဒီဘဝထဲ ဝင်လို့ အဆင်ပြေမလား စဉ်းစားဖို့လိုပါတယ်။

အသစ်ဝင်လာမယ့် လူငယ်သင်္ဘောသားအသစ်တွေကို ဘာများပြောချင်ပါသလဲ။

အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုလို့ ခံယူတော့မယ်ဆိုရင် တိုက်တွန်းလိုတာက အဲဒီပညာရပ်ကို ကျမ်းကျင်တဲ့အထိ သင်ယူပြီးတော့ လုပ်ဖို့ လိုအပ်ပါတယ်။ ငွေကြေးကြောင့်သွားလုပ်မယ်ဆိုရင် အဲဒီသင်္ဘောပေါ်က လုပ်ငန်းခွင့် ပတ်ဝန်းကျင်ကို တစ်ခါမျှ မမြင်ဖူးတဲ့အတွက် စိတ်ညစ်စရာ ဖြစ်လာနိုင်တယ်။ သင်္ဘောသားဘဝကို ခံယူချင်တဲ့ စိတ်မရှိဘဲနဲ့ သင်္ဘောပေါ်ကို မတက်စေချင်ဘူး။ သင်္ဘောပေါ်ကို ရောက်ရင် နံပါတ်တစ်က အထီးကျန်ပါတယ်။ သင်္ဘောပေါ်မှာ ရှိတဲ့ လူ ၂၀ ခန့်နဲ့ နေ့တိုင်းတွေ့ရမယ်။ အလုပ်လုပ်ရမယ်။ ကိုယ်နဲ့အဆင်ပြေသူ ရှိမယ်။ မပြေသူ ရှိမယ်။ ဒါတွေကို ခံနိုင်ရည်ရှိမှ လိုက်တာကောင်းပါတယ်။

 အဖွဲ့ချုပ်က ပင်လယ်ကူးသဘော်သားတွေကို ဘယ်လိုအကူအညီတွေ ပေးပါသလဲ။

နားဝင်မချိုတဲ့ စကားလုံးပေါ့လေ။ သမဂ္ဂတစ်ခုအနေနဲ့က သူ့အဖွဲ့မှာ ဆုံးရှုံးနေတဲ့ ရပိုင်ခွင့်ကို လိုက်တောင်းပေးရမယ်။  သူတို့ရဲ့ အလုပ်ခွင်ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို လိုက်ကြည့်ပေးရမယ်။ အလုပ်လုပ်ချိန် ဘယ်လောက်၊ နားချိန်ဘယ်လောက်၊ လခဘယ်လောက် ရရမယ်။ အချိန်ပိုဆင်းရင် ဘယ်လောက်ရရမယ်။ ဒါမျိုးတွေကို ကြည့်ပေးရမယ်။ ထိခိုက်ဒဏ်ရာ ရရှိရင် လျော်ကြေးက ဘယ်လောက်ပေါ့။ အဆင်မပြေဘူးဆိုရင် ကျွန်တော်တို့ဘက်က လိုက်ကြည့်ပေးရမယ်။ ဒါက တစ်ပိုင်းပေါ့။ နောက်တစ်ပိုင်းက သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်ကို လိုအပ်တာတွေ ပံ့ပို့ပြီးတော့ လက်ရှိအခြေအနေထက် ပိုကောင်းအောင် လုပ်ကိုင်ပေးရမယ်။

အဖွဲ့ချုပ်ကို တိုင်းကြားအကူအညီတောင်းတဲ့ ကိစ္စတွေမှာ ဘယ်လိုအမှုတွေကို တိုင်းကြားကြပါသလဲ။

တိုင်ကြားအကူအညီတောင်းတာတွေ အများကြီးရှိပါတယ်။ လက်ရှိ အလုပ်အမှုဆောင်အဖွဲ့ကတော့ အပတ်စဉ် အင်္ဂါနေ့နဲ့ ကြားသပတေးနေ့ နေ့လည် ၁နာရီဆိုရင် မည်သည့် သင်္ဘောသားမဆို၊ အဖွဲ့ချုပ်မှာ ကြိုတင်ခွင့်ပြုမိန့် တောင်းခံစရာမလိုပဲ လာရောက်တွေ့ဆုံပြီးတော့ သူတို့ရဲ့ အခက်အခဲတွေကို လာရောက် တင်ပြလို့ရပါတယ်။

