ဇူလိုင် ၂၆၊ ၂၀၂၆
Peak Outdoor Yangon အထည်ချုပ်စက်ရုံမှာ ခေါင်းဆောင်ဆိုသူတွေက ရည်ရွက်ချက် ရှိရှိဆဲဆို ခိုင်းစေ နေတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို ပြောထားပါတယ်။
“ဖိနက်ရှင်း (Finishing)က အောစူပါ ၊ ကျူစီ စူပါ (Finishing Qc Super)၊ လိုင်း ၁၊ ၂၊ ၃ ကိုင်တဲ့ အောစူပါ အဲဒီ ခေါင်းဆောင်တွေက အလုပ်သမားတွေကို အရမ်းကို ဆဲ ခိုင်းတာ။ မနက်မိုးလင်းထဲက ဆဲနေတော့ အလုပ်သမားတွေကို သေချာ ချိုးနှိမ်နေတာ။ အရှက်ကွဲအောင် ဂုဏ်သိက္ခာမဲ့အောင် ရည်ရွယ်ပြီး ပြောတာ” လို့ အလုပ်သမားတွေက ပြောပါတယ်။
ခေါင်းဆောင်တွေရဲ့ ဆဲဆိုမှုတွေက ၂၀၂၅ ခုနှစ်ကထက် ပိုကြမ်းတမ်းလာပြီး စက်ရုံပိုင်ရှင်နဲ့ တာဝန်ရှိသူတွေက အရေးယူဆောင်ရွက်တာ မရှိတဲ့အပြင် တနင်္ဂနွေနေ့ အချိန်ပို မဆင်းပါက လစာဖြတ်မယ်ဆိုပြီး စက်ရုံဘက်က ခြိမ်းခြောက်လို့ မဖြစ်မနေ ဆင်းပေးရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် ထမင်းစားချိန်အပြီးကနေကအချိန်ပို ပြီးဆုံးတဲ့ အထိ စက်ရုံဘက်က တဆက်တည်းခိုင်းစေတယ်လို့လည်း အလုပ်သမားတွေက ပြောထားပါတယ်။
“ထမင်းစားချိန်အပြီး ၁၂ခွဲ ကနေ ည ၈ခွဲ အထိ နားချိန်မပေးဘူး ။ တဆက်တည်း လုပ်ခိုင်းတာ။ တခါတလေ ကြက်ဥ ၁ လုံး၊ ၈၀၀ တန် မုန့်တစ်ခု အမျိုးမျိုး ကြွေးပြီး အချိန်ပို ဆင်းခိုင်းတော့တာ” လို့ အလုပ်သမားတွေ က ပြောပါတယ်။
ဒါ့အပြင် နေ့စဉ် အချိန်ပို ညနက် ၈ ခွဲအထိ လုပ်ကိုင်ရလို့ နေအိမ် အပြန်နောက်ကျပြီး စားသောက်ရေး ကိစ္စတွေပါ အခက်အခဲ တွေ့ နေရတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။ လုပ်ငန်းခွင်အတွင်းက သန့်စင်ခန်းတွေက သန့်ရှင်းမှုမရှိတဲ့ အပြင် အိမ်သာအစောင့်က ဆဲဆိုလို့ အသုံးပြုဖို့ အခက် တွေ့နေရတယ် လို့လည်း ပြောပါတယ်။
“အိမ်သာတွေဆိုတာ မသန့်ရှင်းဘူး၊ အိမ်သာစောင့်လည်း ထားတယ်။ အဲ့အစောင့်က အိမ်သာသွားလို့ ပြီးပြီး မပြီး ပြီး အမြန်လုပ်ဖို့ ပြောတယ်။ ဆဲတယ်။ အတော်ကို အဆင်မပြေတာပါ” လို့ အလုပ်သမားတွေက ပြောပါတယ်။
လုပ်ငန်းခွင် ဆေးပေးခန်းမှာ စက်ရုံစောင့် ခွေးတွေ ထားလို့ သန့်ရှင်းမှု့မရှိတဲ့ အပြင် ဖယ်ရီကားတွေမှာ လူဦးရေများလို့ ကျပ်တည်းပြီး တွယ်စီးနေရတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။ လုပ်ငန်းခွင် အခက်အခဲတွေရှိနေပေမဲ့ စက်ရုံ စစ်ဆေးရေးတွေကို လိမ်လည်ဖြေကြားဖို့ အလုပ်သမားတွေကို ပြင်ဆင်ပေးထားတယ်လို့လည်း အလုပ်သမားတွေက ပြောထားပါတယ်။
“လုပ်ငန်းခွင်ထဲကို အောတစ် စစ်ဆေးရေး လာတဲ့ ရက်ဆို မနက် ၈နာရီကနေ ၆ခွဲပြန်ရတယ်ဆိုပြီး လိုင်းတိုင်းကို ဖြေဖို့ စာရွက်တွေ ပြင်ထားထားတယ်” လို့ ပြောပါတယ်။
Peak Outdoor Yangon အထည်ချုပ်စက်ရုံက လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြခေတ္တာလမ်း မှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိထားပါတယ်။ လက်ရှိ အလုပ်သမား ၈၀၀ ကျော်က CMP, WHISTLER တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ ပြောထားပါတယ်။









