MoU လူဟောင်း ၆၀၀၀၀ နဲ့ ၂ နှစ်ကြာ စောင့်စားခဲ့ရတဲ့ ဒုက္ခများ

cover
profile
May 23, 2022

“အကြွေးမဆပ်နိုင်လို့ ကျွန်တော့်အိမ်ကို အကြွေးရှင်က ဒီနှစ်ထဲ သိမ်းတော့မယ်”

လွန်ခဲ့တဲ့ ၂နှစ်က MoU စနစ်နဲ့ ထိုင်းကို အလုပ်သွားရောက်လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့ ကိုလှဝင်းက ပြောတာပါ။ ခုတော့ အိမ်ကို ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ကျွဲခေါင်းဇာတိဖြစ်တဲ့ ကိုလှဝင်းတို့ နယ်မှာ အလုပ်အကိုင်က ရှားပါးသလို၊ ဝင်ငွေကလည်း နည်းပါးတဲ့အတွက် ထိုင်းကို MoU စနစ်နဲ့ ၂၀၂၀ နှစ်ဆန်းပိုင်းက သွားဖို့ အေဂျင်စီတစ်ခုရဲ့ ပွဲစားတစ်ဦးနဲ့ ချိတ်ဆက် လုပ်ခဲ့ပါတယ်။

မိသားစုရဲ့ စားဝတ်နေရေးနဲ့ လေးနှစ်အရွယ်သမီးလေးရဲ့ အနာဂတ်ပညာရေးအတွက် ရွာမှာ လုပ်ရတဲ့ အလုပ်က ထမင်းနပ်မှန်ဖို့သာ လောက်ငှပါတယ်။ ငွေပိုငွေလျှံ မစုနိုင်တဲ့အတွက် ထိုင်းကို ထွက်ပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ထိုင်းမှာ အလုပ်အကိုင်တစ်ခု လုပ်ခွင့်ရရှိဖို့ ထိုနှစ် ဖေဖော်ဝါရီလထဲမှာ ကိုလှဝင်းဟာ အလုပ်ရှင်၊  အေဂျင်စီတို့နဲ့ စာချုပ် ချုပ်ဆိုပြီးပါပြီ။ ထိုင်းကို MoU နဲ့ သွားနိုင်ဖို့ ဝန်ဆောင်ခအဖြစ် ကျပ်ငွေ (၁၅) သိန်းကို ပေးခဲ့ရပါတယ်။

ကျပန်းအလုပ် လုပ်ကိုင်တဲ့ အသက် (၃၆)နှစ်အရွယ် ကိုလှဝင်းမှာ ထိုငွေပမာဏ မရှိတဲ့အတွက်ကြောင့် ငွေ (၁၅) သိန်း ရဖို့အိမ်နဲ့ ခြံကို အပေါင်ထားပြီး အတိုး (၁၀) ကျပ်တိုးနဲ့ ချေးခဲ့ရပါတယ်။ ထိုင်းကို ရောက်ပါက လပိုင်းအတွင်း ထိုအကြွေးကို ပြန်ဆပ်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိုင်းကို MoU နဲ့ မြန်မာက အလုပ်သမားစေလွှတ်မှုကို ၂၀၂၀ မတ်လထဲမှာ ရပ်နားလိုက်ပါတယ်။ ကိုလှဝင်းတို့ တွေ ယခုအချိန်အထိ ထိုင်းကို မသွားနိုင်ခဲ့ပါ။ နှစ်နှစ်ကြာအထိ ထိုင်းကို မသွားရောက်နိုင်တဲ့အတွက် ငွေ ၁၅ သိန်းဟာ အတိုးတွေ ဆင့်ကာ၊ ဆင့်ကာဖြင့် ငွေချေးငှားသူက အိမ်ကို သိမ်းယူပါတော့မယ် လို့ ကိုလှဝင်းက ပြောပါတယ်။

MoU စနစ်နဲ့ အလုပ်သမားစေလွှတ်မှု ၂ နှစ်ကြာ ရပ်ထားခြင်းရဲ့ ဒုက္ခကို ကိုလှဝင်းတစ်ယောက်တည်း ခံစားနေရတာ မဟုတ်။ အတူတူသွားဖို့ ပြင်ဆင်ခဲ့တဲ့ ၂၅ ဦးလည်း ဒုက္ခတွေ ရောက်ကြပါတယ်။

