“ယိုင်နဲ့နဲ့ စစ်တပ်ကို အသက်ဆက်မပေးမိစေဖို့”

cover
profile
Apr 21, 2022

လွန်ခဲ့တဲ့ လအနည်းငယ်က Total, Chevron ကုမ္ပဏီတွေ မြန်မာပြည်ကနေ ထွက်ခွာမဲ့အကြောင်း ထုတ်ပြန်ကြတာ မှတ်မိဦးမယ် ထင်ပါတယ်။ ဒါဟာ ပြည်တွင်းပြည်ပ ပညာရှင်၊ ပြည်သူလူထုအားလုံးရဲ့ ကြိုးစားမှုကြောင့် ဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေဟာ စစ်တပ်နဲ့ နှစ်ပေါင်းများစွာ အလုပ်တွဲလုပ်လာခဲ့သူတွေပါ။ ဒီလိုဆုံးဖြတ်ချက်မျိုး လုပ်လာတယ်ဆိုတာ အားတက်စရာကောင်းတဲ့ အရွေ့တစ်ခုလည်း ဖြစ်ပါတယ်။

ခုဆောင်းပါးမှာတော့ အဲဒီရဲ့ နောက်ဆက်တွဲတွေကို ပြည်သူအများ သိရအောင် ရေးပြမှာပါ။

သွေးစွန်းငွေ လှုပ်ရှားမှုဆိုတာ စစ်တပ်ဆီကို ငွေတွေ မစီးဝင်အောင် တားဆီးတဲ့ လှုပ်ရှားမှုပါ။ စစ်ဆိုတာ ငွေမရှိဘဲ တိုက်လို့ မရပါဘူး။ သူတို့ဆီ ရောက်သွားသမျှ ငွေတွေဟာ ပြည်သူကို ပြန်သတ်မဲ့လက်နက်တွေ ဖြစ်လာမှာပါ။ ဒါကြောင့် ပြည်တွင်းက စစ်တပ်လုပ်ငန်းတွေကို သပိတ်မှောက်ကြသလို၊ စစ်တပ်ရဲ့ အရေးပါတဲ့ နိုင်ငံခြားဝင်ငွေလမ်းကြောင်း ဖြစ်တဲ့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကနေ ဝင်ငွေတွေ မရအောင် တားဆီးဖို့ဟာလည်း သိပ်အရေးကြီးပါတယ်။

အခု အားလုံးရဲ့ ကြိုးစားမှုနဲ့ ဒီကုမ္ပဏီတွေ ထွက်သွားပြီ။ EU ကလည်း MOGE ကို အရေးယူပိတ်ဆို့လိုက်ပြီ။ ဒါက အရွေ့တွေပါ။ သို့သော် ဆက်ပြီး တွန်းရဦးမှာ ၃ ခု ရှိပါတယ်။

▪️ကုမ္ပဏီတွေ ထွက်သွားပြီဆိုပေမဲ့ စစ်တပ်ကို ပေးစရာငွေ ဒေါ်လာသန်း ၂၅၀ ကျန်နေပါတယ်။ စစ်တပ်ဆိုလို့ သူတို့ပိုင်တာ မဟုတ်ဘူး။ တကယ်တော့ မြန်မာပြည်သူတွေ ပိုင်တာပဲ။ မြန်မာပြည်က ရေနံတွေ၊ သဘာဝဓါတ်ငွေ့တွေကိုး။ ဒီတော့ အဲ့ငွေတွေကို မပေးဘဲ Freeze လုပ်ထားဖို့၊ သီးခြားအကောင့်ထဲ ထားပေးထားဖို့ လိုပါတယ်။

ပမာဏချင်းကို ယှဉ်ပြပါမယ်။ ဟိုတလောက မပန်ဆယ်လိုနဲ့ C2D ပေါင်းလုပ်တဲ့ Dragon Fly Project က ပြည်သူတွေ အင်နဲ့အားနဲ့ ဝန်းရံကြလို့ ရခဲ့တာ ဒေါ်လာ ၂.၂ သန်းပါ။ သန်း ၂၅၀ ဆို အဲဒါရဲ့ အဆတစ်ရာမက ရှိပါတယ်။ ဒီလောက်ဆို ဒီငွေတွေ စစ်တပ်ဆီ မရောက်သွားဖို့ ဘယ်လောက်အရေးကြီးလဲ သိလောက်ပါပြီ။

▪️EU ရဲ့ စည်းမျဥ်းအရ Sanction ချထား​ပေမဲ့ သက်ဆိုင်ရာ နိုင်ငံအစိုးရဆီက​နေ ကင်းလွတ်ခွင့် ၂ ခု ​တောင်းပိုင်ခွင့် ရှိတယ်။ အဲဒီအစိုးရက ခွင့်ပြုရင် ဆက်လုပ်လို့ ရပါတယ်။

