NEWS

ဥပဒေမဲ့ စက်ရုံပိတ်သိမ်းမှုအပေါ် Xin Rui အထည်ချုပ်လုပ်သားများ စိုးရိမ်တကြီး တောင်းဆို

CoverLogo
466 Views
 
လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Xin Rui အထည်ချုပ်စက်ရုံ မှ လုပ်သားများသည် လာမည့် အောက်တိုဘာလ ၈ ရက်နေ့ တွင် စက်ရုံပိတ်သိမ်းမည့်ကိစ္စနှင့်ပတ်သက်ပြီး အလုပ်သမားဥပဒေပါ အခွင့်အရေးများ အပြည့်အဝ မရရှိမည်ကို စိုးရိမ်တကြီး တင်ပြတောင်းဆိုမှု ပြုလုပ်နေကြပါတယ်။
 
အထူးသဖြင့် လုပ်သက်နှစ်ရှည် ဝန်ထမ်းများ အား ပေးအပ်ရမည့် လျော်ကြေးငွေပမာဏ သည် ဥပဒေနှင့် လုံးဝကိုက်ညီမှု မရှိဘဲ စက်ရုံဘက်မှ လျှော့ပေါ့ပေးရန် ကြိုးပမ်းနေခြင်းကို လုပ်သားများက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပါတယ်။
 
စက်ရုံဘက်မှ လက်ရှိ ကမ်းလှမ်းချက်အရ၊ လုပ်သက် ၄ နှစ်ကျော်မှ ၅ နှစ်အတွင်း အလုပ်လုပ်ကိုင်ခဲ့သော ဝန်ထမ်းများကို လျော်ကြေးငွေ ကျပ် ၃၅၀,၀၀၀ (သုံးသိန်းငါးသောင်း) သာ ပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရပါတယ်။
 
"ကျွန်တော်တို့ နှစ်ရှည်သမားတွေဆိုရင် ဥပဒေအရဆိုရင် ကျပ်သိန်း ၂၀ ကျော်လောက် ရသင့်ပါတယ်။ အခုက ၃ သိန်းခွဲပဲ ပေးမယ်ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ရိုးရိုးဝန်ထမ်းတွေတောင်မှ လုပ်သက်အပေါ် မူတည်ပြီး အနည်းဆုံး ကျပ် ၇ သိန်းကနေ ၁၅ သိန်းအထက် ရသင့်ပါတယ်" ဟု လုပ်သားတစ်ဦးက ပြောပါတယ်။
 
အလားတူ၊ စူပါဗိုက်ဆာနှင့် အောစူပါဗိုက်ဆာ (Supervisors/Assistant Supervisors) များအား ကျပ် ၅၀၀,၀၀၀ (ငါးသိန်း) သာ ပေးမည်ဟု ကမ်းလှမ်းခဲ့ရာ၊ ဤသည်မှာလည်း အလုပ်သမားများ ခံစားခွင့်ရှိသည့် ပမာဏထက် များစွာ နည်းပါးနေတာဖြစ်ပါတယ်။
 
စက်ရုံပိတ်သိမ်းရာတွင် အနောက်ပိုင်းဦးစီးမှူးများထံ အကြောင်းကြားထားခြင်း မရှိဟုလည်း လုပ်သားများက သိရှိရကြောင်း ပြောဆိုပါတယ်။
 
အလုပ်သမားဥပဒေအရ စက်ရုံပိတ်သိမ်းပါက ပုံမှန်လခစားဝန်ထမ်းများသည် နောက်ဆုံးထုတ်လစာ အပေါ် မူတည်ပြီး လုပ်သက်နှစ်အလိုက် ဥပဒေနှင့်အညီ လျော်ကြေးငွေ အပြည့်အဝ ရရှိခံစားခွင့် ရှိပြီး အလုပ်မှရပ်နားခံရသည့် (ပုတ်ပြတ်) လုပ်သားများသည်လည်း ပုဒ်ပြတ်လစာနှင့် ရက်မှန်ကြေးများကိုပါ ထည့်သွင်းပေးရန် လိုအပ်ပါတယ်။
 
