NEWS

ဩဂုတ်လ နောက်ဆုံးတပတ်တာ ရွှေဈေးငွေဈေးနဲ့ကုန်ဈေးနှုန်းများ စုစည်းမှု

CoverLogo
704 Views

အာဏာသိမ်းကာလ  ပြည်တွင်း ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေဟာ  တစ်ရှိန်ထိုးဖြစ်ပေါ်နေတာကြောင့်  ယခုတစ်ပတ်တာရဲ့ သြဂုတ် ၂၆ ရက်ကနေစက်တင်ဘာ ၁ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေးငွေဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။
 
တစ်ပတ်အတွင်း ပြည်တွင်းကစက်သုံးဆီဈေးနှုန်းတွေကတော့ သြဂုတ် ၂၆ ရက်နေ့ကနေ  စက်တင်ဘာ ၁ရက်နေ့အထိ စက်သုံးဆီဈေးနှုန်းဟာ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ သတ်မှတ်ဈေးနှုန်းများအရ ၉၂ တစ်လီတာ ၂၉၇၅ ကျပ်၊ ၉၅ တစ်လီတာ ၃၁၁၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ  ၂၆၁၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ  ၃၂၀၀ ကျပ်ဖြစ်ပါတယ်။

သြဂုတ် ၃၀ ရက်မှာတော့ ၉၂ တစ်လီတာလျှင် ၃၁၀၀ ကျပ်၊ ၉၅ တစ်လီတာ  ၃၂၄၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၅၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ  ၃၂၉၅ ကျပ်ဖြစ်ပြီးယခင်ကထက် ၁၂၅ ကျပ်အထိ ဈေးမြင့်တက်လာခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁ ရက်နေ့အထိ အဆိုပါဈေးတန်းနဲ့ရှိနေခဲ့တာဖြစ်ပါတယ်။  

ဒါ့အပြင်စက်သုံးဆီ ရရှိဖို့ အချိန်ကြာမြင့်စွာ  တန်းစီ၀ယ်ယူရတာတွေဟာ လက်ရှိအချိန်ထိဖြစ်ပေါ်နေသေးကာ  ပြင်ပပေါက်ဈေးမှာ ၉၂  နဲ့ ၉၅  တစ်လီတာလျှင် ကျပ် ၄၅၀၀ အထိဈေးမြင့်တက်နေသေးတယ်လို့ သိရပါတယ်။   

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့  သြဂုတ် ၂၆ ရက်နေ့ရဲ့ ကမ္ဘာ့ ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၅၀၀  ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ အခေါက် ရွှေပေါက်ဈေးဟာ ၄၈ သိန်း ၉ သောင်းကျော် ဖြစ်ပါတယ်။

ဩဂုတ် ၂၇ ရက် မှာတော့ ၄၉ သိန်းလေးသောင်းကျော် သတ်မှတ်ထားပြီး သြဂုတ်၂၈ ရက်မှာတော့ ၄၉ သိန်းအတိဖြစ်ကာ ဩဂုတ်၂၉ ရက်နေ့မှ ၃၁ရက်အထိ ကျပ်သိန်း ၅၀ စွန်းစွန်းသတ်မှတ်ထားပြီး စက်တင်ဘာ ၁ရက်နေ့မှာလည်း အဆိုပါဈေးအတိုင်းသတ်မှတ်ထားတာတွေ့ရပါတယ်။ 

ပြင်ပရွှေဈေးကွက်မှာတော့သြဂုတ်၂၆ရက်နေ့ရဲ့ ပြည်တွင်းအခေါက်ရွှေဈေး တကျပ်သားလျှင် ၇၅သိန်း၊ ဩဂုတ် ၂၇ရက်မှာ ၇၃သိန်း၊ ၂၈ ရက်နေ့မှာတော့၇၂သိန်း၊ ၂၉ရက်မှာ ၆၉သိန်း၊ သြဂုတ်၃၀ရက်နဲ့၃၁ရက်နေ့ ၇၂ သိန်း နဲ့ စက်တင်ဘာ ၁ ရက်မှာ  ၇၂ သိန်း  ဖြစ်ကာ အရောင်း၀ယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ 
 
ရွှေဆိုင်များနဲ့ရွှေကုန်သည်များအားလုံး  ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ သတ်မှတ်ဈေးထုတ်ပြန်ထားအတိုင်း အရောင်းအ၀ယ်ပြုလုပ်ဖို့ကိုလည်း တိုက်တွန်းနေတာဖြစ်ပြီး ပြင်ပရွှေဈေးကွက်မှာလည်း အရောင်း၀ယ်အေးနေတယ်လို့ သိရပါတယ်။  