လာရောက်အကူအညီတောင်းကြသူတွေထဲမှာ ဘယ်အမှုတွေက အများဆုံးပါလဲခင်ဗျာ။ 
နှစ်ပိုင်းခွဲပြောရမှာပေါ့။ သင်္ဘောလိုက်ဖို့ ပြင်ဆင်နေတဲ့ အချိန်နဲ့ သင်္ဘောလိုက်သွားပြီးတဲ့ အချိန်ပေါ့။ ပြင်ဆင်တဲ့အချိန်မှာ ဒေသခံကိုယ်စားလှယ်ပါဆိုပြီးတော့ အမည်ခံပြီးတော့ လိမ်လည်တာကို တွေ့ရတယ်။ ငွေကြေးလိမ်လည်တာပေါ့။ နောက်တစ်ခုက သင်္ဘောသားက ဒေသခံကိုယ်စားလှယ်ဆီမှာ သင်္ဘောလိုက်ဖို့ အလုပ်လျှောက်လွှာတင်တယ်။ တင်ထားပြီးတော့ တစ်လလည်း မလိုက်ရဘူး။ ၂လ/၃ လလည်း မလိုက်ရဘူး။ သင်္ဘောသားရဲ့ စာရွက်စာတမ်းတွေကို ကိုယ်စားလှယ်က သိမ်းထားတာရှိတယ်။ တချို့ကိုယ်စားလှယ်က ဝန်ဆောင်မှု စရိတ်အဖြစ် ကြိုတောင်းထားတော့ သင်္ဘောသားက လှုပ်လို့ မရဘူး ဖြစ်သွားတာပေါ့။ တခြားဒေသခံကိုယ်စားလှယ်ဆီမှာ အလုပ်ပေါ်လာရင် အဲဒီသင်္ဘောသားက ရွေ့ဖို့ ခက်သွားတယ်။ လိုက်သွားပြီးတဲ့ အချိန်မှာတော့ လခ မရတာ၊ လခ ပုံမှန် မပေးတာ တွေ့ရတယ်။ ရသင့်တဲ့ လခထက် လျော့ပေးတာ တွေ့ရတယ်။ 

နောက်တစ်ခုက ရတာက ဒေါ်လာပေါ့။ ဒေါ်လာကနေ မြန်မာငွေ လဲလှယ်တဲ့အချိန်မှာ ပေါက်ဈေးထက် လျော့ပေးတာ တွေ့ရတယ်။ တချို့လည်း အလုပ် လုပ်ပြီး ပြန်လာတယ်။ ရန်ကုန်ရောက်မှ လစာထုတ်ဖို့ ပြောတယ်။ ဒီရောက်တော့ မပေးတာတွေ ဒါမျိုးတွေ တွေ့ရတာပါ။ နောက်တစ်ခုက အသက်ဆုံးရှုံးသွားရင် လျော်ကြေး အားမခံ မရတဲ့ ကိစ္စ၊ နောက်တစ်ခါ ရဖို့အတွက် အတိုက်အခံလုပ်ပြီး တောင်းဆိုပေးရတဲ့ ကိစ္စပေါ့။ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရတဲ့ ကိစ္စမှာလည်း လျော်ကြေးပေးရတယ်။ ဒါမျိုး မရတာတွေလည်း လာရောက် တိုင်းတန်းတာတွေ ရှိတယ်။ နောက်အဆိုးဝါးဆုံးက ပြည်ပထွက်လုပ်တဲ့ သင်္ဘောသားတွေမှာ ရာဇဝတ်မှုနဲ့ အဖမ်းခံရတယ်။ သင်္ဘောကို ဖမ်းတဲ့အချိန်မှာပါသွားတယ်။ ဒါကတော့ မဖြစ်သင့်ဘူးပေါ့။ ဒီသင်္ဘောပို့ရင် ရာဇဝတ်မှုနဲ့ အဖမ်းခံရမယ်ဆိုတာ သိသိကြီးနဲ့ ပို့တယ်လားပေါ့။ အဲဒီကိစ္စကိုတော့ နိုင်ငံတကာဆက်ဆံရေး ဝန်ကြီးဌာနတွေနဲ့ လိုက်ပြီး စကားပြောနေပါတယ်။

