NEWS

အလုပ်ထွက်တဲ့ဝန်ထမ်းတွေ လစာအပြည့်မရဘဲ ဖြတ်တောက်ခံနေရ

CoverLogo
1.3K Views

လုပ်ငန်းခွင်ကနေ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ထွက်ပြီး  ရသင့်ရထိုက်တဲ့ လစာငွေထုတ်ယူရာမှာ ဒေးကြေး ကလွဲပြီး ကျန်တဲ့ ဥပဒေပါခံစားခွင့်တွေ ဒါမှမဟုတ် သတ်မှတ်ပေးချေရမဲ့ ငွေကို အပြည့်အဝမပေးချေတာတွေက စက်ရုံအလုပ်ရုံတွေမှာ ဖြစ်ပေါ်လျက်ရှိပါတယ်။

အခုလို အလုပ်ထွက်တဲ့အလုပ်သမားကို ပေးချေရမဲ့ လစာငွေ အပြည့်အဝပေးခြင်းမရှိလို့ အလုပ်သမားအနေနဲ့ ရှေ့လ တစ်လစာပင် စားသောက်ဖို့ ဖူလုံမှုမရှိတာကြောင့် အခြေအနေဆိုးဆိုးရွားရွားတွေလည်း ခံစားနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ဆိပ်ကမ်းသာလမ်းမှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် LAT WAR (3) COMPANY LIMITED အထည်ချုပ်စက်ရုံမှာလည်း အလုပ်ထွက်တဲ့အလုပ်သမားတွေကို လစာအပြည့်အဝပေးချေခြင်းမရှိလို့ အခက်တွေ့နေရတယ်လို့ အလုပ်သမားကပြောပါတယ်။

KAPALUA, REGATA, MAVI CONIN’s စတဲ့အမှတ်တံဆိပ်ချုပ် လုပ်ငန်းတွေဖြစ်ပြီး လုပ်ငန်းခွင်ထဲ အလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီ ရှိပေမဲ့ အခုလို ချိုးဖောက်ခံနေရမှုကို တော့ ဖြေရှင်းပေးနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

အဆိုပါ လုပ်ငန်းခွင်မှာ တနေ့ အလုပ်ချိန် မနက် ၈ နာရီမှ ည ၆း၃၀ ( အချိန်ပို ၂ နာရီအပါ) အတွက် လစာ‌ပေးသည့်စနစ်မှာ ဒေးကြေး ၄၈၀၀ကျပ်၊ ကျွမ်းကျင်ကြေး A+ 70000 ကျပ်၊ A 60000 ကျပ်၊ A- 50000 ကျပ်၊ B 40000 ကျပ်၊ B- 30000 ကျပ်၊ C 20000 ကျပ်၊ C- 10000 ကျပ်၊ ရက်မှန်ကြေး 20000 ကျပ်၊ ထောက်ပံ့ကြေး 10000 ကျပ်၊ အချိန်ပိုကြေး တစ်နာရီ 1200 ကျပ် စသည် စနစ်ဖြင့်ပေးချေနေတာဖြစ်ပြီး ပြီးခဲ့တဲ့လတွေမှာ အလုပ်ထွက်တဲ့အလုပ်သမားတွေအနေနဲ့ လစာထုတ်ယူရာမှာ ဒေးကြေး ၄၈၀၀ ကျပ် နှင့် ထောက်ပံ့ကြေး ၁၀၀၀၀ ကျပ် အချိန်ပို တာရီ ၁၂၀၀ ဖြင့် ရှင်းပေးပြီး ကျွမ်းကျင်ကြေးနှင့် ရက်မှန်ကြေးတွေ ဖြတ်တောက်ခံထားရလို့ စားဝတ်နေရေးအတွက်အခက်တွေ့နေရတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ အနည်းဆုံးအလုပ်ဆင်းရက် ၁၈ ရက်ကနေ ၂၀ ကျော်အထိ ဆင်းထားတာဖြစ်လို့ ရသင့်ရထိုက်တဲ့ကျွမ်းကျင်ကြေးနဲ့ ရက်မှန်ကြေးတွေပေးချေစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"လုပ်အားခေါင်းပုံဖြတ်ခံနေရတာပေါ့ တစ်လကို သေအောင်အလုပ်လုပ် ၃ သိန်းမကျော်ဘူး အလုပ်ထွက်လို့ ဆိုပြီး လစာတွေလျှော့ထားတာကျတော့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းလို့ မရတော့ဘူးလေ တချို့ဆို ရက် ၂၀ ကျော်ဆင်းခဲ့တယ် ရတာက တသိန်းခွဲတောင်မပြည့်ဘူး မေးတော့လဲ စက်ရုံရဲ့ လစာပေးစနစ်ကြောင့်တဲ့ အခုလို လုပ်ငန်းရှင်ဘက်က ဖြတ်တောက်လိုက်တဲ့ ပမာဏက ဘာမှမပြောပလောက်ပေမဲ့ အလုပ်သမားတွေအတွက်ကျတော့ ထမင်းစားဖို့ အသက်ရှင်ဖို့ အရမ်းအရေးကြီးတဲ့ ပမာဏပါ"လို့ အလုပ်သမားကပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ လဲ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၅ ရွှေလီလမ်းမှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် ဆင့်လုံအထည်ချုပ် (SHUNRONG GRAMENTS MYANMAR)စက်ရုံမှာ ပြီးခဲ့တဲ့လပိုင်းအတွင်းအလုပ်ထွက်ခဲ့တဲ့အလုပ်သမားတွေကို လုပ်ခကျန်ငွေရှင်းပေးရာမှာ ဒေးကြေး ရက်မှန်ကြေး အချိန်ပိုကြေးနှင့်ကျွမ်းကျင်ကြေးတွေ မပေးဘဲ ဖြတ်တောက်ခံရမှုကို သတင်းဖော်ပြခဲ့ပါသေးတယ်။

