မြို့ပြတည်ဆောက်သူတို့ရဲ့ လက်များငွေမသီးတော့ပြီ

cover
profile
Jan 8, 2022

စစ်ကောင်စီ အာဏာသိမ်း ကာလမှာ အခြေခံ ကုန်ဈေးနှုန်းနဲ့  အခြားကုန်ကျစရိတ်တွေ ဈေးနှုန်း တရိပ်ရိပ် ကြီးမြင့်လာတာကြောင့်  နေစား ဆောက်လုပ်ရေး လုပ်သားတွေရဲ့ နေထိုင်ရပ်တည်ရေး ခက်ခဲလာပါတယ်။

အထူးသဖြင့် ရန်ကုန်မြို့လို့ နေရာက အခြေခံဆောက်လုပ်ရေးလုပ်သားတွေရဲ့ အခြေအနေပါ။

ဆောက်လုပ်ရေးလုပ်သားလို့ဆိုလိုက်တာနဲ့ကာကွယ်ရေး ဝတ်စုံ အပြည့်နဲ့ စမတ်ကျနေတဲ့ သူတွေကိုပြေးမြင်မိကြမှာပါ။

တကယ်တမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွေရဲ့ အောက်ခြေအဆင့်လုပ်ကိုင်နေကြသူတွေဟာ နေ့စားအလုပ်သမားတွေ ဖြစ်ပါတယ်။အဲ့ဒီလုပ်ငန်းရဲ့ အကြီးအသေးပေါ်မူတည်ပြီးတော့ လုပ်သားအင်အား အနည်းအများသာ ကွာခြားသွားနိုင်တာမျိုးပါ။

မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဥပဒေမထွက်ရှိသေးတာကြောင့် သူတို့အတွက် လုပ်ငန်းခွင်အာမခံချက်ဆိုတာ မရှိသလောက်ပါဘဲ။

ထပ်မံပြီးတော့ နေ့စားအလုပ်သမားဖြစ်နေတဲ့ အခါ သူတို့ရဲ့ လုပ်ငန်းခွင်တည်မြဲရေးက သူတို့ရဲ့ ကျန်းမာမှုနဲ့ ခွန်အားတွေပေါ်ပဲမူတည်ပါတယ်။

လက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်က ပန်းရံလုပ်သားတွေရဲ့  လုပ်ခအနေနဲ့ အမျိုးသမီးတစ်ဦးကို ကျပ် ၆၀၀၀ နဲ့ အမျိုးသားတဦးကို ကျပ် ၈၀၀၀ ရရှိ တယ်လို့ ဆိုပါတယ်။

“ အခုဆို ဆန်တပြည် နှစ်ထောင်ကျော်ရှိတယ်၊ တော်တော်ကျော်တယ်၊ မိသားစုလေးယောက်လောက် စားတယ်။ အခန်းခက ၅၀၀၀၀ ကျော် တစ်လ နေထိုင်စရိတ် တစ်ယောက်ကို ခြောက်ရာကျော် ကျတယ်။

ဟင်းချက်စား ရင် အနည်းဆုံး တစ်နေ့ ၃၀၀၀ ဆိုရင် ကုန်ပြီ။” လို့ ပန်းရံလုပ်သားတစ်ယောက်ဖြစ်တဲ့ ဒေါ်မေလှိုင်က ပြောပါတယ်။

ဒေါ်မေလှိုင် တွက်ချက်တဲ့ အတိုင်းဆို နေ့စားတွေရဲ့ တစ်နေ့လုပ်ခ တစ်ဝက်ကျော်ဟာ နေစာရိတ်၊ စားစရိတ်တွေနဲ့ ကုန်ကျနေတာဖြစ်ပါတယ်။

 

ဒါ့အပြင် အလုပ်ခွင်သွားလာစာရိတ်ကုန်ကျနေတဲ့အတွက်  မိသားစုအတွင်း အနည်းဆုံး ၂ ယောက် လုပ်စာရှိမှာ ရပ်တည်လို့ ရမယ်လို့လည်း ဒေါ်မေလှိုင်က ပြောပါတယ်။

လက်ရှိမှာလည်း ဆောက်လုပ်ရေးလုပ်သားတွေရဲ့ လုပ်ခဟာ လွန်ခဲ့တဲ့ တစ်နှစ် အာဏာ မသိမ်းမီအချိန်က ရရှိခဲ့တဲ့လုပ်ခအတိုင်း မပြောင်းလဲဘဲ ရှိနေတာကြောင့် ကုန်ဈေးနှုန်းမြင့်တက်ချိန်မှာ အခုလို အခက်အခဲတွေ ဖြစ်လာတာလို့ ဆောက်လုပ်ရေး လုပ်သားတွေက ပြောပါတယ်။  

