အထည်ချုပ်စက်ရုံရှိ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေသက်ဆိုင်ရာဌာနတွေက ပြေလည်အောင် ဖြေရှင်းပေးခြင်းမရှိတာကြောင့် အလုပ်သမားတွေက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြားထားတယ်လို့ ပြောပါတယ်။
ရန်ကုန်တိုင်း လှိုင်သာယာယာမြို့နယ် အနောက်ပိုင်း ရွှေလင်ဗန်းစက်မှုဇုန် မှာရှိတဲ့ HANDA (YANGON) Garment အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့ ၂၀၂၆ မတ်လက လုပ်ခတိုးမြှင့်ရေး ၊ သန့်ရှင်းသော သောက်သုံးရေ ၊ ကျန်းမာရေးအတွက် လုံလောက်သော သန့်စင်ခန်း၊ လုပ်ငန်းခွင်အတွင်း အပူအအေး မျှတမှု ၊ အရေးပေါ်ထွက်ပေါက် ပိတ်ဆို့ထားမှု စတဲ့ အခြေခံလုပ်ငန်းခွင်အခွင့်အရေးတွေနဲ့ပတ်သက်လို့ တောင်းဆိုချက်တွေ ကို အလုပ်သမားတွေက တောင်းဆိုခဲ့တာပါ။
တောင်းဆိုချက်တွေရဲ့နောက်ဆက်တွဲအနေနဲ့ အလုပ်ရှင်ဘက်က ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်း ဥပဒေကို ချိုးဖောက်ကာ အလုပ်သမားများအားအလုပ်ထုတ်ခြင်း တရားစွဲဆိုခြင်းများပြုလုပ်ခဲ့တဲ့အပြင် အလုပ်သမားဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ အလုပ်ရှင်အလုပ်သမား ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ်ကိုပင် လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်တာကြောင့် အရေးယူပေးဖို့ အလုပ်သမားတွေက လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားခဲ့ပါတယ်။
အလုပ်သမားတွေရဲ့တောင်းဆိုချက်အရ တောင်းဆိုမှုပြုလုပ်ပြီးနောက် အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေကို အလုပ်ပြန်ခန့်ပေးရန်
ထုတ်ပယ်စဉ်က ဆုံးရှုံးခဲ့သည့် လုပ်ခလစာများအပြင် သင့်လျော်သော ကြားကာလ နစ်နာကြေးများပေးအပ်ရန်
အလုပ်သမားအဖွဲ့အစည်းအား ဥပဒေနှင့်အညီမှတ်ပုံတင်နိုင်ရေး ခွင့်ပြုပေးရန်
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း ရဲ့ ပုဒ်မ ၃၃ ဖြင့် အရေးယူမှုနှင့် နောက်ဆက်တွဲ EBA ပြန်လည်ရုတ်သိမ်းခြင်း ၊ လုပ်ငန်းများ ပြန်လည်ထွက်ခွာနိုင်ခြင်း ဖြစ်စေနိုင်သည့် အလုပ်ရှင်များ၏ ချိုးဖောက်မှုများကို ထိထိရောက်ရောက်တားဆီးပေးရန်၊
အလုပ်ရှင်များအနေဖြင့် တည်ဆဲဥပဒေများကို မချိုးဖောက်စေရန် ကော်မရှင်မှ အကြံပြုချက်များထုတ်ပြန်ပေးရန် စတဲ့အချက်တွေပါဝင်တဲ့ တိုင်ကြားစာကို ပေးဖို့ ထားတယ်လို့ သိရပါတယ်။









