NEWS

အလုပ်သမားအခွင့်အရေးကြောင့် အထည်အော်ဒါမရတော့တဲ့ KINGSRICH ( Myanmar) FASHION စက်ရုံ ပိတ်သိမ်းဖို့အသိပေး

CoverLogo
248 Views
မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်နေလို့ အထည်အော်ဒါပေးချုပ်ခိုင်းတဲ့ H&M အမှတ်တံဆိပ်လုပ်ငန်းက သူတို့ရဲ့လုပ်ငန်းအပ်နှင်းမှုတွေကို လျော့ချရပ်ဆိုင်းလိုက်တဲ့အတွက် ၎င်းတံဆိပ်ကိုချုပ်လုပ်ပေးနေတဲ့ Kings Rich fashion စက်ရုံကို လာမယ့်ဇွန်လကုန်မှာ ပိတ်သိမ်းမယ်လို့ အသိပေးလာပါတယ်။
 
Kings Rich fashion အထည်ချုပ်စက်ရုံ ကတော့သူ့အနေနဲ့ လုပ်ငန်းရပ်ဆိုင်းရတာဟာ ကမ္ဘာလုံးဆိုင်ရာဗျူဟာစီမံကိန်းနဲ့ ပြင်ပစျေးကွက်ပြောင်းလဲမှု ဖြစ်စဥ်တွေကို စိစစ်သုံးသပ်ပြီး ထုတ်ကုန်ထုတ်လုပ်တာ ရပ်နားဖို့ ဆုံးဖြတ်လိုက်တာလို့ အလုပ်သမားတွေကို အသိပေးထားတဲ့ နို့တစ်မှာ ဖော်ပြပါတယ်။
 
ဒါ့အပြင်စက်ရုံအနေနဲ့ ပိတ်သိမ်းမှာကို မေလ ၁၃ ရက်ကစကာ အလုပ်သမားတွေကိုတလကြိုအသိပေးထားတာဖြစ်ပြီး ဥပဒေပါ လုပ်သက်အလိုက် နစ်နာကြေး ပေးသွားမယ်လို့ လည်းပြောထားပါတယ်။
 
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ဖွင့်ထားတဲ့ Kings Rich fashion စက်ရုံဟာ ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်တဲ့ H&M ထုတ်ကုန်အထည်ကို အော်ဒါယူချုပ်နေကာ ဆယ်စုနှစ်တစ်ခုကြာ‌ အောင်အလုပ်သမားထောင်နဲ့ချီလည်ပတ်နေခဲ့တဲ့စက်ရုံလည်းဖြစ်ပါတယ်။
 
H&M က မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်နေတာကြောင့် လုပ်ငန်းအပ်နှံထုတ်လုပ်တာ ရပ်မယ်ဆိုပြီး ကြေညာထားတဲ့ ကမ္ဘာ့ထိပ်တန်း ကုန်အမှတ်တံဆိပ် ဖြစ်ပါတယ်။
 
ဆွီဒင်အခြေစိုက် ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်နဲ့ အဝတ်အထည်လုပ်ငန်းဖြစ်တဲ့ H&M က ဗြိတိန်လူ့အခွင့်အရေးအဖွဲ့ရဲ့ မြန်မာပြည်က လုပ်ငန်းခွင်တွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု ကြီးမားစွာဖြစ်ပေါ်နေတယ်ဆိုတဲ့ အစီရင်ခံစာ ထွက်လာခဲ့ပြီးနောက် သူတို့ရဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နေတာ ရပ်နားမယ်လို့ ၂၀၂၃ သြဂုတ်လမှာ ထုတ်ပြန်ခဲ့ပါတယ်။
 
H&M ရဲ့ စံနှုန်းနဲ့ ကိုက်ညီအောင် ထုတ်လုပ်ဖို့ စိန်ခေါ်မှုကြီးမားနေတာကြောင့် အလုပ်သမားအခွင့်အရေးကို အလေးထားတဲ့အနေနဲ့ မြန်မာနိုင်ငံကနေ သူတို့ရဲ့ထုတ်ကုန် အပ်နှံ ထုတ်လုပ်တာ ဖြည်းဖြည်းချင်း လျှော့ချကာ ရပ်နားဖို့ အသေချာစဥ်းစားပြီးမှ ဆုံးဖြတ်လိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
 
အဲဒီလိုကြေညာပြီး ၃ နှစ်အကြာမှာ H&M ဆီက အော်ဒါထပ်မရတော့တဲ့ Kings Rich fashion အထည်ချုပ်စက်ရုံလည်း ပိတ်သိမ်းဖို့ကြေညာလာခဲ့တာပါ။
 
