NEWS

အသက်မဝင်တဲ့ စာရွက်ပေါ်က စာရင်းရှိ သမဂ္ဂများ

CoverLogo
801 Views

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်ကစလို့ အလုပ်သမားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေဟာ မြေပြင်အခြေအနေနဲ့ အလှမ်းဝေးနေတဲ့ သဘောကို ပိုမိုသက်ရောက်လာပြီး စက်ရုံတိုင်းမှာ အေးချမ်းသာယာနေတဲ့ အခြေအနေကိုပဲ ဇောင်းပေးဖော်ပြနေပါတယ်။ 

 

မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီးတဲ့အကြောင်းထုတ်ပြန်ချက်ကလည်း အမှန်တကယ် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ကွာဟနေပါတယ်။ 

 

အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ ပြဋ္ဌာန်းပြီးချိန်ကစလို့ လက်ရှိအချိန်ထိ အလုပ်သမားအဖွဲ့အစည်း၊ အလုပ်ရှင်အဖွဲ့အစည်း စုစုပေါင်း (၃၀၄၃) ဖွဲ့ကို အသိအမှတ်ပြု လက်မှတ်တွေ ထုတ်ပေးထားတယ်လို့ ပါရှိပါတယ်။ 

 

တိုင်းဒေသကြီးနဲ့ ပြည်နယ် အလုပ်သမားအဖွဲ့အစည်း (၂၅) ဖွဲ့၊ မြို့နယ်အလုပ်ရှင် အဖွဲ့အစည်း (၁) ဖွဲ့၊ မြို့နယ် အလုပ်သမားအဖွဲ့အစည်း (၁၅၆) ဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့ အစည်း (၂၆)ဖွဲ့နဲ့ အခြေခံအလုပ်သမားအဖွဲ့အစည်း (၂၈၂၄)ဖွဲ့ကို အသိအမှတ်ပြု လက်မှတ်တွေ ထုတ်ပေးထားသလို အလုပ်ရှင်၊ အလုပ်သမား အဖွဲ့ချုပ် (၁၀)ခုကိုလည်း ဖွဲ့စည်းခွင့် ပြုထားတယ်လို့ ပါရှိပါတယ်။

 

ဖွဲ့စည်းခွင့်ပြုထားတဲ့ အဖွဲ့ချုပ်တွေကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ချုပ် (CTUM)၊ 

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများအလုပ်သမားအဖွဲ့ချုပ်(MSF)၊ 

မြန်မာ့ပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ချုပ် (MMWF)၊ 

မြန်မာနိုင်ငံပင်လယ်ပျော်သမဂ္ဂများ အလုပ်သမားအဖွဲ့ချုပ် (MMTUF)၊ 

မြန်မာနိုင်ငံရေကြောင်းပြမှူးကြီးများအလုပ်သမားအဖွဲ့ချုပ်(MMPA)၊ 

လွတ်လပ်သော မြန်မာနိုင်ငံ ပင်လယ်ပျော် များ အလုပ်သမားအဖွဲ့ချုပ်(IFOMS)၊ 

မြန်မာနိုင်ငံတောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန် ထုတ်လုပ်ငန်းဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (AFFM-IUF)၊ 

မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(AFFM)၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS- TUsF)၊ 

မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM)နဲ့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်(MSESF) အစရှိတာတွေကို ဖော်ပြထားပါတယ်။ 

 

ဒါပေမယ့် မြေပြင်မှာတော့ အဲဒီအဖွဲ့ခေါင်းဆောင်တွေထဲကတစ်ချို့ဟာ စစ်အစိုးရလက်ကလွတ်အောင် ထွက်ပြေးနေကြရသလို တစ်ချို့က အဖမ်းဆီးခံထားကြရပါတယ်။

 