MSF မှာ သင်္ဘောသားအဖွဲ့ဝင် ဘယ်လောက်ရှိပါသလဲခင်ဗျာ။

လောလောဆယ်မှာ ကျွန်တော်တို့ဆီမှာ ၁၂၀၀ လောက်ပဲ ရှိပါတယ်။ ဘာလိုလဲဆိုတော့ ၂၀၁၇ ခုနှစ်က အမှုဆောင်အဖွဲ့က သူတို့အချင်းချင်း ရန်ဖြစ်ပြီးတော့ အဖွဲ့က ပျက်သလို ဖြစ်သွားတော့ အဲဒီအချိန်က ရှိခဲ့တဲ့ အသင်းသား ၉၀၀၀ ကျော်ကလည်း ဒီအဖွဲ့ကို ပြန်မဝင်ချင်တော့ဘူး။ အခုမှ ပြန်လာစုံစမ်းတာတွေ တွေ့နေရတယ်။ သို့သော်လည်း ၂၀၁၇ ခုနှစ်က ဖြစ်ခဲ့တဲ့ ကိစ္စကို ကျွန်တော်အနေနဲ့ ဘာမှ ပြောကြားလိုခြင်း မရှိပါဘူး။

ပင်လယ်ကူးသင်္ဘောသားတွေနဲ့ ပတ်သက်လို့ ဖြည့်စွက်ပြောချင်တာများ ရှိရင် ပြောပါခင်ဗျာ။ 
မရှိပါဘူးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ 
အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

 

 

 

 

 

 

 

 

728 Views

Related News

cover
Myanmar Jiale Fashion စက်ရုံတွင် လ ၂၀ စာဖြတ်တောက်ထားတဲ့ လစာ ၁၅ ရာခိုင်နှုန်းကို ပြန်လည်ရရှိလိုဟု အလုပ်သမားတွေတောင်းဆို
Jun 9, 2023
cover
ဒေးကြေး တိုးပေးရန် တောင်းဆိုမှုအား စက်ရုံဘက်မှ တုန့်ပြန်မှု မရှိ၍ Gainway International (Myanmar) Garment လုပ်သားများ ဆန္ဒပြ
Jun 9, 2023
cover
အချိန်ပိုကြေးများ ဥပဒေနှင့်အညီမရရှိတဲ့ အပြင် အချိန်ပိုမဆင်းပါက ဂရိတ်ကြေးအဆင့်ချခြင်းနှင့် ဖိအားပေးပြောဆိုမှုများရှိကြောင်း Universal Apparel Co,Ltd အထည်ချုပ်အလုပ်သမားများပြောကြား
Jun 8, 2023
cover
ဒေးကြေး ၅၆၀၀ ကျပ်မရရှိဘဲ ကျွမ်းကျင်ကြေးဖြင့်သာ အလုပ်သမားတောင်းဆိုမှုရပ်ဆိုင်းခဲ့ရ
Jun 7, 2023
cover
Myanmar Knitting အထည်ချုပ်စက်ရုံတွင် အလုပ်သမားသမဂ္ဂအားဖြိုခွင်းပြီး လုပ်ငန်းခွင်ချိုးဖောက်မှုများပြုလုပ်နေ
Jun 7, 2023
cover
နေ့စားအလုပ်သမားတွေ ၁ ရက် ၃၆၀၀ ကျပ်ဖြင့်လုပ်ကိုင်နေရ၊ ခွင့်ယူပါက တစ်ခါတည်း အလုပ်ထုတ်ခံရ ပြီး အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးမှုများဖြစ်ပေါ်နေတယ်လို့ HEN BO Myanmar အထည်ချုပ်အလုပ်သမားတွေပြော
Jun 6, 2023
cover
မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက အလုပ်သမားများလုပ်ခလစာတိုးပေးဖို့တောင်းဆိုမည်
Jun 6, 2023
cover
အလုပ်သမားတစ်ထောင်ကျော်ရှိတဲ့ ကျင့်ကျန့်ထုန်လီ အထည်ချုပ်စက်ရုံလုပ်သားများ တစ်နေ့လုပ်ခ ၅၆၀၀ ကျပ်ရရှိသည်အထိတောင်းဆိုမယ်ဟုဆို
Jun 6, 2023
cover
Yuan Hong Garment စက်ရုံမှာ အလုပ်သမားအခွင့်အ​ရေးချိုးဖောက်မှုရှိများရှိနေဟုဆို
Jun 6, 2023
cover
အနည်းဆုံးလုပ်ခ ၅၆၀၀ ကျပ်ပေးဖို့ Honor Apparel စက်ရုံအလုပ်သမား ၁၀၀၀ ကျော်လုပ်ငန်းခွင်အတွင်းငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်
Jun 6, 2023



About Us

To uphold the rule of law needed to improve the social-economic life of the working class in Myanmar. To help the transition to democracy as media role in the workforce gender equity.

Contact Us

Download App

applegoogle