NEWS

မန်းတောင်ခြေဘိုးဘွားရိပ်သာက အဘိုးအဘွားတို့ရဲ့ဒုက္ခ

CoverLogo
1.9K Views

မန္တလေးမြို့မှာရှိတဲ့ မန်းတောင်ခြေဘိုးဘွားရိပ်သာမှာ ခိုလှုံနေထိုင်နေကြရတဲ့ အဘိုးအဘွားတွေထံ လှူဒါန်းမှုတွေအပေါ်မှာ ရိပ်သာအုပ်ချုပ်ရေးမှူးနဲ့  ရုံးဝန်ထမ်းတချို့က ခေါင်းပုံဖြတ်အမြတ်ထုတ်နေတာတွေရှိတယ်လို့ မန္တလေးမြို့ခံတွေထံက သိရပါတယ်။

ဒါ့အပြင် ရိပ်သာအုပ်ချုပ်ရေးမှူးရဲ့ ဇနီးက ရိပ်သာဝန်ထမ်းတွေကို နေအိမ်သို့ ခေါ်ယူခိုင်းစေတာတွေရှိသလို ၎င်းခိုင်းစေထားတဲ့ ဝန်ထမ်းတွေကို ပါးရိုက်တာ၊ အနိုင်ကျင့်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

မန်းတောင်ခြေ ဘိုးဘွားရိပ်သာဟာ မန္တလေးတောင်ရဲ့ အနောက်ဖက်၊ ကားလမ်းနံဘေးမှာ တည်ရှိတာဖြစ်ပြီး မန္တလေးမြို့သူ မြို့သားတွေရဲ့ အားစိုက်လှူဒါန်းမှုနဲ့ ဖြစ်တည်လာတဲ့ ရိပ်သာတစ်ခုလို့ သိရပါတယ်။

ယခင်ကတော့ ခေါင်းပုံဖြတ်တာ အမြတ်ထုတ်တာတွေ မရှိခဲ့ဘဲ လွန်ခဲ့တဲ့နှစ်နှစ် ကိုဗစ် ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကစကာ ရောဂါကူးစက်နိုင်မှုရှိတာကို အကြောင်းပြုပြီး အဘိုးအဘွားတွေထံ အလှူရှင်တွေ တိုက်ရိုက် လှူဒါန်းခွင့်မပြုတော့ပဲ အုပ်ချုပ်ရေးရုံးက လက်ခံနေတဲ့ အချိန်နောက်ပိုင်းက စ ဖြစ်လာတာလို့ သိရပါတယ်။

ကိုဗစ်ကာလအတွင်း အလှူရှင်တွေ လာရောက်လှူဒါန်းတဲ့ အလှူငွေ၊ အဝတ်အစား၊ အသုံးအဆောင်၊ အစားအသောက်တွေကို ယခင်လို အဘိုးအဘွားတွေ တိုက်ရိုက် လက်ခံခွင့်မရှိတော့ဘူးလို့ သိရပါတယ်။

အဘိုးအဘွားတွေအနေနဲ့ အလှူငွေကိုပါ တိုက်ရိုက်လက်ခံခွင့်မရတော့တာကြောင့် ခိုးကိုးရာမဲ့သူတွေအနေနဲ့ အစစ အရာရာ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ဒါ့အပြင် နေထိုင်မကောင်းဖြစ်တဲ့ အဖိုးအဖွားတွေအနေနဲ့လည်း ကိုယ်ပိုင်ငွေနဲ့သာ ဆေးကုသရပြီး ရိပ်သာက ငွေကြေးစိုက်ထုတ်မှု မရှိတော့ဘူးလို့ သိရပါတယ်။

မန္တလေးမြို့ခံ တစ်ဦးက"ကိုဗစ် နှစ်နှစ်အတွင်းမှာ အဘိုးအဘွားတွေ ပိုက်ဆံ နှစ်သောင်းသုံးသောင်းလောက်ပဲရကြတယ်လို့ သိရတယ်၊တချို့ အဘိုးအဘွားတွေက ပင်စင်ရှိလို့ သုံးနိုင်ပေမယ့် ခိုကိုးရာမဲ့ အဘိုးအဘွားတွေမှာ တော်တော်ကြီးကို ခက်ခဲသွားတာ၊ တချို့ဆို အဝတ်တောင် မလျှော်ရတာ၊ ခြောက်လလောက်ကြာတယ်၊ ဆပ်ပြာမရှိလို့၊ ရေနဲ့ပဲ လျှော်ရတာ"လို့ ပြောပါတယ်။

