NEWS

အလုပ်သမားတွေ အသားဟင်းစားနိုင်တဲ့နေ့ ရှားပါးလာ

CoverLogo
1.1K Views

အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလုပ်ခ လစာ ဟာ ကျပ် ၄၈၀၀ သာရှိလို့ အသား၊ ငါး၊ သစ်သီး၀လံနဲ့ ဟင်းရွက်အချို့ဟာ အခြေခံအလုပ်သမားတွေလက်လှမ်းမီတာထက် ကျော်လွန်တဲ့ အခြေအနေမှာရောက်ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့တစ်နေ့လုပ်ခလစာ ၄၈၀၀ ကျပ်ဟာ  အခြေခံအလုပ်သမားများအတွက် ဆီနဲ့ဆန်ကိုသာ၀ယ်ယူနိုင်ပြီး အခြားလူသုံးကုန်ပစ္စည်း၀ယ်ဖို့နဲ့ အသားဟင်းစားနိုင်ဖို့က အင်မတန်ခက်ခဲနေတဲ့ ကုန်စျေးနှုန်းတွေဖြစ်နေတယ်လို့ အခြေခံအလုပ်သမားများထံမှ သိရပါတယ်။

“ ဆန်တွေဆီတွေ၀ယ်တဲ့အခါ အသားငါးဆိုတာမပါဘူး အခြားလူသုံးကုန်ပစ္စည်းတွေဆိုတာလည်း ရှိနေပါသေးတယ်။ အမျိုးသမီးနေ့စဉ်သုံးပစ္စည်း She တစ်ထုပ်ကိုအရင်က ၈၀၀ ၊ ၉၀၀ ခုဆိုရင် ၁၅၀၀ ဖြစ်လာတယ်။ ကျွန်မတို့အခြေခံအလုပ်သမားတွေအနေနဲ့က အရေးပါတဲ့ကုန်ပစ္စည်းလောက်ပဲ အခြားအလှကုန်ပစ္စည်းတွေဆိုတာ လုံး၀မသုံးနိုင်တဲ့အနေအထားကိုရောက်လာတယ်။ ကုန်စျေးနှုန်းနဲ့က ကိုယ့်အတွက်အလှအပမ၀ယ်နိုင်ဘူး။ ကိုယ်စားသုံးနေရတဲ့ဟင်းတောင်မှ  တစ်ပတ်ကိုတစ်ကြိမ်လောက်စား နိုင်ဖို့တောင် မနည်းရုန်းနေရတယ်။မိသားစုရှိတဲ့အလုပ်သမားတွေဆိုရင် တစ်ကယ်ဆိုးပါတယ်။ အသားဟင်းစားရတဲ့နေ့ဆိုတာ  ကိုယ့်မိသားစုအတွက် ပျော်ရတဲ့နေ့လိုကိုဖြစ်နေပါတယ်” လို့ ရွှေပြည်သာက အမျိုးသမီး အထည်ချုပ်အလုပ်သမားတစ်ဦးက ဆိုပါတယ်။  

အခြေခံအလုပ်သမားများအတွက် နေ့စဉ်၀ယ်ယူနေရတဲ့  ကုန်စျေးနှုန်းတွေအရ  စားအုန်းဆီစျေးဆိုရင်တစ်ပိသာကိုကျပ် ၇၀၀၀ ကျော်ကနေ ၈၀၀၀ကြားကိုပေး၀ယ်နေရတာဖြစ်ပြီး   ပဲဆီသုံးဖို့မစဉ်းစားရဲသလို အခြေခံအလုပ်သမားများ ၀ယ်ယူစားသောက်နိုင်တဲ့ ဆန်တစ်ပြည် ၂၂၀၀နဲ့  ၂၃၀၀ ဆိုတဲ့ဆန်ဟာ  လက်ရှိမှာဆန်ကွဲစျေးသာဖြစ်နေပြီး စားသုံးနေကျဆန်တွေကတော့  တစ်ပြည်လျှင် ၃၅၀၀အထိဖြစ်လာတာကြောင့် အခြေခံအလုပ်သမားတစ်ယောက်ရဲ့ လုပ်ခလစာကဆန်နဲ့ဆီဖိုးသာရရှိပြီး အခြားကုန်ပစ္စည်းနဲ့အသား၀ယ်ယူနိုင်ဖို့အတွက် တစ်ပတ်လျှင်တစ်ကြိမ်အသားဟင်းစားနိုင်ဖို့ကိုပင် အင်မတန်ခက်ခဲနေရတယ်လို့ ဆိုပါတယ်။