ကိုလှဝင်းတို့ အုပ်စုထဲမှာ ထိုင်းကို သွားရောက်လုပ်ကိုင်ခွင့်ရဖို့ ပေးရမယ့် ပိုက်ဆံတွေကို လယ်ယာ၊ ကိုင်း၊ အိမ်ခြံတို့ကို ပေါင်ပြီး ဖြေရှင်းထား သူတွေလည်း ပါဝင်ပါတယ်။

“ကျွန်တော်တို့ ထိုင်းသွားလုပ်ကြတယ်ဆိုတာ ပိုက်ဆံရှိလို့ သွားလုပ်ကြတာ မဟုတ်ပါဘူး။ ပိုက်ဆံ မရှိလို့ မရှိ၊ ရှိတာ ရှာကြံပြီး ပိုက်ဆံ ရှာဖို့ သွားလုပ်ချင်တာပါ။ စီးပွားရေး ပြေလည်မလားဆိုပြီး။ ထိုင်းကို သွားဖို့ ပိုက်ဆံ မရှိတော့ အိမ်နဲ့ ခြံကို ပေါင်းပြီးသွားတာပါ။ အတိုးက မသတ်နိုင်ဘူး။ အတိုးတွေ တက်နေတာပေါ့”လို့ ကိုလှဝင်းက ပြောပါတယ်။

လက်ရှိတွင် တစ်နေ့ ငါးထောင်နဲ့ ကုန်ထမ်းလိုက်နေပြီး တစ်နေ့ မီးဖိုးချောင်စရိတ်သာ ရပါတယ်။ သူအပါအဝင် ၂၅ ဦးက လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေ ပြေလည်စေဖို့ ထိုင်းကို မြန်မြန် သွားရောက်လုပ်ကိုင်ခွင့် ရဖို့ စောင့်မျှော်နေကြတာပါ။

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံသဘောတူစာချွန်လွှာ (MoU) စနစ်နဲ့ အလုပ်သမားစေလွှတ်မှုကို ၂၀၂၀ မတ်လထဲတွင် ရပ်နားခံလိုက်ရပြီးတဲ့နောက် အလုပ်သမား စာချုပ် ချုပ်ဆိုထားတဲ့ ထိုင်းကို သွားရောက်လုပ်ကိုင်မယ့် အလုပ်သမား (၆၀၀၀၀) ခန့် ရှိတယ်လို့ သိရပါတယ်။

အဆိုပါ အလုပ်သမား (၆၀၀၀၀)ခန့်ဟာ သွားခွင့်ရရေးအတွက် အလုပ်သမား၊ အလုပ်ရှင်စာချုပ် ချုပ်ဆိုထားပြီး ဝန်ဆောင်မှုကုန်ကျစရိတ် ပိုက်ဆံလည်း ပေးချေပြီးပါပြီ။ သို့သော် ၂နှစ်ခန့် ကြာလာတဲ့အချိန်အထိ မသွားခဲ့ရသလို ယခု MoU တွေ ပြန်ဖွင့်လည်း ၎င်းတို့သွားရမယ့်အလှည့်ကို မရောက်သေးပါ။

၂၀၂၀ က ထိုင်းကို MoU နဲ့ သွားမယ်ဆိုရင် ဝန်ဆောင်ခအဖြစ် အလုပ်သမားတွေက အေဂျင်စီတွေကို (၁၅)သိန်းကျော်ပေးရပါတယ်။ တချို့အေဂျင်စီမှာ MoU ရပ်ဆိုင်းသွားပြီးနောက် ၎င်းတို့ ဝန်ဆောင်ခ ယူထားတဲ့ ငွေတွေကို ပြန်ပေးသော်လည်း တချို့ အေဂျင်စီတွေ ထိုငွေတွေကို ပြန်လည် မထုတ်ပေး၍ ထိုင်းသွားဖို့ ကြိုးစားခဲ့သူတွေ ဒုက္ခရောက်နေကြတာပါ။
 
တချို့အေဂျင်စီတွေက အရင်က ထိုလူဟောင်းတွေကို ဦးစားပေးရန် ပြန်လည်ဆက်သွယ်မှုများ ပြုလုပ်ကြပါတယ်။ သို့သော် တချို့မှာ အဆက်အသွယ်မရမှုနဲ့လည်း ကြုံနေရပါတယ်။

ထိုင်းနိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်မယ့် ထိုလူဟောင်း (၆၀၀၀၀) ခန့်တွင် တချို့မှာ မြေ၊ အိမ်၊ ခြံနဲ့ လက်ဝတ်လက်စားတွေကို အတိုးနဲ့ ပေါင်နှံကာ အရင်းအနှီးပြုလုပ်၍ သွားကြခြင်းဖြစ်ပါတယ်။ တချို့မှာ ပေါင်နှံရန် ဥစ္စာပစ္စည်းမရှိသောကြောင့် လိုအပ်သော ဝန်ဆောင်ခ ငွေတွေကို အတိုးနှုန်းမြင့်မားစွာဖြင့် ယူခဲ့ကြရသူတွေ ဖြစ်ပါတယ်။

