NEWS

အလုပ်သမားများ၏ ကိုယ်ပိုင်ဖုန်းများအား HENG RUN (MYANMAR) စက်ရုံသိမ်းဆည်း

CoverLogo
1.3K Views

အချိန်ပို နားရက်မရှိ ခိုင်းစေနေတာကို တိုင်းကြားလို့ဆိုပြီး အလုပ်သမားတွေရဲ့ လက်ကိုင်ဖုန်းတွေကို အလုပ်ချိန် အတွင်း HENG RUN (MYANMAR) စက်ရုံ HR အဖွဲ့က သိမ်းဆည်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါ တယ်။ 

 

ဒါ့အပြင် စက်ရုံအကြောင်းတိုင်ကြားသူတွေကိုလည်း စုံစမ်းတာတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။

 

“အချိန်ပို အလွန်အကျွံလုပ်ရတာကို တိုင်ခဲ့တဲ့ သူကို ရှာနေတယ်၊ ဘယ်သူဖြစ်နိုင်လဲ ဆိုပြီး လိုင်းစူပါတွေကို HR က လိုက် မေးကြတယ်၊ ဖုန်းတွေကို လည်း စက်ရုံအဝင်ဝကနေ သိမ်းနေတယ် ” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

 

အလုပ်သမားတွေရဲ့ ဖုန်းတွေကို သိမ်းဆည်းထားမယ်ဆိုပြီး ဇူလိုင် ၈ ရက်က စက်ရုံ အစည်းအဝေးမှာ ပြောကြား ခဲ့ပြီးနောက် လိုင်းစာရေးမတွေ၊ ရုံးခန်းက အကူ ဝန်ထမ်းတွေတွေက စက်ရုံအဝင်ကနေ ဒီကနေ့ ဇူလိုင် ၁၀ ရက် မနက်မှာတော့ ဖုန်းတွေကို သိမ်းဆည်း ခဲ့တာလို့ စက်ရုံအလုပ်သမားတဦးဖြစ်တဲ့ မမင်းမင်းသူ( အမည်လွှဲ) ကပြောပါတယ်။   

 

“ ဒီကနေ့စပြီး ဖုန်းတွေ သိမ်းတယ်၊ လိုင်းစာရေးမတွေက လိုင်းထဲက အလုပ်သမားတွေရဲ့ ဖုန်းတွေကို သိမ်းပြီး ရုံးခန်းပေါ်မှာ ထားတယ်။ ညနေတော့ ပြန်ရပါတယ်။ ကျွန်မတို့မှာ ကိုယ်ပိုင်အချိန်မှာတောင် လွတ်လွတ် လပ်လပ် မရှိတော့ဘူး။ အချိန်ပိုကလည်း ၂ လ ဆက်ကို ကြားထဲ ၂ ရက်ပဲ နားခဲ့ရတာ ၊ အလုပ်ကလည်း ပင်ပန်း၊ စိတ်လည်း ပင်ပန်းပါပဲ၊ ဘာမှကို စိတ်အပန်းဖြေဖို့တောင် မရှိဘူး ” လို့ မမင်းမင်းသူက ဆက်ပြောပါတယ်။ 

 

အလုပ်သမားတွေရဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းခဲ့ပေမဲ့ ရုံးခန်းအကူတွေ လိုင်းခေါင်းဆောင်တွေနဲ့ စာရေးမ တွေရဲ့ ဖုန်းတွေတော့ သိမ်းဆည်းတာမရှိဘူးလို့ ပြောပါတယ်။

 

HENG RUN (MYANMAR) စက်ရုံကတော့ ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်မှာ အထည်ချုပ် လုပ်ငန်းကို လုပ်သားအင်အား ၆၀၀ ဝန်းကျင်နဲ့ လုပ်ကိုင် နေတယ်လို့ သိရပါတယ်။

 

စက်ရုံဟာ တရုတ် နိုင်ငံသား ပိုင် စက်ရုံဖြစ်တယ်လို့ အလုပ်သမား တွေက ပြောပါတယ်။  

 

