မင်းမဲ့ စရိုက်ကိုအကြိုက်တွေ့နေတဲ့ လုပ်ငန်းရှင်နဲ့ ခေတ်သစ်ကျွန်စနစ်ရဲ့သားကောင်အလုပ်သမားများ

cover
profile
Dec 24, 2021

၂၀၂၁ ရဲ့နှစ်ကုန်ပိုင်း ဒီဇင်ဘာလထဲမှာ လုပ်သားထုအကြား ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာတဲ့ သတင်းတပုဒ်ကတော့ အနည်းဆုံးအခကြေးငွေကိစ္စပါ။

တည်ဆဲအလုပ်သမားဉပဒေအရ နောက်ဆုံးအကြိမ် သတ်မှတ်ပေးထားတဲ့ အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ကို ၃၆၀၀ အထိလျော့ချပစ်မယ်လို့ စက်ရုံလုပ်သားတွေကို လုပ်ငန်းခွင်ဆိုင်ရာ အကြီးအကဲတွေက အသိပေးလာတယ်ဆိုတဲ့ အကြောင်းပါ။

အာဏာသိမ်းကာလမှာ စက်ရုံ အလုပ်ရုံက လုပ်သားထုတွေအကြား ရိုက်ခတ်လာတဲ့ သတင်းစကားဟာ မကြာခင်အချိန်တွင်းမှာပဲ ကျယ်ကျယ်ပျံ့ပျံ့ ထွက်ပေါ်လာနေပါတယ်။ ဒီလိုသတင်းစကားထွက်ပေါ်လာပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ညွှန်ကြားချက်တစုံတရာကို တွေ့ရှိခြင်းမရှိခဲ့ပါဘူး။

စစ်ကောင်စီနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ တို့ရဲ့ အင်အားပြိုင်ဆိုင်မှုတွေရှိနေချိန် ကြားကာလအချိန်အတွင်းမှာ နိုင်ငံအတွင်းချမှတ်ထားတဲ့ အလုပ်သမားဥပဒေတွေကို အလုပ်ရှင်တွေဖက်က  ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုတွေကိုတော့ ဖုန်းကွယ်ဖို့မဖြစ်နိုင်တော့ပါဘူး။

စက်မှုဇုန်တွေဟာ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပေမယ့် စက်မှုဇုန်ယန္တယားရဲ့ အောက်ခြေကနေ လည်ပတ်ပေးနေတဲ့ အခြေခံအလုပ်သမားတယောက်ရဲ့ လုပ်ခက ၁နာရီကို ၆၀၀ ကျပ်သာ ရရှိနေတာပါ။ ၃၆၀၀ သာပြင်ဆင်သတ်မှတ်မယ်ဆိုပါက ၁ နာရီကို ကျပ် ၄၅၀ သာရရှိတော့မှာပါ။


ဒါဟာ မနက်ခင်း အစာပြေ လဘက်ရည်ဖိုးတခွက်စာတောင်မရှိပါဘူး။ မိမိကိုမီခိုနေတဲ့ မိသားစုဝင်ရှိတဲ့ အလုပ်သမားတယောက်ဟာ တစ်နေ့ကို ထမင်းနှစ်နပ် စားရဖို့ အလုပ်ချိန် ၈ နာရီက ဘယ်လိုမှ လောက်ငှခြင်းရှိမနေပါဘူး။

လုပ်သား ဦးရေအများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းမှာ စက်မှုဇုန် ၂၉ ခုရှိပြီး တော့ အထည်ချုပ်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများစတဲ့ ကုန်ထုတ်လုပ်ငန်းတွေ လုပ်ကိုင်ကြတာပါ။

 ညှပ်-ချုပ်-ထုပ် CMP စနစ်နဲ့ လုပ်ကိုင်ကြတဲ့ အထည်ချုပ်စက်ရုံ အများစုက  တရုတ်၊ ထိုင်ဝမ်၊ ဂျပန်နဲ့  တောင်ကိုရီးယား တို့မှ လာရောက် ဖွင့်လှစ်ကြတာဖြစ်ပြီး ဉရောပကို အများဆုံးတင်ပို့ကြတာပါ။