ဒီကိုဗစ်ကာလအတွင်း အဘိုးအဘွားတွေထံ ငွေသားတိုက်ရိုက်လှူဒါန်းတာကို အသက် ၇၇နှစ်အရွယ် ရိပ်သာအုပ်ချုပ်ရေးမှူး ရဲဝန်ထမ်းဟောင်း ဦးသန်းထွန်းက သဘောမကျပုံပြတယ်လို့လည်း သိရပါတယ်။

မြို့ခံ တစ်ဦးက"အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ဘာပြောလဲဆိုတော့ ဘိုးဘွားတွေ ထမင်းစားနေရရင် တော်ပြီတဲ့၊ ဒီ အဘိုးအဘွားတွေ ပိုက်ဆံရှိတာ မရှိတာ ငါနဲ့ ဘာမှ မဆိုင်ဘူး၊ မပတ်သက်ဖူး၊ ငါ့ကို လာမပြောနဲ့လို့ပြောတာတဲ့" လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အဆိုပါ ရိပ်သာအုပ်ချုပ်ရေးမှူး နဲ့ အုပ်ချုပ်ရေးရုံးပိုင်းက စာရေးမိသားစု အပါအဝင် အထက်ပိုင်း ဝန်ထမ်းငါးဦးခန့်ဟာ ခြံမြေ၊ တိုက်အိမ်၊ ကား၊ အသုံးအဆောင်တွေက အစ သုံးစွဲ ဝယ်ယူနေတာကြောင့် မန္တလေးမြို့ခံတွေရဲ့ အမြင်မှာ သံသယဖြစ်ဖွယ်ရှိနေတယ်လို့ ဆိုကြပါတယ်။

ရိပ်သာအနီးနေသူတစ်ဦးက"သူတို့က ပြင်ဦးလွင်ဘက်မှာသွားပြီးတော့ မြေတွေဝယ်ထားတယ်၊ အိမ်တွေဆောက်ထားတယ်၊ ရုံးက စာရေးအောင်ကြီးရယ်၊ နီလာဝင်းဆိုတဲ့ ကောင်မလေးရယ်၊ နီလာဝင်းကတော့ အလုပ်သမားသာသာပေါ့၊ အောင်ကြီးကဆို စာရေးကြီးပဲနော်၊ လခမှ သူတို့ လင်မယားနှစ်ယောက်ပေါင်းမှ ၂သိန်းလောက်ပဲ ထားလိုက်ပါ၊ ကားဝယ်စီးသွားပြီ၊ နောက်ပြီးတော့ ကလေးကို ဘယ်လိုထိမ်းလဲဆိုတော့ ဘိုးဘွားရိပ်သာထဲမှာ ညနေဆို ကားပတ်မောင်းတာ၊ အပတ်ပေါင်းမရေနိုင်ဘူး၊ ဆိုင်ကယ် ပတ်မောင်းတယ်၊ ကားပတ်မောင်းတယ်၊ ကလေးဆိုလည်း ဝယ်ပေးတဲ့ကား၊ ကလေးစီးတဲ့ကား တစ်သိန်းခွဲနှစ်သိန်း၊ အဲ့ဒါမျိုးကို အဖြူတစ်စီး အနီတစ်စီးဝယ်ပေးထားတာ၊ ကလေးစီးတဲ့ဆိုင်ကယ်၊ ဒါတွေက ဘယ်ကပိုက်ဆံနဲ့ရနေလဲ၊ သူတို့ကျတော့ စိန်နားကပ်သေးသေးလေးကနေ စိန်နားကပ်ကြီးကြီးဖြစ်အောင်ဝတ်နိုင်တယ်၊လက်ကောက်တွေ တတောင်ဆစ်အထိ ရောက်လာတယ်၊ ဒီလစာလေးနဲ့ ဘယ်လိုရောက်နိုင်လဲ"လို့ ဆိုပါတယ်။

လက်တလောမှာ ကျန်းမာရေး မကောင်းတဲ့ အဘိုးအဘွားတွေရှိပါက ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဆေးရုံတက်ရမယ်လို့ အုပ်ချုပ်ရေးမှူးက ပြောတယ်လို့လည်း သိရပါတယ်။နေထိုင်မကောင်းတဲ့အဘိုးအဘွားတွေ ဆေးရုံတက်နေစဉ် ကာလအတွင်း အလှူရှင်က လာရောက်လှူဒါန်းထားတဲ့ ငွေသားနဲ့ ၊ အစားအသောက်၊ အသုံးအဆောင်တွေကိုလည်း ပေးလှူတာမရှိပဲ ရုံးကနေ သိမ်းသွားတယ်လို့ သိရပါတယ်။

