NEWS

အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ အထည်ချုပ်စက်ရုံများ အော်ဒါနည်းပါးလာ အလုပ်သမားများရပ်တည်ရေး ခက်ခဲ

CoverLogo
957 Views

ပြည်တွင်းက အထည်ချုပ်စက်ရုံတွေမှာ  အော်ဒါနည်းပါးနေတာကြောင့် ဝင်ငွေနည်းပါးလာပြီး ရပ်တည်ရေး ခက်ခဲလာတယ်လို့  အလုပ်သမားတွေက ပြောပါတယ်။

လက်ရှိ အထည်ချုပ် စက်ရုံအများစု အော်ဒါနည်းပြီး အလုပ်သမားတွေမှာ အချိန်ပိုလုပ်ကိုင်ရတာ မရှိတာကြောင့်  ဝင်ငွေနည်းပါးနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။

“တစ်လကို လစာ တစ်သိန်းခွဲ မပြည့်တော့၊ တော်တော်ကို ရုန်းကန်နေရတယ်။ အိမ်လခ၊ ကလေး စာရိတ်၊ သက်ကြီး တစ်ယောက်နဲ့ ဆိုတော့ အတော်ကို ခက်ခက်ခဲခဲ ရပ်တည်နေရတာပါ” လို့ အထည်ချုပ်အလုပ်သမဖြစ်သူ မအေးမွန်ကပြောပါတယ်။

အိမ်ခန်းခ ကျပ် ၅၀၀၀၀ ဝန်းကျင်နဲ့ အိမ်စရိတ် ကျပ် ၈၀၀၀၀ မက ကုန်ကျတာကြောင့် နီးစပ်သူတွေဆီကနေ ချေးငှား နေထိုင်ရတယ်လို့လည်း မအေးမွန်က ပြောပါတယ်။

အိမ်ခန်းခတွေ ဈေးမြင့်တာနဲ့ ကုန်ဈေးနှုန်းကြီးမြင့် တာတွေကြောင့် နယ်က မိဘ၊ မောင်နှမတွေဆီ လစာပြန်မပို့နိုင်ဘူးလို့ အထည်ချုပ် အလုပ်သမားတချို့က အခုလို ပြောပါတယ်။  

“ အရင်ကအခန်းခက သုံးသောင်းပဲ၊ တခြားလူနဲ့ စုနေမှ တစ်သောင်းလောက်ကျတယ်၊ အခုတော့ လူအရေအတွက်လည်း သတ်မှတ်ထားတယ်၊ အခန်းခလည်း ဈေးလည်းတက်လာ။ ကုန်ဈေးနှုန်းကတော့ အရင်ကထက် နှစ်ဆ တက်နေတာ၊ အိမ်ကို ဘယ်လိုမှ ငွေပြန်မပို့နိုင်တော့ဘူး” လို့ ပဲခူးတိုင်းအတွင်းကနေ အထည်ချုပ်စက်ရုံမှာ လာရောက်လုပ်ကိုင်သူ မဥမ္မာထွန်းက ပြောပါတယ်။