၂၀၂၀ မတိုင်ခင် အထည်ချုပ်လုပ်ငန်းကဏ္ဍ တိုးတက်လာပြီးနောက် အထည်ချုပ်စက်ရုံပေါင်း ၆၀၀ ကျော်လည်ပတ်လုပ်ကိုင်ခဲ့ကြပြီး သိန်းနဲ့ချီတဲ့ လုပ်သားတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့ပါတယ်။ 


ဒါပေမယ့် ၂၀၂၀ ကိုဗစ်ကာလ ရိုက်ခတ်မှုနောက်ဆက်တွဲအနေနဲ့ စက်ရံများစတင်ပိတ်သိမ်းလာရပြီး အလုပ်သမားဦးရေ ၂ သိန်းနီးပါးလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့တာပါ။

အထည်ချုပ်လုပ်ငန်းတွေမှာ ကုန်ကြမ်း ခက်ခဲခြင်း၊ အော်ဒါများ လျော့နည်းသွားခြင်း နဲ့  နာမည်ကျော် အမှတ်တံဆိပ်အချို့က အမှာများ ပယ်ဖျက်ခြင်း တို့ ကြုံတွေ့ရပြီး နောက်ဆက်တွဲကတော့ အခြေခံအလုပ်သမားတွေရဲ့ အလုပ်လက်မဲ့ ဖြစ်မှုပါ။


ဖော်ဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းလိုက်တဲ့ အခါမှာတော့  အလုပ်သမားအခွင့်အရေး တွေက တော်တော်ကြီးကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံလာရပါတယ်။ 

လုပ်သားအခွင့်အရေးချိုးဖောက်ခံရမှုတွေက အထည်ချုပ်ကဏ္ဍတစ်ခုတည်းတင်မဟုတ်တော့ဘဲ အခြားသော စားသောက်ကုန်လုပ်ငန်းနဲ့ လူသုံးကုန်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းတွေက ပါ ပြုလုပ်လာတာဖြစ်တာကို တွေ့ရပါတယ်။


Myanmar Labour News ရဲ့လမ်းဖွင့်ပေးထားမှုနဲ့ စက်မှုဇုန်လုပ်သားတွေဟာ သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာကို နေ့စဥ်ဆိုသလိုလာရောက်အသိပေးကြပါတယ်။

အိုဗာတိုင်တွေကို အချိန်တွေအများကြီးပိုပြီးတော့ ဆင်းခိုင်းတာ၊ အိုဗာတိုင်ကြေးတွေ မပေးချေတာတွေ၊ အလကားနီးပါးဆင်းပေးနေရတာတွေ နောက်ပြီးတော့ ခွင့်ရက်နဲ့အလုပ်ပိတ်ရက်ဥပဒေတွေနဲ့အညီခွင့်တွေ အကျိုးခံစားခွင့်တွေလုံးဝမရှိဘူး။ အလုပ်သမားတွေကို ခွင့်ယူခွင့်မရှိဘူးဆိုတဲ့ကိစ္စတွေ အများကြီး ဖြစ်လာပါတယ်။ 


“လုပ်ငန်းခွင် တွေမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်စော်ကားမှုတွေ အများကြီး ဖြစ်လာတယ်” လို့အလုပ် သမားအရေးလှုပ်ရှားဆောင်ရွက်သူတဦးက ပြောပြပါတယ်။အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ လုပ်ခလစာကိစ္စတွေမှာလည်း  လုပ်ခလစာ အပြည့်အဝမရတဲ့ ကိစ္စတွေ  ဖြစ်ပေါ်လာပါတယ်။ ပိုဆိုးတာက နောက်ပိုင်းမှာ  တရားဝင်အလုပ်ခန့်ထားမှု တွေ ကနေ ရပ်ဆိုင်းလိုက်ပြီး နေ့စားအလုပ်သမားတွေ အဖြစ် ပြန်လည် ခန့်အပ်တာတွေ ပြုလုပ်လာကြတာပါ၊ 
ဒါတင်မကသေးပဲ အကြောင်းမဲ့ အလုပ်ဖြုတ်ပြီးတော့မှ အလုပ်ရပ်စဲနစ်နာကြေးမပေးတာတွေ ဥပဒေနဲ့အညီ မဆောင်ရွက်တာတွေ အများကြီး ဖြစ်ပေါ်နေခဲ့ပါတယ်။