အဘိုးအဘွား တစ်ဦးဦးသေဆုံးပါကလည်း ၎င်းကျန်ရစ်တဲ့ ငွေကြေးကို အရင်ရှာဖွေယူငင်ပြီးမှ ရုပ်အလောင်းကို ရိပ်သာအနောက်ဘက် နာရေးပြုလုပ်ရာ အဆောက်အဦးပေါ် တင်ကာ သံဃာတစ်ပါးပင့်ပြီး ဆွမ်းချိုင့် တစ်ချိုင့်ကပ်လှူကာ နာရေးကားတစ်စီးနဲ့ သင်္ဂြိုဟ်ခိုင်းတယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးပိုင်းက ဝန်ထမ်းတွေအနေနဲ့ အပြင်ထွက် စားသောက်ကြပေမယ့် အဘိုးအဘွားတွေအတွက် ချက်ပြုတ်ကျွေးမွေးတဲ့ ထမင်းဟင်းတွေကတော့ ဆား အပေါ့အငန် မသိပဲ၊ ဖွယ်ဖွယ်ရာရာ မရှိတဲ့ ထမင်းဟင်းတွေ ချက်ပြုတ်ကျွေးနေကြတယ်လို့လည်း ရိပ်သာအနီးနေသူတွေက ဆိုပါတယ်။‌

ဒါ့အပြင် အလှူရှင်တွေ လာရောက်လှူဒါန်းတဲ့ မုန့်ပဲသွားရည်စာတွေဟာ အဘိုးအဘွားတွေထံ ချက်ခြင်းရောက်မလာတော့ပဲ ရောက်လာတဲ့ မုန့်ပဲသွားရည်စာတွေဟာလည်း သက်တမ်းကုန်နေတာ၊ မကောင်းတော့တာ၊ အထားမခံတော့တာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

မန်းတောင်ခြေ ဘိုးဘွားရိပ်သာမှာ လတ်တလောနေထိုင်တဲ့ အဘိုး၁၀ဦးနဲ့ အဘွား၄၃ဦး ရှိတယ်လို့ သိရပါတယ်။

အသက်အကြီးဆုံး အဘိုးကတော့ ၉၇နှစ် အရွယ်ရှိပြီ ဖြစ်ပြီး ၉၀ကျော် အရွယ် ၄ဦးရှိကာ ကျန်သူတွေကတော့ အသက် ၇၅နှစ်ကနေ ၈၀ အရွယ်တွေလို့ သိရပါတယ်။

ရိပ်သာမှာ နေထိုင်နေကြတဲ့ အဘိုးအဘွားတွေမှာ ဒေသပေါင်းစုံက ပင်စင်စား ကျောင်းအုပ်တွေ၊ပင်စင်စား ပညာရေးဝန်ထမ်းတွေလည်း ရှိသလို ခိုးကိုးရာမဲ့ အဘိုးအဘွားတွေလည်း ရှိတယ်လို့ သိရပါတယ်။ပင်စင်စား အဘိုးအဘွားတွေအနေနဲ့ ဝင်ငွေရှိနေသေးပေမယ့် ခိုကိုးရာမဲ့ အဘိုးအဘွားတွေကတော့ ရပ်တည်ရတာ အင်မတန်ခက်ခဲနေပြီလို့  Myanmar Labour News ကသိရပါတယ်။

ရိပ်သာအနီး နေသူတစ်ဦးက"အဘိုးအဘွားတွေ ကို လာလှူတဲ့ ပစ္စည်းတွေကို၊ သူ့မိန်းမက သီပေါဘက်ကတဲ့၊ သီပေါဘက်က ဘိုးဘွားရိပ်သာ၊ ကျောက်မဲက ဘိုးဘွားရိပ်သာတွေကိုပေးတယ်၊ပို့တယ်၊ ကားတွေနဲ့ တင်လွှတ်တယ်၊ အဲ့ဒါတွေကို မြင်တဲ့သူတွေက မြင်တယ်၊ နောက်တချက်ကကျတော့ စာရေးကြီး ဦးအောင်ကြီးရဲ့ အဒေါ်လား၊ အမေရဲ့ညီမဆိုတော့ အဒေါ်တော်မှာပေါ့၊ သူက ပြည်ဘက်က၊ ထမီတွေ ဖိနပ်တွေ ရလို့ရှိရင် အကုန်လုံးကို ကားကို အထဲထဲမှာ ခေါ်ပြီးတော့ တောက်လျှောက်ပိတ်ပြီးတော့ ကားတစ်စီးအပြည့်သွားရောင်းခိုင်းတာ၊ အဲ့ဒါမျိုးတွေလုပ်ကြတယ်၊အစားအသောက်ကောင်းတာတွေရော သူတို့ အပြင်ကို အကုန်ထုတ်တယ်"လို့ ဆိုပါတယ်။