“ဆန်ဆိုရင်အရင်တုန်းကညီမတို့စားနိုင်တဲ့အနေအထားက ၂၂၀၀ ၂၃၀၀ပဲရှိတယ်။ ခုဆိုရင် အဲ့ဒီ၂၂၀၀ ၂၃၀၀ဆန်က ၃၅၀၀ထဲရှိနေပြီ။ ခုဆိုရင်ဆန်တစ်ပြည်နဲ့ဆီနဲ့တင်ပဲ အခြားအိမ်လခတောင်မပါနိုင်ဘူး။ မပေးနိုင်တဲ့အနေအထားဖြစ်တယ်။ အရင်ကအိမ်လခကတစ်ခန်းကို ငါးသောင်းခုဆိုရင်ခုနှစ်သောင်းဖြစ်လာတယ်။”လို့  စက်မှုဇုန် အလုပ်သမားတစ်ဦးကဆိုပါတယ်။  

အလုပ်သမားအများစု၀ယ်ယူနေရတဲ့  ကုန်စျေးနှုန်းတွေဟာ ဆန်တစ်ပြည်လျှင် ကျပ် ၃၀၀၀မှ၃၅၀၀၊ ဆီတစ်ပိဿာလျှင် ကျပ်၇၆၀၀မှ၈၀၀၀အထိ၊ အမျိုးသမီးလစဉ်သုံး ကျပ်၁၀၀၀မှ၁၅၀၀၊ မျှစ်အနည်းဆုံး ၁၀၀၀၊ ကြက်ဥတစ်လုံးလျှင် ကျပ်၂၅၀မှ၃၅၀၊ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၃၀၀၊ ကန်စွန်းရွက်တစ်စီးလျှင် ကျပ်၃၀၀မှ၅၀၀၊ ပဲပင်ပေါက်တစ်ပိဿာ ကျပ်၂၀၀၀၊ ပဲပြား တစ်တွဲ ၅၀၀၊ အာလူး တစ်ပိသာကျပ်၃၀၀၀ ၀န်းကျင်နဲ့ ခရမ်းသီးတစ်လုံး ၂၀၀ ကျပ်စသည်ဖြင့် အမြင့်စျေးနှုန်းတွေသာရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြားသောကုန်စျေးနှုန်းတွေများအရ ဒီကနေ့မတ်လ၂၄ရက်နေ့ရဲ့ ပြည်တွင်းကစက်သုံးဆီစျေးနှုန်းတွေကတော့ အောက်တိန်း၉၂တစ်လီတာလျှင် ၂၁၀၀ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျှင် ၂၁၉၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၁၀၀ကျပ်နဲ့ ပရီမီယမ်တစ်လီတာလျှင် ၂၁၈၀ကျပ်ဖြစ်လို့ ရန်ကုန်တိုင်းစက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးကြီးကြပ်ရေးကော်မတီရဲ့ မတ်လ၂၄ရက်နေ့ထုတ်ပြန်ချက်အရ   ယခင်ရက်များထက်ဆက်လက်မြင့်တက်လာပါတယ်။