အလုပ်အတွက် သွားလာရေးတွေမှာ ကုန်ကျစာရိတ်တွေ ကလည်း လက်ရှိအချိန်မှာ မြင့်မားနေတာကြောင့် အခက်အခဲတွေ ထပ်ဖြစ်လာရတယ်လို့ ပန်းရံလုပ်သားတစ်ဦး ဖြစ်တဲ့ ကိုရဲတင့်က ပြောပါတယ်။

“ အခုလှိုင်သာယာကနေ   မြောက်ဥက္ကလာကို အလုပ်ဆင်းမယ်ဆို ဘတ်စ် ကားခက ၅၀၀ ပေးရတယ်။ တကယ်လို့ အလုပ်က မှတ်တိုင်နဲ့ မနီးဘူးဆိုရင် ကယ်ရီ စီးပေါ့။ ဒါဆို ကုန်ကျစာရိတ်မနည်းကျနေပြီ။ အဲလို မဟုတ်  တက်စ်စီ စုစီးရင် အကြမ်းအားဖြင့် တစ်ရက် ၁၃၀၀ ကျတယ်။ ဒါက အလုပ်ဆင်းတိုင်းကုန်နေတာ။” လို့  ယင်းကပြောပါတယ်။

လှိုင်သာယာမြို့နယ်မှာ ဆောက်လုပ်ရေးလုပ်သားတွေ အမြောက်အများနေထိုင်ကြပြီး အသွားအလာ အတွက်တော့ YBS ဘစ်ကားတွေကို အသုံးပြုကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ပေါက်ကွဲတိုက်ခိုက်မှုတွေနဲ့ စစ်ဆေးမေးမြန်းတွေကြောင့် အငှားယာဉ်တွေပဲ အသုံးပြုနေတာလို့ ဆိုပါတယ် ။

အာဏာသိမ်းပြီးနောက်ပိုင်း ငွေသားစီးဆင်းမှုတုန့်ဆိုင်းသွားပြီး  ဆောက်ရေးလုပ်ငန်းမှာ ငွေးသားပေးချေမှု ပြသနာတွေ ဖြစ်ပေါ်လာတာကြောင့် အောက်ခြေလုပ်သားတွေအထိ သက်ရောက်ခဲ့ပြီး လုပ်ခရဖို့  လချီ စောင့်ခဲ့ ရတယ်လို့ ဆောက်လုပ်ရေး လုပ်သားတွေက ဆိုပါတယ်။

“စားသောက်ကိစ္စတွေရှိတာ ဘယ်လိုဖြေရှင်းသလဲဆို အလုပ်သမားခေါင်း မိန်းမက ဆန်လပေး ရောင်းတယ်၊ ငွေချေးတယ် ၊ အဲလိုတွေယူရတာပေါ့ ။ အတိုးလည်းပါတယ်။ အမြတ်လည်းပါတယ်။ ယူရတာပေါ့။ မယူ ငတ်မှာလေ” လို့  ပန်းရံဆရာ ကိုမြင့်အောင်က ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်း ပန်းရံလုပ်သားတွေက လုပ်ငန်းသဘောအရ အထပ်မြင့်တက်ရတာ၊ အုတ်သယ်၊ ကျောက်သယ်ရတာနဲ့ နေပူမှာ အချိန်ကြာလုပ်ရတာတွေကြောင့် ဖျားနာတောတွေရှိတယ်လို့  လက်သမားတစ်ဦး ဖြစ်တဲ့ ကိုမင်းမင်းစိုးက ပြောပါတယ်။

“ ကိုယ်တွေ လက်သမားက နေပူရင် ဝါးကပ်လေး ဆွဲကာလိုက်၊ သစ်ပြားလေးနဲ့ကာလိုက် ၊ ပစ္စည်းတွေရွှေ့ ပြီး အရိပ်ထဲသွားလုပ်လည်းရတယ်။ အဲ့ဒါတောင် အလုပ်မဆင်းနိုင်တဲ့နေ့တွေရှိတယ်။ ပန်းရံတွေကြည့်ရင် နားရတယ် ဆိုတာမျိုးမရှိဘူး။ အလေးအပင်ဆို အမြဲမ နေရတာ။ ဒါကြောင့် ပန်းရံတို့ လက်သမားတို့က အလုပ်ရှိတိုင်း မလုပ်နိုင် ကြဘူး။ တချို့ဆို အလုပ်အမျိုးအစားကို သေချာမေးပြီး အလုပ်လိုက်ကြတယ်” လို့ ပြောပါတယ်။