အလုပ်သမားအခွင့်အရေးချိုးဖောက်နေတဲ့ Textile Palace ရုံအားတွေ့ရစဉ်


ဥပမာအနေနဲ့ မြောင်းတကာစက်မှုဇုန်က Textile Palace Co LTD   အထည်ချုပ်စက်ရုံမှာဆိုရင် ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ၃ လစာချုပ်နဲ့သာစာချုပ်ချုပ်စေပြီးတော့ ၃ လပြည့်ချိန်မှာ အနားပေးတဲ့ စနစ်မျိုးကို စတင်အသက်သွင်းလာတာပါ။


အလုပ်သမားတဦးရဲ့ လုပ်သက်ဟာ ၃ လထက်မပိုတော့တာကြောင့် လုပ်ငန်းခွင်ဆိုင် ရာအခွင့်အရေးအားလုံးဖျက်သိမ်းခံလိုက်ရတာပါ။  လုပ်ငန်းရှင်ဘက်က ကြည့်မယ်ဆိုရင် အကျိုးအမြတ် ကျန်စေတဲ့ နည်းလမ်းတွေကို ကျင့်သုံးပေမယ့် ဒါဟာ တည်ဆဲ အလုပ်သမားဥပဒေကို ပြောင်ပြောင်တင်းတင်းပဲ ချိုးဖောက်ပြလိုက်တာလို့ ယူဆရမှာပါ။ 

ဒါက အနည်းဆုံးအခကြေးငွေနဲ့ မသက်ဆိုင်သေးတဲ့ တည်ဆဲဥပဒေတရပ်ကို ချိုးဖောက်မှု ဖြစ်ပါတယ်။ အဲ့ဒီလို အခြေအနေတွေ ကြားထဲမှာပဲ ၂၀၁၈ ခုနှစ်မေလ ၁၄ ရက်နေ့တုန်းက ထုတ်ပြန်ကြေညာလိုက်တဲ့ အနည်းဆုံးအခကြေးငွေ ဥပဒေ အရ သတ်မှတ်လိုက်တဲ့ ၄၈၀၀ ဆိုတဲ့ အခကြေးငွေ ကို အဲ့ဒီအောက်အထိ ယုတ်လျော့ပြီးတော့ ၃၆၀၀ သော်လည်းကောင်း ၃၈၀၀ သော်လည်းကောင်း ပေးချေမယ်လို့  စက်ရုံ အသီးသီးက နေ ပြောဆိုလာမှုတွေ  ဖြစ်ပေါ်လာပါတယ်။


“ကျမတို့လည်း နားထောင်နေတယ်ပေါ့ ။ နားစွင့်နေတယ် ဒီကိစ္စက အလုပ်သမားတွေကို ပဲ ကောလာဟလ လျှောက်ပြောနေတာလား အခုကျတော့ အဲ့ဒီပုံစံမဟုတ်တော့ဘူးလေ အခုအလုပ်ရုံတော်တော်များများက အလုပ်သမားတွေကို လက်မှတ်အတင်းထိုးခိုင်းတဲ့ ကိစ္စတွေ ဖြစ်လာတယ် မင်းတို့ ဒီ ၁၂ လပိုင်းအကုန် ၁ လပိုင်းကနေစပြီးတော့ ၄၈၀၀ ကိုအရင်လိုမပေးတော့ဘူး ၃၆၀၀ ပဲ ပေးတော့မယ် ရင်းနှီးမြုပ်နှံမှုတွေ ထွက်ခွာသွားလို့ ဆိုတဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ အလုပ်သမားတွေကို ဖိအားပေး လတ်မှတ်ထိုးခိုင်းတာမျိုးတွေ များလာပါတယ်” လို့ အလုပ်သမားအရေးလှုပ်ရှားသူက Myanmar Labour News ကို ပြောပြပါတယ်။