ဘာတွေလဲဆိုတော့ MOGE ကို စီမံကိန်းပိတ်သိမ်းဖို့၊ သဘာပတ်ဝန်းကျင် မထိခိုက်ဖို့ဆိုပြီး ငွေဆက်ပေးလို့ ရသေးတယ်။ နောက်တစ်ချက်က အစုရှယ်ယာနဲ့၊ လုပ်ငန်းဆက်လုပ်ဖို့ သတင်းအချက်အလက်တွေကို MOGE ဆီ လွှဲပြောင်းပေးထားနိုင်တယ် ဆိုတာပါ။ ဒါကြောင့် ပြင်သစ်အစိုးရအနေနဲ့ Total က​နေ ​တောင်းဆိုလာခဲ့ရင် ဒီကင်းလွတ်ခွင့် ၂ ချက်ကို အသုံးပြုခွင့် မပေးဖို့ လိုပါတယ်။

▪️နောက်ပြီး US အစိုးရကလည်း ခုထိကို ပိတ်ဆို့အရေးယူမှု မလုပ်သေးပါဘူး။

ချုပ်ပြောရရင် ဒီကုမ္ပဏီတွေအနေနဲ့ စစ်တပ်ဆီ ပေးစရာ ကျန်နေသေးတဲ့ ငွေတွေကို မပေးဘဲ ထိန်းထားဖို့၊ ပြင်သစ်အစိုးရကလည်း ဒီကုမ္ပဏီတွေကို ကင်းလွတ်ခွင့် ၂ ချက် အသုံးပြုခွင့် မပေးဖို့၊ US အစိုးရအ​နေနဲ့ MOGE ကို ပိတ်ဆို့အရေးယူ​ပေးဖို့၊ ဒီ ၃ ချက်ကို ဆက်လက် တောင်းဆိုကြရမှာ ဖြစ်ပါတယ်။

ဘယ်သူတွေမှာ တာဝန်ရှိလဲဆို အားလုံးမှာ တာဝန်ရှိပါတယ်။ အားလုံး ပါဝင်ဖို့ လိုပါတယ်။ မြေပြင်သပိတ်အဖွဲ့တွေ၊ အွန်လိုင်းပေါ်ကနေ ပါဝင်ကြမဲ့ ပြည်သူတွေ၊ မီဒီယာသမားတွေ၊ ကမ္ဘာ့မီဒီယာတွေထိပါ ပေါက်ရောက်သူတွေ၊ နောက်ဆုံးနဲ့ အရေးကြီးဆုံးကတော့ NUG က တာဝန်ရှိသူတွေ ဖြစ်ပါတယ်။ တချို့ကိစ္စ​တွေက အွန်လိုင်းက​နေပဲ ​တောင်းဆိုရုံ၊ ​မြေပြင်သပိတ်​တွေက​နေပဲ ဆန္ဒထုတ်​​ဖော်ရုံနဲ့ မပြီးပါဘူး။ တရားဝင်အစိုးရအဖြစ် ဦးဆောင်ဆွေးနွေးမှ ရမှာ​တွေ ရှိပါတယ်။

ဒီကုမ္ပဏီတွေ ခုလို စစ်တပ်နဲ့ ဖယ်ခွာပြီး လုပ်ငန်းတွေ ရပ်တန့်လိုက်တယ်ဆိုတာ ဘယ်တုန်းကမှ စိတ်ကူးမယဉ်နိုင်ခဲ့တဲ့ ကိစ္စတွေပါ။ ပြောရရင် ပြည်သူတွေရဲ့ အောင်ပွဲပါ။ သို့သော် အဆုံးထိတော့ မရောက်သေးဘူး။ လူမြင်ကောင်းအောင် ဆက်မလုပ်တော့ဘူး ပြောပြီး နောက်ကွယ်မှာ ငွေတွေ ပေးနေမှာမျိုး ဖြစ်လို့မရဘူး။ တစ်ပတ်ရိုက် ခံရလို့ မဖြစ်ဘူး။ ဒါကြောင့် ပြည်သူဟာ သိဖို့ လိုတယ်။ အမြင်ပွင့်ဖို့ လိုတယ်။ အခြေအနေက ဘာဖြစ်နေပြီ၊ ဘယ်အဆင့် ရောက်နေပြီဆိုတာ သိထားဖို့ လိုတယ်။

