NEWS

အလုပ်သမားတွေစိတ်ပိုင်းဆိုင်ရာ အကြမ်းဖက် ခိုင်းစေခံနေရ

CoverLogo
729 Views

ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၁ ကနောင် ၃ လမ်း အမှတ် ၂၇၈ မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် QIANSHI INDUSTRIAL GARMENT စက်ရုံမှာလည်း အလုပ်သမား ၅၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေပြီး လုပ်ငန်းခွင်အတွင်း အထည်ချုပ်လုပ်သားတွေကို စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကျူးလွန်နေလို့ အလုပ်လုပ်ကိုင်ရတာ စိတ်ဆင်းရဲမှုများနေ့စဉ်ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အဲ့ဒီစက်ရုံလုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂရော အလုပ်သမားရေးရာအငြင်းပွားမှုညှိနှိုင်းရေးကော်မတီ လည်းဖွဲ့စည်းထားတာမရှိဘဲ အခက်အခဲ တစုံတရာဖြစ်ပွားပါက အလုပ်သမားကသာ အလုပ်ထွက်လိုက်ရတဲ့နည်းနဲ့ ဖြေရှင်းနေရတဲ့ ပုံစံမျိုးဖြစ်ပေါ်နေတာလို့ ဆိုပါတယ်။

စက်ရုံမှာ နိုင်ငံတကာ ကုန်အမှတ်တံဆိပ် XSIDE, lupilu, PARKSIDE ဂျာကင်အထည်တွေချုပ်လုပ်နေရတာဖြစ်ပါတယ်။

အလုပ်ချိန်က နံနက် ၈ နာရီကနေ ညနေ ၆ နာရီ ၃၀ ထိ မှာ အချိန်ပို ၂ နာရီပါဝင်ပြီး ထမင်းစားချိန်ကိုတော့ ၁၁ နာရီ ၁၅ မိနစ်၊ ၁၁ နာရီ ၄၅ မိနစ် နဲ့ ၁၂ နာရီ ၁၅ မိနစ်ဆိုပြီး ၃ ကြိမ်ခွဲပေးထားပေမဲ့ ထမင်းစားဆောင်က အလုပ်သမားဦးရေနဲ့ လောက်ငှမှုမရှိသလို သန့်ရှင်းမှုတွေရှိမနေဘဲ ကြုံသလို ဖြတ်သန်းနေရတာလို့ အလုပ်သမားကပြောပါတယ်။

အခြေခံအလုပ်သမားတွေအတွက် လုပ်ခလစာပေးချေမှုနှုန်းကတော့ ဒေးကြေး ၅၈၀၀ ကျပ် အချိန်ပိုကြေး တစ်နာရီ ၁၄၀၀ ကျပ် ရက်မှန်ကြေး တစ်လလျင် ၁၀၀၀၀ ကျပ် နဲ့တွက်ချက်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်အတွင်းသောက်သုံးရေကို  သန့်ရှင်းသောသောက်ရေကို စီမံပေးရမဲ့အစား အနံ့နံနေတဲ့ အဝီစိရေကို သောက်သုံးရတာ ရေမလာပါက အခြားစက်ရုံမှရေကို သန့်ရှင်းမှုမရှိတဲ့ ရေပုံးတွေနဲ့ သွားရောက်ခပ်ယူပေးတာကြောင့် သောက်ရေအတွက် မိမိဘာသာ အိမ်က သယ်လာရတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေ အသုံးပြုဖို့ ရေအိမ်တွေ သန့်ရှင်းမှုမရှိတာ ဆေးပေးခန်းမရှိတာ တွေကြောင့် လည်း အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုမရှိဘူးဆိုတာ ပြသနေတယ်လို့ အလုပ်သမားကပြောပါတယ်။

"အဆိုးဆုံးက တော့ အောစူပါတွေ စူပါတွေက နေ့တဓူဝ ဆဲဆိုနေတဲ့ ကိစ္စပါပဲ ရိုင်းရိုင်းစိုင်းစိုင်းကို ဆဲတာပါ အထည်စံချိန်ကိုလည်း အလုပ်သမားတွေချုပ်နိုင်တာထက်ပိုတောင်းထားလို့ မရရင် ဖိအားပေးပြီးခိုင်းတယ် ဆဲဆိုတာတွေ ကိုယ်ထိလက်ရောက်လုပ်တာ ခေါင်းခေါက်တာ လက်တွေ ဖြတ်ရိုက်တာ မကြားဝံ့မနာသာတွေ စုံလို့ပါပဲ မန်နေဂျာကအစ တော်တော်ဆိုးဆိုးဝါးဝါး အလုပ်သမားတွေအပေါ်ကိုယ်ထိလက်ရောက်လုပ်တာတွေရှိတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