အဲ့ဒီလို သတင်းတွေစတင် ထွက်လာခဲ့တာကတော့ လှိုင်သာယာစက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် စက်ရုံတွေက ဖြစ်ပါတယ်။

“ကျမတို့က ဒီအခြေအနေအပေါ်မှာ ကျမတို့အနေနဲ့ အများကြီးစိုးရိမ်နေရပါတယ်၊ အလုပ်သမားတွေမှာ နဂိုကတည်းက အလုပ်အကိုင်အခွင့်အလမ်း အာမခံချက်တွေ မရှိတော့ဘူး။ အလုပ်သမားအခွင့်အရေးတွေ အများကြီးချိုးဖောက်ခံနေရတဲ့ ကြားထဲကနေ အခုဆိုရင် အနည်းဆုံးအခကြေးငွေ ဥပဒေနဲ့အညီသတ်မှတ် ပြဌာန်းခဲ့တဲ့ အနည်းဆုံးအခကြေးငွေ ၄၈၀၀ အောက်တောင် လျော့ပြီးတော့ အပေးခံရမယ်ဆိုရင် အလုပ်သမား တွေ အတွက် တော်တော် အခြေအနေဆိုးသွားပြီ”လို့ အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်သူက လက်ရှိအခြေအနေကို ပြောဆိုပါတယ်။

၂၀၂၀က ရိုက်ကူးထားသည့်စက်ရုံအလုပ်သမားများ အလုပ်ဆင်းချိန်

ဒါတွေဟာ လက်ရှိစစ်တပ်ကနေ အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာ အလုပ်သမားအခြေအနေတွေဟာ ဘယ်လောက်ထိ ဆိုးရွားနေလဲဆိုတာကို မီးမောင်းထိုးပြလိုက်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

အဲ့ဒီအနည်းဆုံးအခကြေးငွေသတ်မှတ်တာကို ၂ နှစ်တကြိမ်ပြန်လည်ပြင်ဆင် ရမှာဖြစ်ပေမယ့် ယခင် NLD အစိုးရလက်ထက်မှာ ကိုဗစ်ကိစ္စတွေ နဲ့ ကာကွယ်ကုသမှုတွေ လုပ်နေရတဲ့ ကိစ္စကြောင့် အချိန်မီ မပြဌာန်း မပြင်ဆင်နိုင်ခဲ့ပါဘူး။

အဲ့ဒီအတွက် လည်း အလုပ်သမားတွေဟာ နစ်နာခဲ့ပါတယ်၊ တကယ်လို့သာ ဥပဒေနဲ့မညီဘဲနဲ့ အရင် ဥပဒေနဲ့ ပြဌားန်ထားခဲ့တဲ့ ၄၈၀၀ အောက်ကို ယုတ်လျော့ပြီးပေးမယ်ဆိုရင် ဒါဟာ လုပ်ငန်းရှင်တွေရဲ့ ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပါတယ်။

ဒါတွေကလည်း တရားဝင် အစိုးရကို ဖြုတ်ချပြီး  အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို အလုပ်ရှင်တွေအနေနဲ့ သူတို့ ဂရုမစိုက်ဘူးဆိုတဲ့လုပ်ရပ်တွေနဲ့ ထုတ်ဖော်ပြသနေကြတာပါ။

“ငါတို့လုပ်ငန်းခွင်မှာ ငါတို့အလုပ်သမား ငါတို့ပိုင်တယ် ငါတို့ပေးတာကို ယူ ငါတို့ခိုင်းတာလုပ်ဆိုတဲ့ ကျွန်သာသာ ဆက်ဆံရေးမျိုးကို တည်ဆောက် ချင်နေတဲ့ လုပ်ငန်းရှင်တွေ အများကြီး ဖြစ်လာတာကို တွေ့ရတယ်။ဒါဟာ အရမ်းကို စိုးရိမ်စရာကောင်းပါတယ်”