HENG RUN (MYANMAR) စက်ရုံမှာ ပြီးခဲ့ မေလနဲ့ ဇွန်လတွေက အချိန်ပို ရက်ဆက် ခေါ်ယူခဲ့ပြီး နားရက် ၂ ရက်ပဲ ရှိတယ်လို့ ပြောဆိုပါတယ်။  

 

အဲဒီ နှစ်လအတွင်း တနင်္လာနေ့ ကနေ သောကြာနေ့အထိကို ညနေ ၄ နာရီကနေ ၈ နာရီအထိ အချိန်ပို လုပ်ကိုင်ခဲ့ရပြီး ၊ စနေ၊ တနင်္ဂနွေ နဲ့ အများပြည်သူ ပိတ်ရက်တွေမှာလည်း မနက် ၇နာရီခွဲကနေ ည ၈ နာရီ လုပ်ကိုင်ခဲ့ရတယ်လို့ စက်ရုံ အလုပ်သမားတချို့က Myanmar Labour News ကို ပြောဆို ခဲ့တာ ဖြစ်ပါတယ်။ 

 

“၅လပိုင်း (မေလ) ထဲမှာ ၂ ရက်ပဲ နားခဲ့ရတယ်၊ ၆ လပိုင်းမှာ ဆို လုံးဝ နားရက်မရှိဘူး ။ အဲဒီနားရက်တွေမှာ တချို့ စက်လိုင်း တွေ အလုပ်ဆင်းခဲ့ရတာတွေ ရှိတယ်၊ ရက်ပျက်ရင် ဂရိတ်အဆင့် ချတယ်၊ ရက်မှန်ကြေး နှစ်သောင်း ဖြတ်တယ် ။ ဂရိတ်ကြေး အဆင့်ချတာရော၊ ရက်မှန်ကြေး ဖြတ်တာဆိုတော့ အလုပ်သမားအတွက် တလ ဝင်ငွေ တွေ အများကြီး နစ်နာနေတာ”လို့ ပြောကြားခဲ့ပါတယ်။

 

အချိန်ပို နာရီပေါင်းများစွာ ခိုင်းစေတာဟာ အဓမ္မခိုင်းစေတာဖြစ်ပြီး လုပ်ငန်းရှင်အတွက် အကျိုးအမြတ်တွေ ရရှိ နေတယ်လို့ လည်း အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောကြားထားပါတယ်။ 

 

အလုပ်သမားတဦးရဲ့ လက်ကိုင်ဖုန်းကို သိမ်းဆည်းတာဟာ အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

 

“ အလုပ်သမားတစ်ယောက်ရဲ့အခွင့်အရေး နဲ့ လူ့အခွင့်အရေးချိုးဖောက်တာ ဖြစ်ပါတယ်။ တခြား အခွင့်အရေး မပြောပါနဲ့ သူ့တို့မှာ အရေးပေါ်ကိစ္စတွေရှိရင် ဘယ်လို ဆက်သွယ်မလဲ ၊ ဘယ်ကို ဆက်သွယ် ရမလဲ ။ ဒါဆို သူတို့ သိမ်းတယ်ဆိုတဲ့ ဖုန်းတလုံးက အလုပ်သမားအတွက် အရေးကြီးတာကို သိနိုင်ပါတယ်” လို့ ပြောပါတယ်။

 

HENG RUN (MYANMAR) စက်ရုံ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေကို CCTV နဲ့ စောင့်ကြည့်ပြီး အော်ဟစ် ပြောဆိုတာတွေ ပြုလုပ်နေတဲ့အပြင် အပေါ့အပါးအတွက် အိမ်သာ အဝင်အထွက် အချိန် ရေးမှတ် နေတယ်လို့လည်း အလုပ်သမားတွေက ပြောပါ တယ်။ 

 

ဒါ့အပြင် အလုပ်သမားတချို့ကိုလည်း သန့်ရှင်းရေး ဝန်ထမ်းနဲ့ လုံခြုံရေးဝန်ထမ်းတွေကတဆင့် စောင့်ကြည့်တာ တွေပြုလုပ်နေ တယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026