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ သြဂုတ်၂၆ ရက်မှာ ၅၈၅၀ ဖြစ်ကာ သြဂုတ် ၂၇ရက်မှာ ၅၆၅၀၊ သြဂုတ် ၂၈ ရက်မှာ ၅၆၈၀၊ သြဂုတ် ၂၉ရက်မှ၃၁ရက်အထိ အမေရိကန်တစ်ဒေါ်လာလျှင်  ၅၅၀၀ ပေါက်ဈေးရှိခဲ့ပြီး  စက်တင်ဘာ ၁ရက်မှာတော့ ၅၆၀၀ ဖြစ်တယ်လို့ သိရပါတယ်။  

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်း၀ယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။  

ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၄၀၀ ဝန်ကျင်လို့သာအတိအလင်းပြသထားပေမဲ့ ၄၀၀၀ ကျော်ကနေ ၅၀၀၀ ဝန်းကျင်နှုန်းနဲ့ဖြတ်နေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  သြဂုတ် ၂၆ရက်မှစက်တင်ဘာ(၁) ရက် အထိ ရောင်းချရမယ့်  ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေး ၆၃၇၅ကျပ်ဖြစ်လို့ ပြီးခဲ့တဲ့တစ်ပတ်ရဲ့သတ်မှတ်ဈေးထက် အနည်းငယ်မြင့်တက်ခြင်းဖြစ်သလို  ပြင်ပဈေးကွက်တွင်လည်း  တစ်ပိဿာ ၁၄၀၀၀  ကျပ်ကနေ  ၁၆၀၀၀ အထိအမြင့်ဈေးနဲ့ဆက်လက်တည် ရှိနေသလို စစ်ကောင်စီကလည်း  စားဆီထုတ်ယူနိုင်မှုကို သမဝါယမစနစ်နဲ့ထုတ်ယူနိုင်ဖို့ ဆီထုတ်ယူနိုင်မယ့်  ရပ်ကျေးကနေတစ်ဆင့် စာအုပ်တွေထုတ်ဝေ နေတယ်လို့လည်း သိရပါတယ်။

စားအုန်းဆီပြင်ပေပေါက်ဈေးဟာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်ကနေ  ၁၆၀၀၀ ကျပ်အထိရှိနေခဲ့တာဖြစ်ပေမဲ့  စားဆီ၀ယ်ယူသုံးဆွဲသူများအနေနဲ့ အလွယ်တကူ၀ယ်ယူမရဘဲ အရောင်းပိတ်ထားတာတွေလည်းရှိခဲ့သလို  စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစားဆီ၀ယ်ယူတင်သွင်းရောင်းချသူများအသင်းရဲ့  အခြေခံရည်ညွှန်းလက်ကားဈေးဖြင့် လိုက်လံရောင်းချပေးမှုဟာလည်း  မရှိသလောက်လျော့နည်းလာခဲ့တဲ့အပြင်ပြည်ပမှ စားဆီ၀ယ်ယူရခက်ခဲမှုနဲ့ဈေးအဆမတန်ကွာဟမှုကြောင့် ဈေးသည်များလည်းအခက်တွေ့ရသလို ပြည်သူများလည်းဈေးကြီးသာပေး၀ယ်ရတယ်လို့ သိရပါတယ်။ 

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော မြန်မာနိုင်ငံဆန်စပါးအသင်းရဲ့ ဆန်ဈေးနှုန်းသတ်မှတ်ရေးနဲ့လက်လီဆိုင်များပါ သတ်မှတ်ဈေးအတိုင်းရောင်းချဖို့  ဆောင်ရွက်နေပေမဲ့အောက်ခြေမှာတော့ ဆန်ဈေးမကျသေးဘဲဆန်ကြမ်းတစ်ပြည် ၄၀၀၀ အထက်ဖြစ်ပြီး  ဆန်ချောတစ်ပြည် ၆၈၀၀ အထက်ဖြစ်ပြီး ဆန်အရည်အသွေးနိမ့်လာတယ်လို့ သိရပါတယ်။  

ခရမ်းချဉ်းတစ်ပိဿာလျှင်ကျပ် ၄၀၀၀ မှ  ၅၀၀၀၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၁၄၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၃၀၀၀ နဲ့ ၅၀၀၀ ၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက်၊ အာလူးတစ်ပိဿာ ၅၀၀၀၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာတွေကတော့ ၅၀၀ ကျပ်အနည်းဆုံးပေး၀ယ်နေရတာဖြစ်ပါတယ်။ 

ငါးဈေးနှုန်းတွေကတော့ မည်သည့်ငါးမဆိုအနည်းဆုံး ၃၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်သလို ချဉ်ပေါင်ရွက်တစ်စီးလျှင် ၃၀၀၊ ဗူးရွက်တစ်စီး ၅၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ ကျပ်နဲ့ ကြက်ဥတစ်လုံး ၄၀၀ မှ ၅၀၀ ကျပ်၊  ဘဲဥတစ်လုံး ၅၅၀  ကျပ်ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခုအခါကျပ် ၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။  