ဘယ်လိုပဲ ဖြစ်စေ ယခင်အစိုးရလက်ထက်မှာ အတည်ပြုပြဌားန်းခဲ့တဲ့ ဥပဒေ တွေနဲ့ အညီပဲ ရင်ဆိုင်ဖြေရှင်းကြဖို့နဲ့  အငြင်းပွားမှု ဖြေရှင်းရေး ယန္တယားတွေဟာလည်း ယိုယွင်းပျက်စီးနေစဥ် အလုပ်သမားတွေရဲ့ နစ်နာမှုတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်တာ ဖြေရှင်းပေးနိုင်တာ တွေ မရှိနေဘူး လို့ အလုပ်သမားရေးရာ အခွင့်အရေးဆောင်ရွက်သူတွေက  ပြောဆိုပါတယ်။

လုပ်ခလစာကို ၄၈၀၀ အောက်ကိုသာပေးမယ်ဆိုရင်  အလုပ်သမားတွေအနေနဲ့ ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေနဲ့ ၂၀၁၆ ခုနှစ် အခကြေးငွေ ပေးချေရေးဥပဒေတွေကို ကိုးကားပြီး အဲ့ဒီဥပဒေထဲမှာပြဌားန်ထားတဲ့ ပြဌာန်းချက်တွေနဲ့အညီ သတ်မှတ်ထားတဲ့ အနည်းဆုံးအခကြေးငွေအောက်ပေးချေမှု ရှိခဲ့တယ်ဆိုရင် ၆ လအတွင်းသက်ဆိုင်ရာ ဦးစီးဌာနကို တိုင်ကြားရမှာ ဖြစ်ပါတယ်၊ ၂၀၁၃ ခုနှစ် ဥပဒေအရလည်း တစ်နှစ်အတွင်းတိုင်ကြားလို့ရပါတယ်။

အလုပ်သမားတွေကို ပြောချင်တာက “ဘယ်လိုပဲ ဖြစ်ဖြစ်  အလုပ်ရှင်တွေသည် ဥပဒေတွေ ချိုးဖောက်ပြီးအနိုင်ကျင့်လာတယ် ခေတ်သစ်ကျွန်ဘဝကို သွတ်သွင်းလာတဲ့ အခြေအနေကို လက်ပိုက် ကြည့်မနေပါနဲ့ ငြိမ်ခံ မနေပါနဲ့ ကျမတို့မှာ ယခင်ကတည်းက အတည်ပြုပြဌာန်းခဲ့တဲ့ ဥပဒေတွေရှိပါတယ်

အဲ့ဒီဥပဒေတွေထဲက ပုဒ်မတွေနဲ့ အညီ သက်ဆိုင်ရာက လက်ရှိတာဝန်ကျေစွာတာဝန်ထမ်းဆောင်ပါမယ်လို့ အာဏာသိမ်းစစ်ကောင်စီမှာ တာဝန်ထမ်းဆောင်နေတဲ့ ဌာနတွေကိုသွားရောက်တိုင်ကြားကြပါ အနည်းဆုံးတော့ ဥပဒေနဲ့အညီ အလုပ်သမားတွေရဲ့ ခံစားခွင့်အပြည့်အဝမရရှိဘူးဆိုရင်တောင် အလုပ်သမားတွေအနေနဲ့ ငါတို့ကို အနိုင်ကျင့်ခဲ့တဲ့ အမှန်တရားကို ဖျောက်ဖျက်ပြီးတော့ မတရား အနိုင်ကျင့်ခဲ့တဲ့ အလုပ်ရှင်တွေကို ငါတို့ ဒီလို တိုင်ကြားခဲ့တယ် တိုင်ကြားခဲ့မှုအတွက်ကို ငါတို့ဘယ်လိုရလာဒ်တွေကို ၇ရှိခဲ့ကြတယ်ဆိုတဲ့ သမိုင်းတွေ အမှုတွဲတွေ ကျန်ခဲ့မှာ ဖြစ်ပါတယ် 

ဒါတွေကို ဆုပ်ကိုင်ပြီးတော့မှ နောင်တချိန်မှာ အမှန်တရားပေါ်ပေါက်အောင် ကျမတို့ဆက်လက်တိုက်ပွဲဝင်သွားကြမှာ ဖြစ်တယ်” လို့ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူက ပြောဆိုပါတယ်။