အဆိုပါ လုပ်ငန်းခွင်မှာ HR ( human resource manangement dept) ဝန်ထမ်း ၂ ယောက်ရှိပြီး ယင်းတို့ ကိုယ်တိုင် ဆဲဆိုနေတာကိုပင် အရေးယူတာမရှိဘူးလို့ ဆိုပါတယ်။

"စက်ရုံက အလုပ်လာလျှောက်တဲ့ အလုပ်သမားကို တခါတည်း နေ့စားမဟုတ်ဘဲ အမြဲတမ်းဝန်ထမ်းတန်းခန့်ပေးပါတယ် ဒါပေမဲ့ အလုပ်လုပ်တာ ၁ ရက်ကနေ ၁၀ ရက်အထိ လုပ်တယ် သည်းမခံနိုင်တဲ့အဆုံး အလုပ်ထွက်ရင် အလုပ်ဆင်းခဲ့ရတဲ့ ၁၀ ရက်စာကို မပေးပါဘူး တစ်လပြည့်အောင် မဆင်းရင် လုပ်ခမပေးဘူးဆိုတာကို အလုပ်စဝင်ကတည်းက လိုင်းစာရေးမတွေကို ပြောခိုင်းတယ် မပြောတဲ့စာရေးမဆိုရင် လစာဖြတ်ခံရတယ်"လို့  အခြေအနေတွေကို တွေ့မြင်နေရတဲ့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမား ဥပဒေပါ ခံစားခွင့်တွေဖြစ်တဲ့ ဆေးခွင့် ရှောင်တခင်ခွင့် တွေမရရှိဘဲ လုပ်သက်ခွင့် ၁၀ ရက်ကို ဒေးကြေးဖြင့် တွက်ချက်ခံစားခွင့်ပေးပေမယ့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် အီးစီချုပ်ဆိုခြင်းမရှိဘူးလို့ ဆိုပါတယ်။

"အလုပ်သမားအခွင့်အရေးကတော့ တော်တော်များများကို ချိုးဖောက်ခံရတယ် ကိုယ်ထိလက်ရောက် အကြမ်းဖက်တာရှိသလို စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ လုပ်နေတဲ့စက်ရုံပါ နိုင်ငံရေးအခြေအနေအရ စားဝတ်နေရေးအတွက် ကျူးလွန်ခံနေရတာကို ပြည်လည်တုန့်ပြန်ဖို့ အခွင့်အရေးတွေ တောင်းဆိုဖို့ဆိုတာ ခက်ခဲလွန်းတယ် မကျေနပ်ရင် အလုပ်ထွက်သွားဖို့ပဲ ရှိတယ်"လို့ အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အလုပ်သမားကပြောဆိုပါတယ်။
 
အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း ထမင်းစားခုံများ လုံလောက်စွာ သန့်ရှင်းစွာ စီစဉ်ပေးရန် သောက်သုံးရေကို သန့်ရှင်းသောရေသန့် စီမံပေးရန် အိမ်သာများကို သန့်ရှင်းစွာ စီမံပေးရန် အလုပ်သမား ၅၀၀ ကျော်အတွက် ဆေးပေးခန်း နှင့် ဆရာဝန်ထားရှိပေးရန် မန်နေဂျာနှင့် အောစူပါ စူပါများမှ ကိုယ်ထိလက်ရောက် ပြုမူတာ ကြမ်းတမ်းစွာ ဆဲဆိုတာတွေ မပြုလုပ်ရန် ပြုလုပ်သူများအားအရေးယူဆောင်ရွက်ပေးရန် လုပ်ငန်းခွင်အတွင်း ဆေးခွင့် ရှောင်တခင်ခွင့်များခံစားခွင့်ပြုရန် ၁၀ ရက်စာ အထိအလုပ်လုပ်ကိုင်ခဲ့သူများကို လုပ်ခမရှင်းပေးခြင်းမပြုလုပ်ရန်  နှင့် စက်ရုံမှ အလုပ်သမားဥပဒေနှင့်မညီဘဲ ဆောင်ရွက်နေသည်များကို အရေးယူပေးရန် လုပ်ငန်းခွင်အတွင်းက အလုပ်သမားအခွင့်အရေး လူ့အခွင့်အရေး ချိုးဖောက်နေမှုများ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုများ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများပြုလုပ်လျက်ရှိသည်ကို အရေးယူပေးရန် စတဲ့အချက်တွေဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026