ကြက်သားဈေးဟာလည်း  စီပီကြက် တစ်ပိဿာ ၁၆၀၀၀ ကျော်၊ ဗမာကြက် တပိဿာ ၂၅၀၀၀ ကျပ် အထိဖြစ်လာပြီး  အခြေခံကျတဲ့အလုပ်သမားတွေအတွက် အနည်းဆုံးကျပ် ၄၀၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားသို့ရောက်ရှိနေတာဖြစ်ပါတယ်။

အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင်ကျပ်၂၅၀၀၀ ကျပ်ဈေးသို့ရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ၃၀၀၀၀ ကျပ်ဖြစ်တာကြောင့်  အခြေခံအလုပ်သမားတွေအတွက်  စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာတစ်ဗူးလျှင် ၆၇၀၀ အထိ၊ ပန်ကန်ဆေးဆပ်ပြာဆီကနေ ရွှေဝါဆပ်ပြာအထိ မူလက ၆၀၀ ကျပ်နေယခု ၁၅၀၀ အထက်သို့ရောက်ရှိလာသလို ငြုပ်သီးမှုန့် ဆားနဲ့ ငါးပိ အချိုမှုန့်ကအစအနည်းဆုံး ၁၅၀၀ ဖိုး၀ယ်ယူရတဲ့ ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါတယ်။ 

အမျိုးသမီးတွေမဖြစ်မနေသုံးရလေ့ ရှိတဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာလည်း ယခင်က ၇၀၀ ကျပ်တန်ဖိုးပစ္စည်းလက်ရှိ ၄၀၀၀ နဲ့အထက်အထိ အမြင့်ဆုံးဈေးတန်းသို့ ရာက်ရှိလာသလို အမျိုသမီးတွေရဲ့ အလှပရေးရာသုံးပစ္စည်းတွေဟာဆိုရင် အနိမ့် ဆုံးဈေးကျပ်တစ်သောင်းကျော်ဖြစ်လာတာကြောင့် အမျီုးသမီးအလုပ်သမားတွေဟာလည်း  ကုန်ဈေးနှုန်းနဲ့၀င်ငွေရရှိမှုအပေါ်မူတည်ပြီး တန်ဖိုးနည်းသက်သာတဲ့ ပစ္စည်းကိုသာ ရွေးချယ်သုံးစွဲ လာနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။  

အထက်ပါဖော်ပြခဲ့တဲ့တစ်ပတ်အတွင်းပြောင်းလဲမြင့်တက်နေတဲ့  ကုန်ဈေးနှုန်းတွေအရ အလုပ်သမားတစ်ဦးရဲ့  တစ်နေ့တာကုန်ကျစရိတ်ဟာ  ကျပ်တစ်သောင်း အထက်ကိုရောက်ရှိနေတာကို မြင်တွေ့နေရတာကြောင့်  ပြောင်းလဲသတ်မှတ်ခြင်းမရှိသေးတဲ့  အနည်းဆုံးအခကြေးငွေ တစ်နေ့ ၄၈၀၀ ကျပ်ဟာလည်း ခေတ်နဲ့လျော်ညီတဲ့လုပ်အားခအဖြစ်သတ်မှတ်ပေးဖို့လိုအပ်နေတာပါ။

စစ်ကောင်စီက အနိမ့်ဆုံးလုပ်ခလစာပြင်ဆင်သတ်မှတ်ခြင်းမရှိဘဲ ထောက်ပံ့ကြေးအဖြစ် ကျပ်၂၀၀၀ သာတိုးထားတာ ဖြစ်ပါတယ်။  

၂၀၂၀ ခုနှစ်က အခြေခံလစာနှစ်သိန်းရရှိခဲ့စဉ်က ဒေါ်လာဈေးဖြင့်တွက်ပါက  ၁၆၀ ဒေါ်လာရရှိခဲ့ပေမဲ့ လက်ရှိ ၂၀၂၄ လတ်တလောမှာတော့လစာနှစ်သိန်းဟာ ဒေါ်လာပေါက်ဈေးအရ  ဒေါ်လာ ၄၀ သာရရှိနေတဲ့အနေအထားမှာ ရုန်းကန် လှုပ်ရှားနေရတာဖြစ်လို့ ဖူလုံမှုမရှိတဲ့လုပ်ခလစာ  လုံခြုံမှုမရှိကာကွယ်မှုမရှိတဲ့လုပ်ငန်းခွင်တွေမှာ ရပ်တည်လုပ်ကိုင်နေရတယ်လို့ အခြေခံအလုပ်သမားတွေထံက သိရပါတယ်။

သြဂုတ်လနောက်ဆုံးအပတ်ရဲ့ ကုန်ဈေးနှုန်းသတင်းတွေကို ယွန်းဆက်က စုစည်းပေးထားတာဖြစ်ပါတယ်။

 


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026