စစ်တပ်ဘက်ကလည်း တော်လှန်ရေးထဲ ငွေလှူတဲ့သူတွေကို လိုက်လံဖမ်းဆီးနေတာ အားလုံးအသိပါ။ ငွေရှိမှ လက်နက်ဆိုတာ ရှိတာကိုး။ အဲ့လိုပဲ၊ ကျွန်တော်တို့ဘက်ကလည်း သူတို့လုပ်ငန်းတွေကို သပိတ်မှောက်ရမှာ မှောက်။ ခုလို ပြည်ပက နိုင်ငံခြားငွေတွေ မစီးဝင်အောင်လည်း နည်းမျိုးစုံနဲ့ ကြိုးပမ်းအားထုတ်ဖို့ လိုပါတယ်။ ကိုယ့်ဘက်ကို ရန်ပုံငွေ ရရှိရေးတစ်ခုတည်း လုပ်နေလို့ မပြီးပါဘူး။ သူ့ဘက်ကိုလည်း ပိတ်ရပါမယ်။ မဟုတ်ရင်တော့ အိတ်ပေါက်နဲ့ ဖားကောက်သလို၊ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေမှာပါပဲ။

ယိုင်နဲ့စပြုလာပြီဖြစ်တဲ့ စစ်တပ်ကို ဆက်ပြီး အသက်သွင်းပေးနေမှာ ဒီငွေတွေပါ။ ဒါကြောင့် အရေးကြီးတဲ့ လှုပ်ရှားမှုတစ်ခုအဖြစ် မှတ်ယူပြီး သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ဆက်လက်လုပ်ဆောင်သွားကြဖို့ အရေးကြီးပါတယ်။ လာမဲ့ရက်တွေမှာလည်း ပြည်တွင်း ပြည်ပ အွန်လိုင်း လှုပ်ရှားမှုတွေ ရှိပါလိမ့်မယ်။ အဲဒီအခါ ဘာအတွက် လုပ်တာလဲ၊ ဘာကြောင့် လုပ်ရတာလဲ သိနေစေဖို့ ရည်ရွယ်ရေးသားလိုက်တာပါ။

​ဒေါက်တာ ဖြိုးသီဟ

689 Views

Related News

cover
အမြဲတမ်းဝန်ထမ်းအဖြစ်မှ နေ့စားအဖြစ်သို့ ပြောင်းလဲခန့်အပ်တာတွေ များလာ
Mar 7, 2023
cover
Princess Power Garment က အလုပ်သမားတွေ ဖူလုံရေးခံစားခွင့်အပြည့်အ၀ရရှိလို
Mar 6, 2023
cover
လုပ်ငန်းခွင်အတွင်း ချိုးဖောက်ခံရမှုတွေရှိနေတယ်လို့ Dishang Fashion Garment အလုပ်သမားတွေ ပြော
Mar 6, 2023
cover
Qi Cai (Myanmar) အထည်ချုပ်စက်ရုံ ပိတ်ရက်တွေအတွက် ဒေးကြေး အပြည့်အဝရရှိလိုတယ်လို့ အလုပ်သမားတွေပြော
Mar 3, 2023
cover
ဥပဒေပါခွင့်ခံစားခွင့်တွေမရရှိဘူးလို့အလုပ်သမားတွေပြော
Mar 3, 2023
cover
အလုပ်သမားက တရားစွဲထားတဲ့ YFA စက်ရုံပိုင်ရှင် ရုံးချိန်းသုံးချိန်းတိတိပျက်ကွက်
Mar 3, 2023
cover
လုပ်ငန်းခွင်ထဲမှာ ခွင့်တစ်ရက်ပျက်တာနဲ့ ကျွမ်းကျင်ကြေး ဖြတ်တောက်မှုတွေရှိလာ ဥပဒေပါ ခွင့်ခံစားခွင့်များမရရှိတော့ဟုဆို
Mar 2, 2023
cover
စက်ရုံအလုပ်သမားတွေ ပြည်ပနိုင်ငံတွေမှာသွားရောက်လုပ်ကိုင်ဖို့ အကူညီတောင်းခံသူ ၄၀၀ ၀န်းကျင်အထိရှိလာ
Mar 1, 2023
cover
အလုပ်သမားအခွင့်အရေးဆိုးရွားစွာ ချိုးဖောက်ခံနေရတာတွေ ပြုပြင်ပြောင်းလဲပေးဖို့ လုပ်သားတွေတောင်းဆို
Feb 28, 2023
cover
အလုပ်ရှင်ဘက်က ဖွဲ့စည်းထားတဲ့ WCC အစားအသစ်ပြန်ဖွဲ့ပေးဖို့ အလုပ်သမားတွေတောင်းဆို
Feb 27, 2023



About Us

To uphold the rule of law needed to improve the social-economic life of the working class in Myanmar. To help the transition to democracy as media role in the workforce gender equity.

Contact Us

Download App

applegoogle