ထို့ကြောင့် ဌာနဆိုင်ရာနဲ့ အေဂျင်စီတွေအနေနဲ့ အရင်က လက်ခံထားသော MoU အလုပ်သမားတွေကို ဦးစားပေးစေလွှတ်သင့်တယ်လို့ အဆိုပါအလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ဆိုပါတယ်။

 

“လူခြောက်သောင်း၊ နှစ်နှစ် စောင့်နေရတာတာ ပိုခက်ခဲမယ်၊ ရွှေ့ပြောင်းတွေက ပိုက်ဆံ ရှိလို့ မဟုတ်ပါဘူး။ ပိုက်ဆံ ရှာဖို့ သွားကြတာပါ။ တချို့ဆိုရင် မြေတွေ၊ အိမ်တွေ ပေါင်းထားရတာတွေ ရှိတယ်။ လယ်တွေ ပေါင်းထားရတာတွေ ရှိတယ်။ အတိုးနှုန်းမြင့်မြင့်နဲ့ ချေးငှားထားရတာတွေ ဖြစ်ပါတယ်။ အတိုးတွေနဲ့ ချေးငှားထားရတယ်၊ အိမ်တွေ လယ်တွေ ပေါင်းထားရတဲ့ သူတွေဆိုရင် ဒီလို လူမျိုးတွေဟာ နှစ်နှစ်တောင် စောင့်နေ၊ တောင့်ခံနေရတယ်ဆိုတော့ ဒီနေ့လို အရာအရာအဆင်မပြေတဲ့ ခေတ်ဆိုးနဲ့ ကိုဗစ်တွေဟာဆိုရင် အင်မတန်ကိုမှ သူတို့အတွက် ဒုက္ခတွေ ရောက်နေရပါတယ်” ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေတဲ့ ပဲခူး MRC မှ ဒေါ်သက်သက်အောင်က ပြောပါတယ်။



ထိုင်းကို MoU စနစ်နဲ့ သွားဖို့ ပြင်ခဲ့တဲ့ လူ (၆၀၀၀၀) ထဲမှာ မကွေးတိုင်း အောင်လံမြို့က အသက် (၃၅) နှစ်အရွယ် ကိုမျိုးသိုက်စိုးလည်း ပါ ပါတယ်။ ကလေးငယ် (၂)ဦးအပါအဝင် မိသားစု (၆) ဦးရဲ့ စားဝတ်နေရေးအတွက် ထိုင်းကို သွားရောက်လုပ်ကိုင်နိုင်ဖို့ လိုအပ်တဲ့ ငွေအတွက် လယ်ပေါင်ပြီး သွားဖို့ ကြိုးစားခဲ့တာပါ။ (၂) နှစ်ခန့် ကြာအထိ ထိုင်းကို မသွားခဲ့ရသလို၊ အေဂျင်စီဘက်ကလည်း ပိုက်ဆံပြန်မထုတ်ပေးလို့ ၊ ခုတော့ လယ်ကို ဆုံးရှုံးထားရသူပါ။

လက်ရှိတွင်တော့ (၃)လတစ်ကြိမ်ထွက်တဲ့ ငါးဖမ်းသင်္ဘောနဲ့ ပင်လယ်ပြင်မှာ မိသားစုစားဝတ်နေရေးအတွက် ငါးဖမ်းထွက်နေပါတယ်။

ကိုမျိုးသိုက်စိုးနဲ့ ကိုလှဝင်းတို့ဟာ MoU နဲ့ သွားမယ့် လူသစ်တွေကဲ့သို့ ဦးစားပေးခြင်း မခံရသော်လည်း ယခုနှစ်ကုန်ပိုင်းခန့်တွင် သွားရမယ်လို့ အေဂျင်စီတွေက ပြောပါတယ်။ ထိုသို့ သွားရာတွင် လိုအပ်တဲ့ ကုန်ကျစရိတ်များကို ထပ်မံ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။ ၎င်းတို့အတွက်က ထပ်မံပေးစရာ ပိုက်ဆံ မရှိတော့ဘူးလို့ ဆိုပါတယ်။