“လက်ရှိမှာ အာဏာသိမ်းထားတဲ့စစ်တပ်ကရော တရားဝင် အစိုးရဟုတ်ရဲ့လား  တရားဝင် အစိုးရလို့ သူတို့ကိုယ်သူတို့ အတင်းသတ်မှတ်နေမှုအောက်မှာ သူတို့ရဲ့ ပြောစကားတွေ နားထောင်ရတယ် သူတို့ရဲ့ အမိန့်ညွှန်ကြားချက်တွေ အောက်မှာ အလုပ်လုပ်နေကြပါတယ်ဆိုတဲ့ လုပ်ငန်းရှင်တွေက အခု မလိုက်နာတော့ဘူး သူတို့ကိုင်တွယ်နေတဲ့ ဥပဒေတွေကို တောင်မှ မလေးစားတော့ဘူး သူတို့ကို ဂရုမစိုက်တော့ဘူး အဲ့လိုလုပ်ငန်းရှင်တွေကို ရော လက်ရှိစစ်ကောင်စီက ဘယ်လို မျိုးသဘောထားလဲ ဆိုတာ ကျမတို့ အရမ်းသိချင်တယ်”လို့ အလုပ်သမားအရေးလှုပ်ရှားသူတဦးက မေးခွန်းထုတ်လိုက်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ အလုပ်သမားတွေရဲ့ ဘဝက ဆုပ်လဲဆူးစားလည်းရူးဖြစ်နေပါပြီ။ 
၄၈၀၀ အောက်ကို လျော့ချလိုက်လို့  အလုပ်သမားတွေက ဥပဒေနဲ့ အညီ သက်ဆိုင်ရာ စည်းကြပ်ဌာနတွေကို သွားရောက်တိုင်ကြားတယ်ဆိုပါက  သက်ဆိုင်ရာ စည်းကြပ်ဌာနက တာဝန်ရှိသူတွေအနေနဲ့  ဥပဒေနဲ့အညီ စည်းကြပ်မှာလား၊  အလုပ်သမားတွေကို ဥပဒေနဲ့အညီ လုပ်အားခပေးချေဖို့ အလုပ်ရှင်တွေကို ညွှန်ကြားနိုင်မှာလား၊ ဆိုတာက စောင့်ကြည့်ရမယ့်အခြေအနေပါ။

ဒါတောင်မှ ရွေးချယ်စရာကင်းမဲ့နေတဲ့ အလုပ်သမားတွေရဲ့ ဘဝက အလုပ်ရှင်ကို တိုင်ကြားဖို့ ကြိုးစားနေတာကို စက်ရုံဖက်က သိရှိသွားမယ်ဆိုရင် သူ့ရဲ့ လက်ရှိလုပ်ငန်းခွင်ဟာပျောက်ဆုံးသွားနိုင်ပါသေးတယ်။

အခုလို အခွင့်အရေးချိုးဖောက်မှု ဒင်းကြမ်းပြည့်နေတဲ့ကာလမှာ လုပ်ခလစာလျော့ချလိုက်လို့ အလုပ်သမားတွေ လမ်းပေါ်ထွက်လာနိုင်လားဆိုတဲ့ မေးခွန်းက ထွက်ပေါ်လာပါတယ်။

နိုင်ငံရေး မတည်ငြိမ်လို့ ကုန်ဈေးနှုန်းမြင့်တက်လာပြီး  အနည်းဆုံး အခကြေးငွေ ၄၈၀၀ နဲ့ မနည်းရပ်တည်နေရတဲ့ အလုပ်သမားတွေရဲ့ ဘဝဟာ ၄၈၀၀ အောက်သာလျော့ပြီး ပေးချေခံရမယ်ဆိုရင် အများကြီးဆိုးရွားလာနိုင်တာကတော့ အသေအချာပါပဲ။