ဒါ့အပြင် မတ်လ၂၄ရက်နေရဲ့ ကမ္ဘာ့ရွှေစျေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၁၉၉၃သို့  ဆက်လက်မြင့်တက်လာခဲ့တာဖြစ်ပြီး  ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၂၉၄၈၀၀၀ ဖြစ်ပြီး  ၁၅ပဲရည်ရွှေတစ်ကျပ်သားလျှင် ၂၇၇၄၅၈၈ ကျပ်ဖြစ်လို့ မတ်၂၄ရက်နေ့ရဲ့ ပြင်ပပေါက်စျေးနှုန်းဟာ ဆက်လက်မြင့်တက်လာဆဲဖြစ်ပါတယ်။  

စစ်ကောင်စီလက်အောက်ခံ  ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEAရဲ့ ရည်ညွှန်းရွှေစျေးနှုန်းတွေဟာ  ကျပ်၂၃၄၃၃၀၀ အထိဖြစ်လို့  ၁၅ပဲရည်စျေးနှုန်းဟာဆိုရင် ကျပ်၂၂၀၅၄၅၈ဖြစ်လာတာကြောင့်  မတ်၂၄ရက်နေ့  ရွှေအသင်းရဲ့သတ်မှတ်ရည်ညွှန်းစျေးဟာလည်း ဆက်လက်မြင့်တက်လာဆဲဖြစ်တယ်လို့ YGEAရဲ့ သတ်မှတ်နှုန်းထားဖော်ပြချက်အရ  သိရပါတယ်။  

နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ မတ်လ၂၄ရက်နေ့ရဲ့ပြင်ပပေါက်စျေးကတော့ တစ်ဒေါ်လာလျှင်ကျပ် ၂၈၆၅ကျပ်ကနေ၂၈၈၀ကျပ်အထိ ပေါက်စျေးရှိခဲ့တာဖြစ်ပါတယ်။

ပြင်ပပေါက်စျေးထိုင်းဘတ်ငွေတစ်ဘတ်လျှင် မြန်မာငွေ ၈၃ကျပ်နဲ့၈၄ကျပ်ပေါက်စျေးရှိနေတယ်လို့ ပြင်ပစျေးကွက်တွေအရ စုံစမ်းသိရှိရပါတယ်။  

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ  စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ် ရေးကော်မတီရဲ့မတ်လ၂၁ရက်မှမတ်လ၂၇ရက်နေ့အထိ တစ်ပိဿာလျှင် ၄၅၇၀ကျပ်သတ်မှတ်ထားတာဖြစ်ပြီး ပြင်ပပေါက်စျေးနှုန်းတွေကတော့ ယခင်ရက်များတိုင်း ဆက်လက်တည်ရှိနေပါတယ်။  

အခြေခံဟင်းသီးဟင်းရွက်စျေးနှုန်းတွေထဲမှာတော့ ခရမ်းချဉ်းတစ်ပိဿာလျှင် ကျပ်သုံးထောင်ကျော်အထိဖြစ်လာပြီး ပန်းဂေါ်ဖီတစ်ပွင့်(အလတ်)လျှင်ကျပ်၁၅၀၀အထိဖြစ်နေပြီး ငြုပ်သီးစိမ်းအနည်းဆုံးကျပ်၅၀၀ဖိုးသာပေး၀ယ်နေရတယ်လို့ သိရပြီး ငါးစျေးနှုန်းတွေကတော့  မည်သည့်ငါးမဆိုအနည်းဆုံးကျပ်သုံးထောင်ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလိုရနေတာကြောင့် ကြက်သားအသားကောင်းပုံမှန်စျေးကျပ် တစ်သောင်း၊  အမဲသားတစ်ပိဿာ ကျပ် ၁၅၀၀၀၊ ၀က်သား တစ်ပိဿာကျပ် ၁၇၀၀၀ ဖြစ်တယ်လို့ သိရပါတယ်။

#ယွန်းဆက်-စုစည်း

ဓါတ်ပုံ- လှိုင်သာယာမြို့ မီးကွက်ဈေး မြင်ကွင်း။

#MyanmarLabourNews
 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026