အလုပ်သမား ၅၀၀ ကျော်နဲ့ လုပ်ငန်းလုပ်ကိုင်နေတဲ့ အဆိုပါဆင့်လုံအထည်ချက် စက်ရုံမှာ PROTECTIVE INDUSTRIAL PRODUCTS အထည်တွေချုပ်လုပ်တာဖြစ်ပြီး လုပ်ငန်းခွင်ဝင်ချိန်ဟာ နံနက် ၇ နာရီ ၃၀ မှ ည ၆ နာရီအထိ ( အိုတီ ၂ နာရီအပါ) ဖြစ်ပြီး လက်ရှိလုပ်ခပေးနေတဲ့နှုန်းထားကတော့တရက်အလုပ်ချိန် ၈ နာရီလျင်  ဒေးကြေး တရက်လျင် ၄၈၀၀ ကျပ် နှင့် ထောက်ပံ့ကြေး ၁၀၀၀ ကျပ်၊ အိုတီကြေး တနာရီ ၁၄၀၀ ကျပ် နှင့် ရက်မှန်ကြေး ၃၀၀၀၀ ကျပ်၊ ကျွမ်းကျင်ကြေး အေအဆင့် ၄၅၀၀၀ ကျပ် ဘီအဆင့် ၃၀၀၀၀ ကျပ်နှင့် စီအဆင့် ၁၀၀၀၀ ကျပ် ပေးချေနေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ မတ်လမှာ အလုပ်ထွက်ခဲ့တဲ့အလုပ်သမားတွေကိုတော့ လစာထုတ်ရာမှာ လပြည့်ထိမဆင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေးကြေး ကို ၄၈၀၀ ကျပ် အချိန်ပိုကြေးကို တနာရီ ၁၂၀၀ ကျပ် သာပေးပြီး ရက်မှန်ကြေး ကျွမ်းကျင်ကြေးတွေပေးချေမှုမရှိတာကြောင့် ဖြတ်တောက်ခံခဲ့ရလို့ နစ်နာမှုတွေရှိခဲ့တယ်လို့ အလုပ်သမားကပြောပါတယ်။

အခုလို အလုပ်ထွက်ရန်ကြိုးပမ်းတဲ့အခါ လုပ်ခအပြည့်အဝမရမှုတွေဟာ စက်မှုဇုန်လုပ်ငန်းခွင်တွေမှာ ဖြစ်ပေါ်လျက်ရှိပြီး  စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းစီးပွားရေးကျဆင်းတာ ၊ လုပ်ခနည်းပါးတာ တွေအပြင် စစ်မှုထမ်းဥပဒေသက်ရောက်မှုတွေကြောင့်လည်း လုပ်ကိုင်စားသောက်ဖို့ မလွယ်ကူတော့တာကြောင့် လုပ်ငန်းခွင်စွန့်ခွာမှုတွေ ပြုလုပ်လာကြရသလို အခုလို လုပ်ခအပြည့်မပေးချေမှုကလည်း ထပ်ဆင့် လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာဖြစ်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက သုံးသပ်ပြောဆိုထားပါတယ်။

 

 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026