“လမ်းပေါ်ကို ထွက်လာနိုင်လားဆိုတာကတော့ လက်ရှိ မှာ လူကို လူလို့ မမြင်ဘဲနဲ့ ပစ်သတ်နေတဲ့ မတရားသတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လက်ထက်မှာ ကျမတို့ အရင်လိုမျိုး ငါတို့ရဲ့ မတရား နစ်နာမှုကို ငါတို့ လွတ်လပ်စွာထုတ်ဖော်မယ် အခွင့်အရေးတွေကို လွတ်လပ်စွာ တိုင်ကြားမယ် ဆန္ဒထုတ်ဖော်မယ် ငါတို့ အရင်လို ဥပဒေနဲ့အညီရယူမယ် ဆိုတဲ့အခွင့်အရေးတွေဟာ လုံးဝရှိမနေတဲ့ အတွက် အလုပ်သမားတွေရဲ့ ဘဝက လမ်းပေါ်ထွက်လာမယ်ဆိုရင် ပိုပြီးတောင် ဆိုးသွားနိုင်တဲ့ အခြေအနေလည်းရှိတယ်” လို့ အလုပ်သမားရေးရာ ကျွမ်းကျင်သူက   သုံးသပ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေသည့် အလုပ်သမားများ

“အခုအခြေအနေက အရမ်းကို ဘေးကျပ်နံကျပ် ဖြစ်ပြီးတော့ ကူကယ်ရာမဲ့ အခြေအနေ တွေ ဖြစ်နေပြီ အလုပ်သမား အခွင့်အရေး လူ့အခွင့်အရေးဟာ တော်တော်ကို ဆိုးဆိုးဝါးဝါး အခြေအနေကို ရောက်နေပြီ ဖြစ်တဲ့ အတွက် ကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို ကျမအနေနဲ့  မသိတော့ဘူး” လို့အခွင့်အရေးလှုပ်ရှားသူက ဆိုပါတယ်။

အနှစ်ချုပ်မယ်ဆိုရင်တော့ အလုပ်ရှင်တွေက တည်ဆဲဥပဒေကိုလည်း ဂရုမစိုက်တော့ဘဲ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးဆိုတာကို လစ်လျူရှု့ကာ  ဖြုတ်ချင်တိုင်းဖြုတ် ခန့်ချင်သလိုခန့် ပေးချင်သလိုပေး ငါတို့ခိုင်းရင်လုပ် ငါတို့ကျွေးတာကိုစား ငါတို့ပေးတာကိုယူ ဆိုတဲ့ ခေတ်သစ်ကျွန်စနစ်ကို သွတ်သွင်းနေတာ ဖြစ်ပါတယ်။


တခြားမျက်နှာစာတစ်ခုမှာတော့ အလုပ်ရှင်တွေက  စစ်ကောင်စီကို ထောက်တိုင် အဖြစ်ထောက်ပံ့ပေးနေတဲ့ အကျင့်ပျက်ချစားမှုတွေ ကြောင့်  သူတို့မတရားလုပ်နေပေမယ့် စစ်ကောင်စီက ဘယ်လို့မှ အရေးယူမှာ မဟုတ်ကြောင်း သူတို့ရဲ့ နောက်မှာ  စစ်ကောင်စီရှိတယ်ဆိုတာကို ရဲရဲဝံ့ဝံ့ယုံကြည်ပြီးတော့ အလုပ်သမားအခွင့်အရေးမှန်သမျှကို ချိုးဖောက်ချင်တိုင်းချိုးဖောက် နေတဲ့ လုပ်ရပ်မျိုးလို့ သုံးသပ်ရမှာပါ။


“ကျမတို့ဒီအလုပ်ရှင်တွေကို ဘယ်လိုနည်းနဲ့မှ အကောင်းဖက်ကို ရောက်လာဖို့ စည်းရုံးသိမ်းသွင်းလို့မရနိုင်သလို အလုပ်သမားအခွင့်အရေးလေးစားလိုက်နာဖို့ ကိုလည်း ဘယ်လိုပုံစံနဲ့မှ ပြောဆိုလို့ရမှာ မဟုတ်ဘူး” ကျပ်တည်းလာတဲ့ အခြေအနေကို အသုံးချလာတဲ့ အလုပ်ရှင်တွေဟာ မင်းမဲ့စရိုက်ကို နှစ်သက်ကြဟန်တူပါတယ်။

စစ်ကောင်စီကို ထောက်ပံ့ပေးလိုက်ရုံနဲ့ အလုပ်သမားတွေရဲ့ လုပ်အားခကို အလကားနီးနီးအသုံးချလိုစိတ်က အထင်းသားပေါ်လွင်နေပါတယ်။