၂၀၂၀ ခုနှစ်က MoU နဲ့သွားဖို့ စာချုပ်ချုပ်ထားတဲ့ သူတွေဟာ မသွားဖြစ်ခဲ့တဲ့အတွက် အေဂျင်စီအလိုက် နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းနေကြပါတယ်၊ အခုကာလတွင် မသွားတော့ပါက ကုန်ကျစရိတ်တွေကို သက်ဆိုင်ရာအေဂျင်စီတွေက ပြန်လည်ဖြေရှင်းပေးရမှာပါလို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)က ထိုင်းအေဂျင်စီတွေဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ရပ်ဆိုင်းထားမှု ၂နှစ်ခန့် ရှိတဲ့အတွက် ယခင်က စာချုပ် ချုပ်ဆိုထားသော အလုပ်သမားတွေကို ထိုင်းအလုပ်ရှင်ဘက်က လိုသေးလား၊ မလိုသေးလားကို ပြန်လည်ဆက်သွယ်ရပါတယ်။ လိုအပ်ပါက သက်တမ်းကုန်သွားသူတွေကို အစ/အဆုံး ပြန်လျှောက်ကြရတယ်"လို့ ၎င်းက ပြောပါတယ်။

၂၀၂၀ ခုနှစ်ကတည်းက MoU နဲ့ သွားဖို့ လုပ်ထားသူတွေဟာ ကုန်ကျထားပြီးဖြစ်၍ ထပ်မံ၍ ပေးစရာမလိုတော့ကြောင်း၊ မပေးရသေးတဲ့ အဖွဲ့တွေက အခုသတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း ပေးရမယ်လို့ သူက ဆက်ရှင်းပြပါတယ်။

သို့သော် တချို့သော အေဂျင်စီတွေက ပိုက်ဆံတွေကို ပြန်လည် မထုတ်ပေးကြသလို ထိုင်းကို ရောက်အောင် ပို့ဆောင်မှုကို တာဝန်ယူမှုလည်း မရှိကြဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါကြောင့် တချို့ အလုပ်သမားတွေဟာ နှစ်နှစ်ကြာ ချေးငှားထားရတဲ့ ပိုက်ဆံတွေကြောင့် အခက်အခဲဖြစ်နေကြရပြီး ဘယ်ကို အကူအညီတောင်းလို့ တောင်း ရမယ်မှန်း မသိဖြစ်နေကြပါတယ်။

၂၀၂၂ မေလ ၁၀ ရက်မှာ ထိုင်း-မြန်မာ MoU နဲ့ အလုပ်သမား ၃၀၀နီးပါး ကို မြဝတီ-မဲဆောက် ဂိတ် (၂)က စေလွှတ်ခြင်းဖြင့် အလုပ်သမားပို့ဆောင်မှုကို ပြန်လည်စတင်ခဲ့ပါတယ်။ ထိုင်းကို နယ်စပ်ဂိတ်များနဲ့ ပို့သလို လေယာဉ်နဲ့ပါ စေလွှတ်နိုင်ရန်လည်း ပြင်ဆင်နေပါတယ်။

လူဟောင်း ၆၀၀၀၀  ခန့်အပြင် လူသစ်အဖြစ် ထိုင်းကို သွားရောက်ချင်တဲ့ အလုပ်သမားတွေဟာ သိန်းနဲ့ချီ ရှိနေတယ်။ ထိုသို့ သိန်းချီရှိနေသော်လည်း ပို့ဆောင်ပေးနေတဲ့ ဝန်ဆောင်မှုမှာ ယခင်အစိုးရထက် အဆင့်တွေ ပိုများလာသလို အချိန်လည်း ပိုကြာလာတယ် လို့ အေဂျင်စီနဲ့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

“အခုပဲ Demand တွေက အများကြီးပဲ တင်ထားကြပြီးပါပြီ။ ၁၈ ရက်၊ ၃လ ၊ ၂၀၀၂ က မသွားပဲ ကျန်ခဲ့တဲ့ အလုပ်သမားတွေလည်း ၄/၅/၆ သောင်းလောက် ရှိတယ်။ ဒီတော့ လူသစ်တွေ ရှိမယ်၊ လူဟောင်းတွေ ရှိမယ်။ အဲဒါမျိုးတွေလည်း အခု စီစစ်ပြီးတော့ ပြန်လွှတ်နေပါတယ်။ အသစ်တွေတော့ အများကြီး ရှိမှာပါ။ သိန်းနဲ့ချီပြီးတော့ ရှိမှာပါ”လို့ MOEAF က ထိုင်းအေဂျင်စီတွေမှ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံမှာ ထိုအချင်းအရာ နှစ်ခုရဲ့  နောက်ဆက်တွဲအနေနဲ့ အလုပ်အကိုင် သန်းနဲ့ချီ၍ ဆုံးရှုံး ပျောက်ကွယ်မှု ဖြစ်ခဲ့ပါတယ်လို့ အိုင်အယ်အို- မြန်မာက ထုတ်ပြန်ပါတယ်။  

