ARTICLE

ကြောက်ခေတ်ကိုမှောက်ပစ်ချင်တဲ့ကိုရီးယားရောက်မြန်မာတယောက်နှင့်တွေ့ဆုံခြင်း

CoverLogo
1.4K Views

တောင်ကိုရီးယားသမ္မတနိုင်ငံရဲ့လူသွားလူလာများတဲ့လမ်းတွေပေါ်မှာ"ကျတော်တို့နိုင်ငံဖိနှိပ်ခံနေရပါတယ်"ဆိုတဲ့စာသားအပြင် စစ်အာဏာရှင်ပြုတ်ကျရေးစာသားပါ ဆိုင်းဘုတ်သုံးခုလောက်ကိုင်ပြီးအအေးဒဏ်ကိုအံတုပြီးကိုအောင်ကျော်ဟိန်းတစ်ယောက်တကိုယ်တော်ဆန္ဒပြနေခဲ့ပါတယ်။

ဒီလှုပ်ရှားမှု့ဟာ ဖေဖော်ဝါရီလစစ်အာဏာသိမ်းပြီးချိန် ကတည်းကစလို့ဒီနေ့အချိန်အထိမြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်ရဲ့အနိုင်ကျင့်နှိပ်စက်မှု့တွေကိုဆန့်ကျင်တဲ့ စစ်အာဏာရူးတစ်စုပြုတ်ကျရေးအတွက်လှုပ်ရှားမှု့ဖြစ်ပါတယ်။

"အာဏာစသိမ်းထဲက ကျတော်တို့ကိုရီးယားစစ်သံရုံးရှေ့မှာဆန္ဒပြတယ် နောက်ပိုင်းစစ်အာဏာရှင်တွေကိုတော်လှန်နေတဲ့ရဲဘော်တွေကိုကူညီဖို့အလှူခံရင်းဆန္ဒပြတယ် ခုဆို၄၅ပတ်ရှိနေပါပြီ"လို့ကိုအောင်ကျော်ဟိန်းက MLN ကိုပြောပါတယ်။

ပထမဆုံးကတော့ကိုအောင်ကျော်ဟိန်းအပါအဝင်သူငယ်ချင်းတစုဟာပြည်တွင်းကလူတွေလိုငြိမ်းချမ်းစွာဆန္ဒပြခဲ့ပေမယ့် စစ်တပ်ကဆန္ဒပြပြည်သူတွေကိုရက်ရက်စက်စက်ဖြိုခွင်းသတ်ဖြတ်တာတွေရှိလာတဲ့နောက်မှာပဲသူတို့ရဲ့ရည်ရွယ်ချက်ကပြောင်းလဲသွားခဲ့ပါတယ်။

"ဒီကောင်တွေပြုတ်ကျရေးအတွက်ကျတော်တို့ရွယ်တူတွေတောင် အသက်စွန့်ပြီးတိုက်နေရတာကျတော်တို့ကဒီမှာရတဲ့လုပ်အားခတွေကိုနှမျောနေလို့မရဘူးလေ ကျတော်ဆိုအိမ်ကိုငွေမပို့ပေးနိုင်တာခွင့်လွှတ်ပါလို့ပြောထားတယ် ရသမျှကတော်လှန်ရေးအတွက်ပဲရည်ရွယ်ထားတော့တယ်"လို့သူကဆက်ပြောပါတယ်။

ကိုရီးယားနိုင်ငံမှာ ၅ နှစ်နီးပါးနေခဲ့ပြီးနောက်ပိုင်းဇာတိနယ်မြို့လေးမှာစီးပွားရေးတခုလုပ်မယ်လို့စိတ်ကူးထားတဲ့ကိုအောင်ကျော်ဟိန်းရဲ့အနာဂတ်ရည်မှန်းချက်တွေအပါအဝင်မြန်မာနိုင်ငံကလူငယ်ထုရဲ့အနာဂတ်အိပ်မက်တွေကိုစစ်အာဏာရူးတသိုက်ကဖျက်ဆီးပစ်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။

အခုစစ်တပ်ကအင်နဲ့အားနဲ့ထိုးစစ်ဆင်နေတဲ့စစ်ကိုင်းတိုင်းဟာသူ့ရဲ့မွေးရပ်မြေဖြစ်ပြီးတော့ကိုရီးယားနိုင်ငံမှာ ဒီမိုကရေစီအခွင့်အရေးအပြည့်အဝနဲ့နေထိုင်ရပေမယ့်မပျော်ပါဘူး လို့သူကဆိုပါတယ်။