“သူတို့ကသာ အခုချိန်ထိ ဖွဲ့စည်းခွင့်ပြုထားပါတယ်ဆိုပြီး သတင်းတွေတင်နေတာ။ ကျွန်မတို့ ခေါင်းဆောင်တွေဆို ပြေးနေရတယ်။ ပြည်တွင်းကို ပြန်လာလို့ မရဘူး။ MICS က ကိုသက်နှင်းအောင်ဆိုလည်း အခုထိ ဘယ်ရောက် နေလဲ မသိရဘူး။ အဲဒီတော့ စာရင်းတွေသာရှိနေတာပါ။ လက်တွေ့မှာ သမဂ္ဂခေါင်းဆောင်တွေ မရှိတော့အောင် သူတို့ပဲ လုပ်နေကြတာ”လို့ CTUM အဖွဲ့ဝင် အလုပ်သမားတစ်ယောက်က ပြောပါတယ်။

 

မြန်မာနိုင်ငံဟာ ILO အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တာနဲ့အညီ (ILO Convention No. 87) ပါ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် လွတ်လပ်စွာစည်းရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်ကို လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်တဲ့အနေနဲ့ ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေကို ရေးဆွဲပြဋ္ဌာန်းထားပေမယ့် လက်တွေ့မှာတော့ သမဂ္ဂတွေနဲ့ ပတ်သက်ပြီး ဖိနှိပ်မှုတွေကို စစ်အစိုးရက ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

 

မကြာသေးခင် ဇွန်လက ဖြစ်ပွားခဲ့တဲ့ ဟိုစိမ့်(မြန်မာ) အထည်ချုပ်စက်ရုံ ဖြစ်စဉ်မှာလည်း စက်ရုံအခြေခံသမဂ္ဂခေါင်း ဆောင်တွေက အလုပ်သမားဥပဒေပါ ရပိုင်ခွင့်တွေ တောင်းဆိုတာကို အလုပ်ရှင်က စစ်တပ်ကို ခေါ်ယူဖမ်းဆီးခိုင်း တာတွေ ရှိခဲ့ပါတယ်။

 

ဝန်ကြီးဌာနက သမဂ္ဂတွေ တရားဝင်ဖွဲ့စည်းခွင့် ပြုထားပေမယ့် လက်တွေ့မှာတော့ ခေါင်းဆောင်တွေဟာ အလုပ်ရှင်ဘက်ကို တောင်းဆိုမှုလုပ်ရင် မတရားသဖြင့် ဖမ်းဆီးခံရတာပဲဖြစ်ပါတယ်။

 

အဲဒီလိုပဲ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့စည်းတွေ၊ စက်ရုံအခြေခံသမဂ္ဂတွေကို ဖွဲ့စည်းခွင့် ပေးထားတယ်လို့ ဝန်ကြီးဌာနက ပြည်တွင်းနဲ့ နိုင်ငံတကာကို လိမ်လည်ချပြနေပေမယ့် အလုပ်သမားတွေ ဆူပူမှုတွေ ဖြစ်လာအောင် လှုံဆော်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေး နေတဲ့ Action Labor Rights အဖွဲ့ဝင်တွေကို ဖမ်းဆီးတာ၊ Sun Apparel Myanmar အထည်ချုပ်စက်ရုံက အလုပ်သမားတွေ လုပ်ငန်းခွင်ထဲ တောင်းဆိုတာတွေလုပ်လို့ ခေါင်းဆောင်နှစ်ယောက် ဖမ်းဆီးခံရတာတွေဟာ သမဂ္ဂတွေ လတ်တလော တွေ့ကြုံနေရတဲ့ဖြစ်စဉ်တွေပဲဖြစ်ပါတယ်။

 

“အာဏာမသိမ်းခင်က လှိုင်သာယာဘက်မှာ စက်ရုံအခြေခံသမဂ္ဂတွေက လှုပ်ရှားမှု အားအရမ်းကောင်းတာ။ အခုကျတော့ အကြောင်းရှာပြီး ခေါင်းဆောင်တွေအလုပ်ထုတ်ခံရတယ်။ တစ်ချို့ စက်ရုံတွေမှာဆို သမဂ္ဂက ပျက်သလိုကို ဖြစ်သွားတယ်”လို့ အထည်ချုပ်စက်ရုံ ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ Myanmar Labour News က ကောက်ယူရရှိထားတဲ့ သတင်းအချက် အလက်တွေအရလည်း သမဂ္ဂရှိ၊ မရှိ သိရတဲ့ စက်ရုံအရေအတွက်ဟာလည်း (၃၅)ရုံပဲ ရှိပါတော့တယ်။ အဲဒီစက်ရုံသမဂ္ဂတွေဟာလည်း စစ်ကောင်စီနဲ့ အလုပ်ရှင်တွေရဲ့ ဖိနှိပ်မှုတွေကြောင့် လှုပ်ရှားမှုတွေ မလုပ်ဆောင်နိုင်ဘူးလို့ သိရပါ တယ်။