"အော်ဒါအဝင်နည်းတဲ့ကိစ္စကတော့ ရင်းနှီးမြုပ်နှံသူတွေ အကုန်လုံးက သူတို့ ရင်းနှီး မြုပ်နှံတဲ့ နိုင်ငံတွေရဲ့ အခြေအနေတွေကို ကြည့်တယ် တို့မြန်မာနိုင်ငံမှာဆိုရင် နိုင်ငံရေးအခြေအနေမကောင်းဘူး ပြည်သူတွေ‌ ရွေးကောက်တင်မြောက်ထားတဲ့ အစိုးအရမဟုတ်ဘဲနဲ့ အာဏာကို မတရားလုယူထားတဲ့သူတွေ အုပ်ချုပ်နေတာဖြစ်တယ် အဲ့ဒီအတွက် ကြောင့် ရင်းနှီးမြုပ်နှံသူတွေ အော်ဒါပေးနေတဲ့ သူတွေအနေနဲ့ အဲ့ဒီနိုင်ငံရဲ့ အခြေအနေကို ကြည့်နေတာဖြစ်တယ် ဒီနိုင်ငံမှာ လူ့အခွင့်အရေး အပြည့်အဝရှိရဲ့လား အလုပ်သမားအခွင့်အရေးတွေအပြည့်အဝရလား လုပ်ခလစာ အချိန်ပိုအိုတီ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဒါမျိုးတွေရနေလားဆိုတာကိုကြည့်တယ် ပြီးတဲ့အခါ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်တွေ ရနေလားဆိုတာကို  ကြည့်တယ် ဒါမျိုးတွေ မရနေဘူး လူ့အခွင့်အရေး တွေ ချိုးဖောက်ခံနေရတယ် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်တွေ ချိုးဖောက်ခံနေရတယ်ဆိုရင် အော်ဒါပေးတဲ့သူတွေက မြန်မာနိုင်ငံမှာအကြာကြီးရင်းနှီးမြုပ်နှံမှာ မဟုတ်ဘူးလို့ ယူဆတယ်"လို့ ပြည်တွင်းအလုပ်သမားရေးရာ စောင့်ကြည့်လှုပ်ရှားနေသူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

"အော်ဒါမရှိတဲ့အတွက်ကြောင့် အလုပ်သမားတွေ  ပုံမှန်ရတဲ့ လစာ ဝင်ငွေတွေနည်းသွားတယ် အဆောင်လခတို့  စားဖို့ ပဲရမယ် အရင်လိုတော့ မိဘတို့  မိသားစုတို့ကို ပြန်ထောက်ဖို့ မရတော့ဘူး အဲ့လိုအခက်အခဲတွေရှိမှာပါ"လို့ ယင်းကဆက်ပြောပါတယ်။

လက်ရှိ အလုပ်သမားတွေအနေနဲ့ တစ်နေ့ လုပ်ခ ၄၈၀၀ ကျပ်သာ ရရှိနေလို့ တစ်လ လစာအနေနဲ့ ကျပ် ၁၄၄၀၀၀ ပဲ ရရှိကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက အထည်ချုပ်စက်ရုံတွေမှာ အချိန်ပို လုပ်ကိုင်ခဲ့ရလို့  လစဉ် လုပ်ခလစာထက် ကျပ် ၄၀၀၀၀ ဝန်းကျင် ပိုမို ရရှိတာကြောင့် အသုံးစာရိတ် အတွက် မခက်ခဲခဲ့ဘူးလို့ အထည်ချုပ် အလုပ်သမား တွေက ပြောပါတယ်။

ဒါအပြင် အထည်ချုပ် စက်ရုံတချို့ အော်ဒါနည်းပါးတာကြောင့် လုပ်ခလစာလျှော့ ပေးပြီး ရက် အကန့်အသတ်နဲ့ ပိတ်ဖို့ အလုပ်သမားတွေကို ညှိနှိုင်းတာတွေရှိနေတယ်လို့လည်း အလုပ်သမားတစ်ဦးကလည်း ပြောကြား ထားပါတယ်။

“စက်ရုံတွေ အလုပ်မကောင်းဘူးဆိုရင်တောင် ခဏပဲ ဖြစ်ဘူးတာ၊ အခုတော့ အချိန်ပိုမလုပ်ရတာ ၆ လ လောက်ကြာပြီ။ အရင်နှစ်တွေကတော့ တနေ့ ၂ နာရီလောက် လုပ်ရပါတယ်၊ အခုတော့ စက်ရုံတွေ ပိတ်မယ့် အသံတွေ ကြားနေတာ”  လို့ အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်နေတဲ့  မဝေဝေက ပြောပါတယ်။

လက်ရှိ အထည်ချုပ် အလုပ်သမားတချို့ကတော့ ဝင်ငွေနည်းပါးမှုကို ကျော်လွှားနိုင်ဖို့  ကုန်ကျစရိတ်လျှော့ချပြီး တခြား အချိန်ပိုင်း အလုပ်တွေ ဝင်ရောက်လုပ်ကိုင်ပြီး ဖြေရှင်းနေရတယ်လို့လည်း သိရပါတယ်။ Photo- ပုံဟောင်း (google)

#MyanmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026