"ဟိုတစ်နေ့ကတင်လူလေးယောက်သတ်သွားတယ်ဘယ်လောက်ရက်စက်သလဲဗျာ ဒီမှာနေနေရပေမယ့်ဒါတွေကြားရတဲ့အခါထမင်းမစားနိုင်တဲ့အထိဖြစ်ရတယ်"လို့ ကိုအောင်ကျော်ဟိန်းကပြောပါတယ်။

ဒီမိုကရေစီနိုင်ငံကြီးမှာစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု့တွေလုပ်ရတာလွယ်လွယ်ကူကူရှိတယ်လို့ထင်ရပေမယ့် တခါတလေအခက်အခဲအသေးအဖွဲလေးတွေလဲရှိတယ်လို့သူကပြောပါသေးတယ်။

"တခါတလေကျတော်တို့ဆန္ဒပြရင်း အလှူခံတဲ့အခါမူးနေတဲ့နိုင်ငံသားတချို့လာရစ်တာတွေ တိုင်ခံရတာတွေကြုံရပေမယ့် ရဲတွေကရောသူတို့နိုင်ငံသားတွေကပါနားလည်မှု့ရှိတော့အေးအေးဆေးဆေးပဲပြီးသွားခဲ့တာများပါတယ်"

တောင်ကိုရီးယားနိုင်ငံသား လူကြီးပိုင်းတွေဟာသူတို့ကြုံတွေ့ခဲ့ရတဲ့ ၁၉၈၀ ပြည့်နှစ်စစ်အာဏာရှင်ကွယ်လွန်သူချန်ဒူးဝမ်လက်ထက် ဂွမ်ဂျူးသတ်ဖြတ်မှု့တွေနဲ့ထပ်တူကျနေတဲ့အတွက်မြန်မာလူမျိုးတွေကိုစာနာကြတယ်လို့သူကဆိုပါတယ်။

ဒီလိုဖေးမတဲ့သူတွေထဲမှာကိုရီးယားနိုင်ငံသားတွေထိုင်းနိုင်ငံသားတွေအပါအဝင်ကမ္ဘောရီးယားနိုင်ငံကအလုပ်လာရောက်လုပ်ကိုင်သူတွေလဲကူညီဖေးမကြတယ်လို့လဲသိရပါတယ်။

"ကမ္ဘောဒီးယားတွေဆိုလဲငါတို့နိုင်ငံမှာလဲမင်းတို့လိုအဲကွာလို့ပြောပြီး ကူညီကြတယ် ဒီမှာတော့တောင်ကိုရီးယားအစိုးရကကျတော်တို့ကိုအများကြီးဖေးမပါတယ်"

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံကိုအဓိကကူညီပေးခဲ့တဲ့အထဲမှာတောင်ကိုရီးယားနိုင်ငံကထိပ်ဆုံးကပါဝင်တယ်လို့ပြောလို့ရတဲ့အပြင်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကိုယ်စားလှယ်ရုံးကိုပါလက်ခံဖွင့်လှစ်ပေးခဲ့ပါသေးတယ်။

ဒါ့အပြင်မြန်မာနိုင်ငံသားတွေကိုဗီဇာသက်တမ်းတစ်နှစ်တိုးပေးတာတွေ အိုဗာစတေးနေထိုင်သူတွေကိုတရားဝင်စာထုတ်ပြီးခိုလှုံခွင့်ပေးခဲ့တာတွေအထိအားတက်သရောကူညီခဲ့တယ်လို့လဲသိရပါတယ်။

"ကိုရီးယားကဒီမိုကရေစီအရေးအတွက်အများကြီးခွင့်ပြုပေးတာ ကျတော်တို့မြန်မာနိုင်ငံအတွက်ဆန္ဒပြမယ်အလှူခံမယ်ဆို စခန်းမှာပြောယုံပဲတခုပဲရှိတာဒီမှာကကိုရိုနာ တအားဖြစ်တော့ပြန်ရင်လဲရပ်ကွက်ရုံးမှာစစ်သွားရင်လဲစစ်ရတယ်"လို့ကိုအောင်ကျော်ဟိန်းကဆက်ပြောပါတယ်။