ဒါကြောင့် မြန်မာနိုင်ငံရဲ့ လူထုဟာ အထွေထွေအကြပ်အတည်းများကို ရင်ဆိုင်နေရပြီး အလုပ်လုပ်နိုင်တဲ့ လူတွေက အလုပ်အကိုင်တစ်ခု ရဖို့အတွက် ထိုင်းနိုင်ငံကို အုံနဲ့ကျင်နဲ့ တရားမဝင်နဲ့ တရားဝင်ရောပါ သွားရောက်လုပ်ကိုင်ဖို့ ကြိုးစားနေကြပါတယ်။

MoU စနစ်နဲ့ သွားရောက်ပါက ၂၀၂၀ တွင် စုစုပေါင်းကုန်ကျစရိတ် ၁၂ သိန်း မှ ၁၅ သိန်း ဝန်းကျင်သာ ရှိသော်လည်း လက်ရှိတွင် ၁၈ သိန်းမှ ၂၅ သိန်းအထိ အမှန်တကယ်ကုန်ကျပါတယ်။ အလုပ်လုပ်ရရင် ပြန်ဆပ်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားလိုသူက ဒုနဲ့ဒေးပါ။

လက်ရှိမှာတော့ ကိုလှဝင်းတစ်ယောက် အိမ်သိမ်းခံရမယ့်အရေးကိုတွေးပူလို့ မည်သူ့ကိုပြစ်တင်ရမည်မသိတော့ပေ။
“အကြွေးမဆပ်နိုင်လို့ ကျွန်တော့်အိမ်ကို အကြွေးရှင်က ဒီနှစ်ထဲ သိမ်းတော့မယ်”

 



 




 

612 Views

Related News

cover
အမြဲတမ်းဝန်ထမ်းအဖြစ်မှ နေ့စားအဖြစ်သို့ ပြောင်းလဲခန့်အပ်တာတွေ များလာ
Mar 7, 2023
cover
Princess Power Garment က အလုပ်သမားတွေ ဖူလုံရေးခံစားခွင့်အပြည့်အ၀ရရှိလို
Mar 6, 2023
cover
လုပ်ငန်းခွင်အတွင်း ချိုးဖောက်ခံရမှုတွေရှိနေတယ်လို့ Dishang Fashion Garment အလုပ်သမားတွေ ပြော
Mar 6, 2023
cover
Qi Cai (Myanmar) အထည်ချုပ်စက်ရုံ ပိတ်ရက်တွေအတွက် ဒေးကြေး အပြည့်အဝရရှိလိုတယ်လို့ အလုပ်သမားတွေပြော
Mar 3, 2023
cover
ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၄ ဦးကို အလုပ်ရှင်မှလစာမပေးတဲ့အပြင် ညှင်းပန်းနှိပ်စက် အဓမ္မစေခိုင်းခံရ
Mar 3, 2023
cover
ဥပဒေပါခွင့်ခံစားခွင့်တွေမရရှိဘူးလို့အလုပ်သမားတွေပြော
Mar 3, 2023
cover
အလုပ်သမားက တရားစွဲထားတဲ့ YFA စက်ရုံပိုင်ရှင် ရုံးချိန်းသုံးချိန်းတိတိပျက်ကွက်
Mar 3, 2023
cover
ပျောက်ဆုံးသွားသော အနာဂတ်များ
Mar 2, 2023
cover
လုပ်ငန်းခွင်ထဲမှာ ခွင့်တစ်ရက်ပျက်တာနဲ့ ကျွမ်းကျင်ကြေး ဖြတ်တောက်မှုတွေရှိလာ ဥပဒေပါ ခွင့်ခံစားခွင့်များမရရှိတော့ဟုဆို
Mar 2, 2023
cover
စက်ရုံအလုပ်သမားတွေ ပြည်ပနိုင်ငံတွေမှာသွားရောက်လုပ်ကိုင်ဖို့ အကူညီတောင်းခံသူ ၄၀၀ ၀န်းကျင်အထိရှိလာ
Mar 1, 2023



About Us

To uphold the rule of law needed to improve the social-economic life of the working class in Myanmar. To help the transition to democracy as media role in the workforce gender equity.

Contact Us

Download App

applegoogle