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားလာတာကြောင့် H&M အပါအဝင် Inditex၊ Primark၊ Marks & Spencer စတဲ့ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်တွေကလည်း လုပ်ငန်းအပ်နှံတာ ရပ်ဆိုင်းကြောင်း ကြေညာခဲ့ကြပါတယ်။
 
အထည်ချုပ်စက်ရုံ တခုပိတ်သိမ်းတာဟာ ထောင်နဲ့ချီတဲ့အလုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေဆုံးရှုံးလာတာဖြစ်ရာ အဲ့ဒီ့အပေါ်မှာ နောက်ထပ်ရိုက်ခတ်မှုတွေထပ်ဖြစ်လာနိုင်တယ်လို့ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ‌တွေကပြောထားပါတယ်။
 
KINGSRICH (MYANMAR) FASHION LIMITED အထည်ချုပ်စက်ရုံဟာ မြန်မာနိုင်ငံကို ၂၀၁၆ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံမှ Wuhan Kingsrich Fashion Group ရဲ့ လက်အောက်ခံအထည်ချုပ်စက်ရုံတစ်ခုဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်။
 
အဆိုပါ တရုတ်ဖက်ရှင်လုပ်ငန်းစုဟာ တရုတ်နိုင်ငံမှာစက်ရုံခွဲ လေးခုရှိပြီး မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာ စက်ရုံခွဲဖွင့်လှစ်ကာ ထုတ်ကုန်တွေကို ဥရောပနဲ့ အမေရိကရှိ နိုင်ငံပေါင်း (၄၀) ကျော်ကို တင်ပို့ရောင်းချတယ်လို့ သိရပါတယ်။
 
လက်ရှိ မြန်မာနိုင်ငံရှိ Kingsrich (Myanmar) စက်ရုံဟာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်(၂)၊ ရေပြာလမ်းတွင် တည်ရှိပြီး Outdoor Sportswear/Lightweight Series အထည်တွေကို အဓိက ချုပ်လုပ်နေတယ်လို့ သိရပြီးအလုပ်သမားထောင်ချီဖြင့်လည်ပတ်နေတာဖြစ်ပါတယ်။
 
ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာလည်း စက်ရုံခေတ္တရပ်နားထားရတာတွေရှိခဲ့ပေမဲ့ အလုပ်သမားတွေအနေနဲ့ လုပ်ခလစာမရရှိခဲ့သလို ထောက်ပံ့မှုတွေလည်းမရခဲ့ပါဘူး။ ဒါ့အပြင် ဥပဒေမဲ့ အလုပ်ထုတ်တာကြောင့် အလုပ်ရှင်ကို တရားစွဲခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
 
Kingsrich (Myanmar) အထည်ချုပ်စက်ရုံမှာ ဥပဒေချိုးဖောက်ပြီး အချိန်ပိုကြေး အပြည့်အဝမပေးလို့ အလုပ်သမား (၁၉) ယောက်ရဲ့ တောင်းဆိုမှုတစ်ခုလည်းတစ်ခုရှိခဲ့ပါတယ်။
 
အဲဒီလို တောင်းဆိုလာတဲ့အလုပ်သမား (၁၉) ယောက်လုံးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် အလုပ်ထုတ်လိုက်တာကြောင့် အလုပ်ရှင်နဲ့အလုပ်သမားအကြား ပြဿနာကို ပိုမိုကြီးထွားစေခဲ့ပါတယ်။
 
စက်ရုံမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ အလုပ်သမား ၁၃၀၀ ကျော် အလုပ်ရပ်ပြီး လုပ်ခတိုးတောင်းပေမယ့် ပြေလည်မှုမရခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။
 
အဆိုပါစက်ရုံမှာပဲ ကျွမ်းကျင်ကြေးနဲ့ အာဝါဒီကြေးတွေပေးဖို့အတွက် အလုပ်သမားတွေက WCC နဲ့ စက်ရုံရဲ့ရုံးမှာတက်ညှိရာက ဦးဆောင်တယ်လို့ ယူဆရတဲ့အလုပ်သမားတွေ နောက်ကို အိမ်တွေအထိ လိုက်လံ စောင့်ကြည့်သလိုအထိ ရဲတွေ စရဖ တွေနဲ့လိုက်ခံရခြင်း၊ ညအိပ်ချိန်တွေ ဝင်ဖမ်းတဲ့ အထိ ပြုလုပ်ခံရတဲ့ အမှုတွေမှာ ပြေလည်ခဲ့တာမရှိဘူးလို့ သိရပါတယ်။

Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026