ကိုမင်းမင်းစိုးကတော့ အိမ် ထောင်သည် အမျိုးသားတစ်ယောက်ဖြစ်ပြီး အမျိုးသမီးကတော့ အထည်ချုပ်လုပ်သား တစ်ယောက်ဖြစ်ပေမယ့် လေးဖက်နာရောဂါကြောင့် အမြဲတမ်းအလုပ်သမား မဖြစ်သေးဘူးလို့ သိရပါတယ်။

နားရက်တွေရှိလာရင် နေ့စားလုပ်သားတွေအတွက် ဝင်ငွေမရှိတော့ဘဲ စုဆောင်းထား တဲ့ ငွေအချို့ ထုတ်သုံးရပြီး မပိုလျံရင်တော့ ချေးငှားစားရတယ်လို့ ဆိုပါတယ်။

“ အခုလို ကုန်ဈေးနှုန်းနဲ့ဆိုတော့ ဘယ်လို စုဆောင်းနိုင်မလဲ၊ ဒါတောင် ကလေးနှစ်ယောက်ကို ရွာမှာပဲ သူတို့ အဒေါ်တွေနဲ့ထား ထားတယ် ။ နားရင်တော့ ချေးငှားစား၊ ချွေတာစားပေါ့။  အခုအချိန် ရွာလည်းမပြန်ရဲဘူး။ လမ်းခရီးလည်း စိတ်မချရဘူး။ ရွာလည်း အတူပါပဲ။ လွန်ခဲ့တဲ့ နှစ်တွေလိုတော့ မအေးချမ်းဘူး။ ပြန်လည် မပြန်နိုင်ဘူးရယ်” လို့ 
လက်ရှိ ဇာတိမြေမှာလည်း တိုက်ပွဲတွေကြောင့် ပြန်နေဖို့ မဖြစ်နိုင်တာကြောင့် ရန်ကုန်မြို့မှာပဲ အသွားအလာ၊ အစားသောက်၊ နေထိုင်တာတွေကို သတိနဲ့ယှဉ်ပြီး အကျပ်အတည်းကြားက အဆင်ပြေအောင် နေထိုင်နေ ကြတယ်လို့ ဆောက်လုပ်ရေးလုပ်သားတွေက ပြောဆိုကြပါတယ်။

“ ခေတ်အခါက မကောင်းဘူးလို့ပဲ ပြောရမယ်၊ အသွားအပြန်ဂရုစိုက်ရတယ်၊ ကိုယ်ပိုင်ဆိုင်ကယ် စက်ဘီးရှိရင် တောင် မစီးရဲဘူး။  ကိုယ်တိုင်မကြုံရပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ သေကြတာတွေရှိတယ်။ ရိုက်နှက်ခံရလို့ ဒဏ်ရာရလာလို့ ဆေးရုံတောင် သွားမပြရဲ့ဘူး။ အဲလောက်ကို ဆိုးဝါးတာ ဒီအချိန်က။ဘာမှ ကို မလုံခြုံဘူး။” လို့ ပန်းရံလုပ်သား ကိုစောကျော်လင်းက ပြောပါတယ်။

ဆောက်လုပ်ရေး လုပ်သားအများစုက တစ်နေ့လုပ် တစ်နေ့စားဖြစ်လို့ နိုင်ငံရေးနဲ့ကင်းကွာကြပြီး လက်ရှိနိုင်ငံရေး အခြေအနေကို မှတ်ချက်မပေးကြပေမဲ့ ကျေနပ်နှစ်ခြိုက်တာမျိုး မဟုတ်ဘူးလို့ ပြောဆိုကြပါတယ်။

ပန်းရံလုပ်သားတစ်ဦးအားတွေ့ရစဉ်

အသက် ၂၀ ဝန်းကျင်ကတည်းက လှိုင်သာယာမြို့နယ်ကို ရောက်ရှိနေပြီး နှစ် ၃၀ လောက် ပန်းရံလုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ ပန်းရံဆရာကြီး ဦးအေးကိုကတော့ အခုလို မှတ်ချက်ပြု ပြောဆိုပါတယ်။

“ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ပြီးခဲ့နှစ်တွေမှာ ဆန္ဒပြတာမျိုးက လက်ချိုးရေလို့ ရတယ်။ ဒါတွေက ဖိနှိပ်လွန်း လို့ ပေါက်ထွက်တာမျိုး။ ဒါလည်း အားလုံးညှိလိုက်လို့ အဆင်ပြေသွားတယ်။ အခုကြည့် လုပ်ခရဖို့ လချီ စောင့်ရ တယ်။ အကူအညီတောင်းဖို့ အဖွဲ့အစည်းတွေနဲ့လည်း ဘယ်လို ဆက်သွယ်ရမလဲ မသိဘူး၊ အမှန်ပြောရင် အဆက်အသွယ်လည်း မလုပ်ရဲဘူး။ ပြောနိုင်ဆိုနိုင်တဲ့ ခေတ်ကိုတော့ သဘောကျတယ်။ အေးချမ်းတာကိုး။” လို့ အသက် ၅၀ အရွယ် ပန်းရံဆရာကြီး ဦးအေးကို က ပြောပါတယ်။

လက်ရှိမှာ လုပ်ငန်းအများစုက လက်စသတ်လုပ်ငန်းတွေဖြစ်နေတဲ့အတွက် နောက်ထပ်အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာမှာကို ဆောက်လုပ်ရေးလုပ်သားတွေ စိုးရိမ်နေကြပြီး လုံခြုံစိတ်ချရပြီး အလုပ်အကိုင်ပေါများတဲ့ ခေတ်ကာလကို မျှော်လင့်နေတယ်လို့ ဆိုပါတယ်။
 

949 Views

Related News

cover
Myanmar Gigi စက်ရုံမှာ နေ့စား တနှစ်နီးပါး လုပ်ကိုင်ပေမဲ့ အမြဲတမ်းလုပ်သား ခန့်ထားခြင်းမရှိ
Mar 21, 2023
cover
ပဲခူး ကောင်းဝိတ်ဆဲလ်ကုမ္ပဏီပိုင် စက်ရုံက သင်္ကြန် အလုပ်ပိတ်ရက်များအား အစားထိုးဆင်းခိုင်း
Mar 19, 2023
cover
လုပ်ငန်းခွင်နဲ့မသက်ဆိုင်တဲ့ အလုပ်တွေ ခိုင်းစေခြင်းမပြုလုပ်ဖို့ အလုပ်သမားတွေတောင်းဆို
Mar 18, 2023
cover
၂၀၂၂ ခုနှစ်အတွက် အလုပ်သမားအရေး အနှစ်ချုပ် (Myanmar Labour News)
Mar 18, 2023
cover
ရွှေပြည်သာက GY Sen(Primseng GUO) စက်ရုံပိတ်သိမ်းပြီးတစ်လမပြည့်မီပြန်လည်လုပ်သားခေါ်ယူနေ
Mar 18, 2023
cover
တရားစွဲခံ ရိမ်းဘိုးဆပ်ပြာစက်ရုံသမဂ္ဂခေါင်းဆောင်များအား နုတ်ထွက်ရန် ညှိနှိုင်း
Mar 17, 2023
cover
H&M အမှတ်တံဆိပ်ချုပ်တဲ့ Suzhou Silk Fashion (Myanmar) အထည်ချုပ်စက်ရုံပိတ်ရက်တွေအတွက် ဒေးကြေးပေးဖို့အလုပ်သမားတွေတောင်းဆို
Mar 16, 2023
cover
အလုပ်သမားအခွင့်အရေးများ လစ်လျူရှု့ခံနေရတယ်လို့ အလုပ်သမားတွေပြော
Mar 14, 2023
cover
သင်္ကြန်အလုပ်ပိတ်ရက် လုပ်ခလစာမပေးလိုတာကြောင့် အလုပ်သမား(၄၀၀)ကျော်အား အလုပ်မှရပ်ဆိုင်းခဲ့ဟုဆို
Mar 14, 2023
cover
W&F GROUP CO.,LTD အထည်ချုပ်စက်ရုံမန်နေဂျာ မှ အလုပ်သမားများအား မိုက်ရိုင်းစွာပြောဆိုအလုပ်ထုတ်
Mar 14, 2023



About Us

To uphold the rule of law needed to improve the social-economic life of the working class in Myanmar. To help the transition to democracy as media role in the workforce gender equity.

Contact Us

Download App

applegoogle