စက်ရုံတာဝန်ရှိသူများနှင့် လုပ်သားခေါင်းဆောင်၏ အခန်းကဏ္ဍ စက်ရုံ၏ မန်နေဂျာ ဒေါ်ဇင်မာလွင် သည် နိုင်ငံခြားသားပိုင်ရှင်များနှင့် ပူးပေါင်းကာ အလုပ်သမားများ၏ အခွင့်အရေးများကို မျက်ကွယ်ပြုကာ ဖြတ်တောက်မှုများ ပြုလုပ်လေ့ရှိကြောင်း ဝန်ထမ်းများက တညီတညွတ်တည်း တင်ပြပါတယ်။
 
ထို့ပြင်၊ လုပ်သားခေါင်းဆောင် အဖြစ် ဆောင်ရွက်နေသည့် Finishing အောစူပါဝင်းသူထက် သည်လည်း လုပ်သားထု၏ အခွင့်အရေးထက် မိမိအကျိုးစီးပွားကိုသာ ရှေ့တန်းတင်သည့် တစ်ဘို့တည်းသမား အဖြစ် စွပ်စွဲခံထားရပါတယ်။
၎င်းသည် လက်ရှိညှိနှိုင်းမှုများတွင် စက်ရုံဘက်မှ အသာစီးရအောင် လုပ်ဆောင်ပေးနေပြီး၊ လုပ်သားများ၏ အခွင့်အရေးအပြည့်အဝရရှိရေးကို ဦးစားမပေးဟုလည်း သိရပါတယ်။
 
စက်ရုံမှ အလုပ်သမားများကို အလုပ်ထုတ်ရာတွင်ဖြစ်စေ၊ လုပ်ခလစာနှင့် ခွင့်ခံစားခွင့် ငွေကြေးများကို ဖြတ်တောက်ရာတွင်ဖြစ်စေ မန်နေဂျာ ဒေါ်ဇင်မာလွင်သည် အတည်ပြုပေးသူအဖြစ် ပါဝင်သည်ဟုလည်း လုပ်သားများက စွပ်စွဲပြောဆိုထားပါတယ်။
 
"စက်ရုံက ပိတ်ပြီး တော်ဝင်စက်ရုံ ကို ရွှေ့ပြောင်းဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ ဘယ်ကိုပဲ ရွှေ့ပြောင်းသည်ဖြစ်စေ၊ လက်ရှိစက်ရုံပိတ်သိမ်းပြီဆိုတာနဲ့ လျော်ကြေးငွေ အပြည့်အဝ ဥပဒေအတိုင်း ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒါကို စက်ရုံက ဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ပြီး ဝန်ထမ်းတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုနေတာပါ" လို့ လုပ်သားတွေကပြောပါတယ်။
 
စက်ရုံပိတ်သိမ်းမည့်ရက်သည် အောက်တိုဘာလ ၈ ရက်နေ့ ဖြစ်ပြီး ကြားကာလတွင် သီတင်းကျွတ်ပိတ်ရက်များပါ ခံနေသောကြောင့် အချိန်မီ ဖြေရှင်းနိုင်ရန် အလုပ်သမားများက အလျင်အမြန် စိုးရိမ်နေကြပါတယ်။
 
ထို့ကြောင့်၊ လုပ်သားထု၏ အခက်အခဲများ ဖြေရှင်းနိုင်ရန်အတွက် အနောက်ပိုင်း ဦးစီးမှူးများအပါအဝင် သက်ဆိုင်ရာ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန (FGLLID) အနေဖြင့် Xin Rui စက်ရုံသို့ အမြန်ဆုံး လာရောက်၍ ဥပဒေနှင့်အညီ မှန်ကန်သည့် လျော်ကြေးငွေ ရရှိရေးအတွက် ကြီးကြပ်ကူညီပေးပါရန် Myanmar Labour News မှတစ်ဆင့် အရေးတကြီး တောင်းဆိုလိုက်ပါတယ်။
 

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026