ရိပ်သာမှာ အောက်ခြေ ဝန်ထမ်းက ၃၀ နီးပါး ရှိပြီး အဆိုပါ ရိပ်သာဝန်ထမ်းတွေအနေနဲ့ အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်မှာ အလှည့်ကျ တစ်နေကုန် အလုပ်ခိုင်းစေခံရတယ်လို့ သိရပါတယ်။

မြို့ခံတစ်ဦးက"ဝန်ထမ်းတွေကို အလှည့်ကျ သူ့အိမ်မှာ အိမ်ဖော်ခေါ်ခိုင်းတာ၊ လင်မယားနှစ်ယောက်ထဲရှိတာကို၊ မနက် ၅နာရီကနေ ည ၉နာရီ ၁၀နာရီမှ ပြန်ရတယ်၊ ဒီထဲမှ အဆင်မပြေရင် ပါးရိုက်တာတွေရှိတယ် သူ့မိန်းမကလေ၊ အဲ့လိုမျိုးတွေရှိတော့ ဝန်ထမ်းတွေက အပြင်မှာလည်း မနေနိုင်၊ ထွက်လို့ကလည်း မဖြစ်၊ မပြောရဲ မဆိုရဲတဲ့ခါကျတော့ ဒီလိုပဲ မှေးနေကြရတာတွေ ရှိတာပေါ့နော်၊ အခုဆိုရင် ဝန်ထမ်းတွေ၊ မိသားစုတွေကို ကိုဗစ်ကို အကြောင်းပြပြီးတော့ တချို့ဟာလေးတွေကျ အပြင်မှာ အလုပ်လုပ်တယ်၊ အပြင်မှာပဲ ထားတယ်အထဲပြန်မဝင်ရဘူး၊ လင်ကွဲ မယားကွဲ၊ သားကွဲ သမီးကွဲ၊မအေကွဲ အဲ့ဒါမျိုးတွေ အများကြီးပဲ" လို့ ပြောပါတယ်။

ဝန်ထမ်းတွေအနေနဲ့လည်း အုပ်ချုပ်ရေးမှူးခိုင်းတာကို လုပ်ဖို့နဲ့ ပြန်ပြောရင် အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်တာတွေရှိတယ်လို့လည်း သိရပါတယ်။

အခုလို အခြေအနေတွေ ဖြစ်နေတဲ့အတွက် ရိပ်သာရှိ ဘိုးဘွား‌တွေကို လှူဒါန်းသူတွေအနေနဲ့ အဘိုးအဘွားတွေထံ ကိုယ်ထိလက်ရောက်လှူဒါန်းကြဖို့၊ ကျန်းမာရေးမကောင်းတဲ့ ဘိုးဘွားတွေကိုလည်း ရိပ်သာရန်ပုံငွေနဲ့ ကြပ်ကြပ်မတ်မတ် ကုသပေးသင့်တယ်လို့ မန္တလေးမြို့ခံတွေက အကြံပြုကြပါတယ်။

 


Related posts

Cover
အလုပ်ထွက်တဲ့ဝန်ထမ်းတွေ လစာအပြည့်မရဘဲ ဖြတ်တောက်ခံနေရ
Apr 25, 2024
Cover
အလုပ်ထွက်တဲ့အလုပ်သမားတွေ ဒေးကြေး ရက်မှန်ကြေး အချိန်ပိုကြေးနှင့် ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်ခံနေရ
Apr 23, 2024
Cover
လုပ်ငန်းခွင်အတွင်းက အခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးရန် တိုင်ကြားထားဟုဆို
Apr 22, 2024
Cover
လုပ်ခ မလုံလောက်မှုကြောင့် အလုပ်သမားများ စားဝတ်နေရေး ပိုမိုခက်ခဲလာ
Apr 22, 2024
Cover
အမျိုးသမီးများပါသွားရောက်လုပ်ကိုင်နိုင်မည့် ကိုရီးယား EPS-TOPIK စာမေးပွဲဧပြီ ၃၀ ရက် နေ့ဖြေဆိုရမည်
Apr 20, 2024
Cover
HOPE ONE CO,LTD စက်ရုံလုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်အပါအဝင် အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေဟုဆို
Apr 19, 2024
Cover
လုပ်သားအင်အားရှားပါးမှုကြောင့် ကလေးလုပ်သား အသုံးပြုမှုပိုများလာ
Apr 15, 2024
Cover
ဒေါ်ခိုင်ဇာအောင်အား Arthur Svensson Prize ချီးမြှင့်
Apr 15, 2024