“ဒါကြောင့်မိုလို့မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံပြီး လုပ်ကိုင်နေတဲ့ နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူ ကုန်အမှတ်တံဆိပ်အနေနဲ့ မိမိတို့အပ်နှံထားတဲ့ စက်ရုံတွေက ဒီလို အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေခဲ့လို့ရှိရင်  အထည်မအပ်ပါနဲ့တော့ ရင်းနှီးမြုပ်နှံမှု ကို ရုတ်သိမ်းပေးပါ ဒီနိုင်ငံကို နိုင်ငံတကာ အမှတ်တံဆိပ်တွေက ရင်းနှီးမြုပ်နှံမှု ဆက်လုပ်နေသေးသ၍ အလုပ်သမားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း တည်မြဲမှုဆိုတာထက် အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံရ ပြီး ခေတ်သစ်ကျွန်စနစ်ထဲကို ဆွဲသွင်းခံနေရမှာ ဆိုတာကို ပြောချင်ပါတယ်”လို့ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူကဆိုပါတယ်။

စက်ရုံအလုပ်ရုံက အလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေကို      Myanmar Labour News ရဲ့ ရင်ဖွင့်စာကဏ္ဍမှာလည်း ဖတ်ရှု့နိုင်ပါတယ်။


 

 

 

1.3K Views

Related News

cover
Myanmar Gigi စက်ရုံမှာ နေ့စား တနှစ်နီးပါး လုပ်ကိုင်ပေမဲ့ အမြဲတမ်းလုပ်သား ခန့်ထားခြင်းမရှိ
Mar 21, 2023
cover
ပဲခူး ကောင်းဝိတ်ဆဲလ်ကုမ္ပဏီပိုင် စက်ရုံက သင်္ကြန် အလုပ်ပိတ်ရက်များအား အစားထိုးဆင်းခိုင်း
Mar 19, 2023
cover
လုပ်ငန်းခွင်နဲ့မသက်ဆိုင်တဲ့ အလုပ်တွေ ခိုင်းစေခြင်းမပြုလုပ်ဖို့ အလုပ်သမားတွေတောင်းဆို
Mar 18, 2023
cover
၂၀၂၂ ခုနှစ်အတွက် အလုပ်သမားအရေး အနှစ်ချုပ် (Myanmar Labour News)
Mar 18, 2023
cover
ရွှေပြည်သာက GY Sen(Primseng GUO) စက်ရုံပိတ်သိမ်းပြီးတစ်လမပြည့်မီပြန်လည်လုပ်သားခေါ်ယူနေ
Mar 18, 2023
cover
တရားစွဲခံ ရိမ်းဘိုးဆပ်ပြာစက်ရုံသမဂ္ဂခေါင်းဆောင်များအား နုတ်ထွက်ရန် ညှိနှိုင်း
Mar 17, 2023
cover
H&M အမှတ်တံဆိပ်ချုပ်တဲ့ Suzhou Silk Fashion (Myanmar) အထည်ချုပ်စက်ရုံပိတ်ရက်တွေအတွက် ဒေးကြေးပေးဖို့အလုပ်သမားတွေတောင်းဆို
Mar 16, 2023
cover
အလုပ်သမားအခွင့်အရေးများ လစ်လျူရှု့ခံနေရတယ်လို့ အလုပ်သမားတွေပြော
Mar 14, 2023
cover
သင်္ကြန်အလုပ်ပိတ်ရက် လုပ်ခလစာမပေးလိုတာကြောင့် အလုပ်သမား(၄၀၀)ကျော်အား အလုပ်မှရပ်ဆိုင်းခဲ့ဟုဆို
Mar 14, 2023
cover
W&F GROUP CO.,LTD အထည်ချုပ်စက်ရုံမန်နေဂျာ မှ အလုပ်သမားများအား မိုက်ရိုင်းစွာပြောဆိုအလုပ်ထုတ်
Mar 14, 2023



About Us

To uphold the rule of law needed to improve the social-economic life of the working class in Myanmar. To help the transition to democracy as media role in the workforce gender equity.

Contact Us

Download App

applegoogle