 

လက်တလောမှာတော့ စက်ရုံအများစုမှာ နားရက်မပေးတာ၊ အချိန်ပိုတွေ မဖြစ်မနေဆင်းခိုင်းတာ၊ ကိုယ်ထိလက် ရောက် ကျူးလွန်တာ၊ ပြဌာန်းထားတဲ့ အလုပ်သမားဥပဒေထက် ကျော်လွန်လုပ်ဆောင်တာတွေရှိနေပေမယ့် အလုပ်သမားထုကို ကိုယ်စားပြုပြီး အလုပ်ရှင်ကို တောင်းဆိုညှိနှိုင်းတာတွေလုပ်ဆောင်ပေးမယ့် အလုပ်သမား သမဂ္ဂတွေကတော့ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါတယ်။

 

“ကျွန်တော်တို့ စက်ရုံမှာဆို WCC အဖွဲ့ဝင်တွေ၊ သမဂ္ဂခေါင်းဆောင်တွေရှိတယ်ပြောတယ်။ ဒါပေမယ့် အလုပ်သမားတွေ ကိုယ်တိုင်တောင် မသိရဘူး။ ပါတာက စက်ရုံမှူးတို့၊ စူပါတို့တွေ ပါနေတာ၊။ သူတို့က အမြဲတမ်း အလုပ်ရှင်သဘော ဖြစ်နေတော့ နာမည်ခံပဲရှိတယ်”လို့ စက်ရုံတစ်ချို့မှာ ဖွဲ့စည်းထားတဲ့ နာမည်ခံသမဂ္ဂတွေ အကြောင်းကို ကိုကျော်ကျော် (အမည်လွှဲ)က ပြောပါတယ်။

 

စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ အလုပ်သမားဝန်ကြီးဌာနဟာ မြေပြင်အခြေအနေတွေကို ကွယ်ဝှက်တာ၊ မဟုတ်မမှန်တဲ့သတင်းတွေ ဖြန့်ဝေတာပဲ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ 

 

ပြဌာန်းထားတဲ့ ဥပဒေတွေ အမှန်တကယ် အသက်ဝင်မှု ရှိ၊ မရှိနဲ့ အလုပ်သမားတွေ ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကို စိစစ်မှု အားနည်းနေပါတယ်။ 

 

အာဏာသိမ်းပြီးချိန်ကစလို့ စက်ရုံလုပ်ငန်းခွင်ထဲမှာ အလုပ်သမားဥပဒေပါ အခွင့်အရေး ချိုးဖောက်ခံရတာတွေကို သတင်းမီဒီယာတွေမှာ ဖော်ပြနေပေမယ့် စစ်ကောင်စီအလိုကျ လျှောက်လှမ်းနေရတဲ့ အလုပ်သမားဝန်ကြီးဌာနကတော့ သတင်းမှန်တွေကို လက်ခံနိုင်စွမ်း မရှိပါဘူး။ 

 

ဒီအခြေအနေဟာ စစ်ကောင်စီ လက် အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ အာဏာသိမ်းကာလ အတွင်း လုပ်‌ဆောင်ချက်တွေအပေါ် အလုပ်သမားထုက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

 

စာရွက်တွေပေါ်မှာ ဖွဲ့စည်းခွင့်ပြုထားတဲ့ သမဂ္ဂအမည်စာရင်းတွေကိုပဲ ထပ်တလဲလဲ ထုတ်ပြန်နေတာမျိုး မဟုတ်ဘဲ အခြေခံသမဂ္ဂတွေ ပိုမိုအားကောင်းလာဖို့နဲ့ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေ ပြန်လည်အသက်ဝင်လာမှသာ အလုပ်သမားထုရဲ့ အကျိုးစီးပွားကို အမှန်တကယ်ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

 

#MyanmarLabourNews 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026