ကိုရိုနာဖြစ်ပွားနေတဲ့အတွက်မြန်မာနိုင်ငံသားလုပ်သားတွေအပြင်ထွက်ပြီး ရောဂါကူးစက်မှာကိုအလုပ်ရှင်တွေကစိုးရိမ်ပေမယ့် ကိုအောင်ကျော်တို့ဖက်ကလဲမိမိလုပ်ငန်းခွင်မထိခိုက်ရေးအတွက်အဓိကထားဆောင်ရွက်ကြရတယ်လို့ဆိုပါတယ်။

သွားရလာရတာတွေရပ်ကွက်နဲ့လုပ်ငန်းခွင်အဝင်အထွက်တွေမှာ ကိုရိုနာပြန်စစ်ရတာတွေလိုအနည်းငယ်စိတ်ရှုပ်စရာလေးတွေရှိပေမယ့် ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေကအားတင်းပြီးမြန်မာနိုင်ငံအရေးအတွက်ဆောင်ရွက်နေတယ်လို့ပြောရမှာပါ။

ကိုအောင်ကျော်နဲ့သူငယ်ချင်းတွေစုပြီးတည်ထောင်ထားတဲ့ "ကြောက်ခတ်ကိုမှောက်ပစ်" ဆိုတဲ့အဖွဲ့လေးဟာပထမ ၉ ယောက်သာရှိခဲ့ပေမယ့်ခုဆိုအဖွဲ့ဝင်ဦးရေ၂၀ ​ကျော်လာတဲ့အပြင် ပြည်တွင်းမှာစစ်အုပ်စုကိုလက်နက်ကိုင်တွန်းလှန်နေတဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအပြင် CDM ဝန်ထမ်းတွေကိုပါထောက်ပံ့ပေးနေနိုင်ပြီလို့ဆိုပါတယ်။

ပြည်ပကနေမြန်မာအရေးဆောင်ရွက်နေတာတွေကဘယ်လိုရည်ရွယ်ချက်မျိုးလဲဆိုတာကိုသူက-

"ဒီကောင်တွေကို ခေါင်းကြီးပိုင်းကအစအောက်ခြေအထိသူတို့လုပ်ရက်နဲ့ထိုက်တန်တဲ့အပြစ်မျိုးကိုရစေချင်တယ်ဗျာ သွေးကြွေးမှာဆွေးနွေးစရာမရှိဘူး၊ ဒါကြောင့်လဲ ကျတော်တို့နိုင်ငံပြင်ပကနေအိမ်ကိုတောင်ပိုက်ဆံမပို့တော့ပဲထောက်ပံ့နေတာပါ။ အကုန်လုံးမဟုတ်ပေမယ့်လိုအပ်တာမှန်သမျှထောက်ပံ့နိုင်ဖို့်ကြိုးစားနေပါတယ်"လို့ကိုအောင်ကျော်ဟိန်းကအားနဲ့မာန်နဲ့မြန်မာ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအသစ်ကိုရရှိရမယ်ဆိုတဲ့မျှော်မှန်းချက်အပြည့်နဲ့ဖြေပါတယ်။


Related posts

Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024
Cover
ပြာပုံထဲမှာပြန်လည် ရှာဖွေခဲ့ရတဲ့ တရားမျှတမှုခြေရာများ
Jan 12, 2024
Cover
ရွှေ့ပြောင်းလုပ်သားတွေအတွက် NUG အစိုးရ ရပ်တည်ပေးမှုအပေါ် အလုပ်သမားအရေးလှုပ်ရှားသူများဝေဖန်
Dec 25, 2023
Cover
MCE စက်ရုံ  အငြိုးတရားနှင့် သမဂ္ဂဖြိုခွဲခဲ့သလား။
Nov 25, 2023
Cover
ဝမ်းရေးတဖက် လုံခြုံရေးအခက်နဲ့ စိုးရိမ်သောကပွေရတဲ့ စက်မှုဇုန်လုပ်သားများ
Nov 19, 2023
Cover
တစ်နာရီလုပ်ခ ၆၀၀ ကျပ် နဲ့ အလုပ်သမားထုရဲ့ မျှော်လင့်ချက်
Oct 01, 2023